Alum (ကျောက်ချဉ်)

၂၅ ဇူလိုင်


ကျောက်ချဉ် (alum) ဆိုတဲ့ အသံကိုကြားလိုက်မယ်ဆိုရင် မုတ်ဆိတ်ရိတ်တဲ့နေရာမှာသုံးတာလို့ပဲ အများစုကမြင်ပါလိမ့်မယ်။ ဒါပေမယ့် ကျောက်ချဉ်ကိုအသုံးပြုလို့ရတဲ့ အခြားအကြောင်းအရင်းတွေ အများအပြားရှိပါတယ်။ ကျောက်ချဉ်ဆိုတဲ့နေရာမှာလည်း  ကျောက်ချဉ်အမျိုးအစားတွေက အမျိုးမျိုးရှိပြီး အိမ်တွင်းသုံးနည်းလမ်းတွေမှာ အသုံးပြုလို့ရတဲ့ ကျောက်ချဉ်က ပိုတက်ဆီယမ် ကျောက်ချဉ်တစ်မျိုးတည်းသာဖြစ်ပါတယ်။ ကျောက်ချဉ်ကို ကမ္ဘာတလွှားမှာ ရေသန့်စင်ရာမှာနဲ့ အမျိုးသားတွေ မုတ်ဆိတ်ရိတ်တဲ့နေရာမှာ အများဆုံးအသုံးပြုလေ့ရှိပါတယ်။  ကျောက်ချဉ်ကို ခံတွင်းအနာတွေ။ ဖနောင့်ကွဲတာတွေကို သက်သာစေဖို့အသုံးပြုသလို ခံတွင်းနံ့ကောင်းစေဖို့လည်း အသုံးပြုနိုင်ပါတယ်။ ကျောက်ချဉ်က ဈေးသက်သာသလို ရောဂါတော်တော်များများအတွက် အိမ်တွင်းကုထုံးအဖြစ်လည်း အသုံးပြုပါတယ်။


ကျောက်ချဉ်က ဆေးဖက်ဝင်သလို ကျန်းမာရေးကိုအထောက်အကူပြုပေမယ့်လို့လည်း ကိုယ်တွင်းဝေဒနာတွေအတွက် ကျောက်ချဉ်ကိုစားသုံးတဲ့အခါ အတိုင်းအဆက ခန္ဓာကိုယ်အတွက် သင့်တင့်မျှတတဲ့ ပမာဏဖြစ်ဖို့လိုအပ်ပါတယ်။ ကျောက်ချဉ်ကို အများအပြားစားသုံးမယ်ဆိုရင် ဘေးထွက်ဆိုးကျိုးတွေရှိလာနိုင်ပါတယ်။ ဒါကြောင့် ကျောက်ချဉ်ကို ကျန်းမာရေးနဲ့ညီညွတ်အောင် ဘယ်လိုအသုံးပြုရမလဲဆိုတာနဲ့ ကျောက်ချဉ်ရဲ့ ကျန်းမာရေးအကျိုးကျေးဇူးတွေကိုဖော်ပြပေးလိုက်ပါတယ်။


ကျောက်ချဉ်ကနေ ရရှိနိုင်တဲ့ကျန်းမာရေးအကျိုးကျေးဇူးနဲ့ အသုံးဝင်ပုံများ


(၁)ခံတွင်းအနာတွေကို သက်သာစေခြင်း


ပါးစပ်ထဲမှာအနာဖြစ်နေမယ်ဆိုရင် ကျောက်ချဉ်အနည်းငယ်ကိုယူ၊ အမှုန့်ကြိတ်ပြီး ခံတွင်းအနာပေါ်မှာ ဖိသိပ်ပေးပါ။ နည်းနည်းတော့ စပ်ဖျဉ်းဖျဉ်းနိုင်တယ်ဆိုပေမယ့် နောက်တစ်ရက်မှာ သက်သာသွားပါလိမ့်မယ်။ ကလေးငယ်လေးတွေမှာတော့ ထိုကဲ့သို့မလုပ်ဆောင်သင့်ပါဘူး။ ကျောက်ချဉ်မှုန်ပမာဏများလွန်းသွားရင် ကလေးတွေမှာ အနာဖြစ်စေနိုင်တာကြောင့်ဖြစ်ပါတယ်။ ဆားအနည်းငယ်နဲ့ ကျောက်ချဉ်အနည်းငယ်ကိုရောပြီး ရေနွေးနဲ့ဖျော်စပ်ထားတဲ့ ခံတွင်းဆေးရည်နဲ့ အာလုပ်ကျင်းပေးပါ။ တစ်နေ့ကို ၂ ကြိမ်ကနေ ၃ ကြိမ်လုပ်ပေးနိုင်ပါတယ်။ ကျောက်ချဉ်မှုန့်ထည့်ထားတဲ့ခံတွင်းဆေးရည်ကို မျိုမချမိအောင် သတိထားပါ။ 


(၂) မျက်စိပြည်တည်နာ (eye abscess) ကိုသက်သာစေခြင်း


ကျောက်ချဉ်က မျက်စိပြည်တည်နာအတွက်လည်း ကောင်းတယ်လို့ဆိုပါတယ်။ ကျောက်ချဉ်ကို စန္ဒကူးအနှစ်နဲ့ရောစပ်ပြီး အသုံးပြုလို့ရပါတယ်။ ကျောက်ချဉ်ကိုနှစ်ချီပြီး ထားလို့ရပါတယ်။ 


(၃) ခြေဖနောင့်ကွဲတာတွေကို သက်သာစေခြင်း


ကျောက်ချဉ်မှုန့်က ခြေဖနောင့်ကွဲတာကို ကုသရာမှာလည်း အသုံးဝင်ပါတယ်။ ကျောက်ချဉ်ကို အပူပေး အအေးခံပြီးတဲ့နောက်မှာ အမှုန့်ကြိတ်ပြီး အုန်းဆီနဲ့ရောစပ်ပြီးလိမ်းပေးလို့ရပါတယ်။ 


(၄) မုတ်ဆိတ်ရိတ်တာအတွက် အသုံးပြုနိုင်ခြင်း


ကျောက်ချဉ်အရည်ကို မုတ်ဆိတ်ရိတ်ပြီးတဲ့အခါ လိမ်းလေ့ရှိပါတယ်။ ပထမဆုံးတစ်ကြိမ်မှာတော့ ဘာမှသိပ်သိသာမှာမဟုတ်ပေမယ့် ဆက်တိုက်အသုံးပြုမယ်ဆိုရင်တော့ အသားအရေအတွက် အကျိုးထူးတာကိုတွေ့ရှိရမှာဖြစ်ပါတယ်။ 


(၅) ရေသန့်စင်အောင်လုပ်ဆောင်ပေးနိုင်ခြင်း


ကျောက်ချဉ်က ရေကိုသန့်စင်ပေးနိုင်တဲ့ အစွမ်းသတ္တိရှိပါတယ်။ ရွှံ့ရည်တွေကို သန့်စင်စေပါတယ်။ ကျောက်ချဉ်က ရေထဲမှာပါတဲ့ အနယ်အနှစ်တွေကို စစ်ထုတ်အနည်ထိုင်စေနိုင်တဲ့အစွမ်းရှိပါတယ်။ 


(၆) ချွေးနံ့ပျောက်ဆေးအဖြစ် အသုံးပြုနိုင်ခြင်း


ကျောက်ချဉ်မျာ အနံ့ဆိုးတွေကိုတိုက်ဖျက်နိုင်ပြီး ဘက်တီးရီးယားတွေကို သေစေနိုင်တဲ့အစွမ်းသတ္တိရှိတာကြောင့် ချွေးနံ့ပျောက်ဆေးအနေနဲ့လည်း အသုံးပြုနိုင်ပါတယ်။ နေ့စဉ်အသုံးပြုပေးဖို့တော့လိုအပ်ပါတယ်။ 


(၇) အမွှေးကျွတ်ဆေး(hair removal)အဖြစ် အသုံးပြုနိုင်ခြင်း


ကျောက်ချဉ်ကိုအမျိုးသမီးတွေမှာ ခန္ဓာကိုယ်မှာပေါက်တတ်တဲ့ မလိုလားအပ်တဲ့ အမွှေးအမျှင်တွေကို ဖယ်ရှားဖို့လည်း အသုံးပြုလို့ရပါတယ်။ 


(၈) အရေးအကြောင်းတွေကို သက်သာစေခြင်း


ကျောက်ချဉ်က အရေပြားကိုတင်းရင်းစေနိုင်တာကြောင့် မျက်နှာနဲ့ လည်ပင်းတဝိုက်မှာဖြစ်တဲ့ အရေးအကြောင်းတွေကို လျော့ပါးသက်သာစေဖို့အတွက်လည်း အသုံးပြုနိုင်ပါတယ်။ မျက်နှာအတွက် အစိုဓာတ်ထိန်းပေးတဲ့လိမ်းစရာအနေနဲ့လည်း အသုံးပြုလို့ရပါတယ်။ 


(၉) ဝက်ခြံတွေကို သက်သာစေခြင်း


ကျောက်ချဉ်ကို ကြက်ဥအကာနဲ့ရောစပ်ပြီး ဝက်ခြံတွေအတွက် အသုံးပြုလို့လည်းရပါတယ်။  ကျောက်ချဉ်က ဝက်ခြံတွေအတွက်လည်း အရမ်းကောင်းပါတယ်။ 


(၁၀)သန်းကင်းစေနိုင်ခြင်း


ဆံပင်မှာသန်းတွယ်နေရင်လည်း ကျောက်ချဉ်ကို အသုံးပြုပြီး သန်းကင်းအောင်လုပ်ဆောင်လို့ရပါတယ်။ ကျောက်ချဉ်၊ လက်ဖက်ဆီနဲ့ရေတို့ကို ရောစပ်ပြီး သန်းကင်းဆေးအဖြစ် အသုံးပြုလို့ရပါတယ်။ 


(၁၁) ခံတွင်းသန့်စင်ဆေးအဖြစ် အသုံးပြုနိုင်ခြင်း


ခံတွင်းထဲမှာ ဘက်တီးရီးယားတွေပေါက်ဖွားတာက ခံတွင်းနံ့ဆိုးရစေတဲ့ အဓိကအကြောင်းအရင်း တစ်ရပ်ဖြစ်ပါတယ်။ အဆိပ်အတောက်ဖြစ်စေတဲ့အရာတွေနဲ့ အက်ဆစ်တွေကြောင့်လည်း ခံတွင်းနံ့ဆိုးတာမျိုးရှိပါတယ်။  ခံတွင်းကို ကျောက်ချဉ်ရည်နဲ့ ဆေးကြောပေးတာက ဘက်တီးရီးယားတွေ ပေါက်ဖွားတာကို ကာကွယ်ပေးနိုင်ပါတယ်။ 


(၁၂) ကြွက်တက်တာကိုသက်သာစေခြင်း


ကျောက်ချဉ်က ကြွက်တက်တာကို သက်သာစေတဲ့ သဘာဝဆေးတစ်မျိုးဖြစ်ပါတယ်။ ကျောက်ချဉ်မှာသွေးကြဲစေတဲ့ အစွမ်းသတ္တိက ကြွက်တက်တာကို သက်သာစေတာဖြစ်ပါတယ်။ 


(၁၃) သွေးတိတ်စေခြင်း


သုတေသနအချို့အရ ကျောက်ချဉ်က ပြတ်ရှဒဏ်ရာတွေကို သွေးတိတ်စေနိုင်တဲ့ အစွမ်းလည်းရှိတယ်၊ လို့ဆိုပါတယ်။ ကျောက်ချဉ်အမှုန်လးတွေကို အနာပေါ်မှာ ဖြန်းပေးမယ်ဆိုရင် သွေးတိတ်စေမှာဖြစ်ပါတယ်။ အနာကတအားနက်ပြီး သွေးမတိတ်ဘူးဆိုရင်တော့ ဆရာဝန်နဲ့သွားရောက်ပြသသင့်ပါတယ်။ 


(၁၄) အရွယ်မတိုင်ခင်အိုမင်းရင့်ရော်တာကို တားဆီးပေးနိုင်ခြင်း


ကျောက်ချဉ်မှုန့်မှာ အရွယ်မတိုင်ခင်အိုမင်းရင့်ရော်တာကို တိုက်ထုတ်ပေးနိုင်တဲ့ အစွမ်းသတ္တိရှိမှန်း လူတော်တော်များများက မသိကြပါဘူး။ ကျောက်ချဉ်မှုန့်က အရွယ်မတိုင်ခင်အိုမင်းရင့်ရော်တာကို တားဆီးပေးနိုင်သလို အရေပြားကိုချောမွေ့တောက်ပစေပါတယ်။ 


(၁၅) သားအိမ်ကိုကျစ်လစ်စေနိုင်ခြင်း


ကျောက်ချဉ်က သားအိမ်နံရံတွေကို ကျစ်လစ်သန်မာစေပါတယ်။ ရေရှည်အသုံးပြုဖို့တော့ မသင့်တော်ပါဘူး။ ရေရှည်အသုံးပြုမိမယ်ဆိုရင်တော့ သားအိမ်တစ်ရှူးတွေကို ခြောက်သွေ့ပျက်စီးစေမှာဖြစ်ပါတယ်။ 


(၁၆) ဆားဝက်ခြံတွေကို သက်သာစေခြင်း


ကျောက်ချဉ်မှုန့်ကို ရေ (သို့) rose water တို့နဲ့ရောစပ်ပြီး ဆားဝက်ခြံတွေပေါ်ကို လိမ်းပေးလို့ရပါတယ်။ အဆိုပါအရောကို မျက်နှာပေါင်းတင်လို့လည်းရပါတယ်။ 


(၁၇) ချိုင်းမဲတာကိုသက်သာစေနိုင်ခြင်း


ချွေးနံ့ပျောက်ဆေးကို အချိန်အတော်ကြာသုံးစွဲလာမှုကြောင့် ချိုင်းမဲတာတွေကို ကျောက်ချဉ်သုံးပြီး သက်သာအောင်လုပ်လို့ရပါတယ်။ နေ့စဉ်တော့အသုံးမပြုသင့်ပါဘူး။ 


(၁၈) မျက်ကွင်းညိုတာကိုသက်သာစေခြင်း


ကျောက်ချဉ်ကို မျက်ကွင်းညိုတာအတွက်လည်း အသုံးပြုလို့ရပါတယ်။ ကျောက်ချဉ်မှုန့်ကို ရေနဲ့ရောပြီး မျက်ကွင်းညိုတဲ့နေရာတွေမှာ အသုံးပြုပေးလို့ရပါတယ် ။ သတိထားအသုံးပြုဖို့တော့လိုအပ်ပါတယ်။ 


(၁၉) သဲဝဲစားတာကိုသက်သာစေခြင်း


ကျောက်ချဉ်ကိုသဲဝဲစားတာအတွက်လည်း အသုံးပြုနိုင်ပါတယ်။ ကျောက်ချဉ်မှုန့် လက်ဖက်ရည်ဇွန်း ၂ ဇွန်း (သို့) ၃ ဇွန်းကို ရေနွေးထဲထည့်ပြီး ခြေထောက်စိမ်ပေးလို့ရပါတယ်။ အနည်းဆုံး မိနစ် ၂၀ စိမ်ထားပေးရမှာဖြစ်ပါတယ်။ 


(၂၀) ဗောက်ပျောက်စေနိုင်ခြင်း


ခေါင်းလျှော်တဲ့အခါ ကျောက်ချဉ်အနည်းငယ် ထည့်လျှော်ပေးမယ်ဆိုရင် ဗောက်တွေကို သက်သာစေပြီး ဦးရေပြားယားယံတာကို သက်သာစေမှာဖြစ်ပါတယ်။ အများကြီးမသုံးမိဖို့တော့ သတိပြုရမှာဖြစ်ပါတယ်။


ကျောက်ချဉ်ကို အလွန်အကျွံသုံးစွဲမယ်ဆိုရင်တော့ သတိလစ်တာနဲ့ အသက်ရှုလမ်းကြောင်းဆိုင်ရာ ဝေဒနာတွေခံစားရနိုင်ပါတယ်။


Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


ရေးသားသူ - Aye Thi Mon


ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ - Dr. Thurein Hlaing Win


“ယခုဆောင်းပါးကို Myanmar Digital News ၏ မိတ်ဘက်ဖြစ်သည့် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် Hello ဆရာဝန် www.hellosayarwon.com မှ ကူးယူဖော်ပြခြင်းဖြစ်ပါသည်။”