အမွေအနှစ်ထိန်းသိမ်းရေးမှသည် . . .

၂၅ မတ်

မြန်မာနိုင်ငံတွင် ယဉ်ကျေးမှုအမွေအနှစ်များစွာရှိ၏။ မြို့ကြီး၊ မြို့ငယ်မဟူကျေး လက်ဒေသမဟူ နိုင်ငံအဝန်းလုံး၌ ကြွယ်ကြွယ်ဝဝ ရှိ၏။ ယဉ်ကျေးမှုအမွေအနှစ်များအနေဖြင့်  ဆုပ်ကိုင်နိုင်သောထုနှင့်  ထည်နှင့်  ရှိသည့်ဒြပ်ရှိ   ယဉ်ကျေးမှုအမွေအနှစ်များသာမက   အစဉ်အလာယုံကြည်မှု၊ ထုံးတမ်းဓလေ့  စသည်တို့က  ဆင်းသက်လာသည့် ဒြပ်မဲ့ယဉ်ကျေးမှုများကလည်း များပြားစွာရှိနေပါ၏။

ပုဂံ၊  မြောက်ဦး၊  မန္တလေး၊  ရန်ကုန်၊  ကက္ကူ  အစရှိသည့်  ဒေသများရှိသာသနိကအဆောက်အအုံများ၊  လူမှုအသုံးပြုအဆောက်အအုံများကိုယဉ်ကျေးမှုအမွေအနှစ်များအဖြစ်   သိသိသာသာတွေ့မြင်ရမည်  ဖြစ်ပါသည်။

သာသနိကအဆောက်အအုံ၊    လူမှုအသုံးချအဆောက်အအုံများ  နည်းတူ  သမိုင်းဆိုင်ရာတန်ဖိုးမြင့်မားမှုကြောင့်  အမွေအနှစ်များအဖြစ်သတ်မှတ်ထားကြသည်များလည်း ရှိ၏။

သည်လို အမွေအနှစ်များတွင် သဘာဝတောတောင်ရေမြေ ရေကန်၊ သစ်ပင်သစ်တော အစရှိသည့် သဘာဝရင်းမြစ် အမွေအနှစ်များသည်လည်း  ပါဝင်ပါသည်။  မြန်မာနိုင်ငံ  တစ်နံတစ်လျားရှိ  ရေမြေအနေအထားနှင့်မြစ်ချောင်းအင်းအိုင်များ၊ ကန်ကြီးများ၊ သစ်ပင်သစ်တောများ စသည်ဖြင့်များစွာကြွယ်ဝပါ၏။

မြန်မာနိုင်ငံအတွင်းက များစွာသော အမွေအနှစ်များသည် ဒေသတွင်း   အမွေအနှစ်များအဖြစ်သာမက နိုင်ငံအနေဖြင့် တန်ဖိုးထားမြတ်နိုးရသည့်အမျိုးသားအမွေအနှစ်များအဖြစ်   မှတ်ယူစရာများ      ဖြစ်ပါသည်။ အမှန်တော့  အမျိုးသားအမွေအနှစ်များဟု ဆိုသော်လည်း  နိုင်ငံတကာ  ပြည်သူတို့ကပါ  တန်ဖိုးထားကြသည့်  ကမ္ဘာ့အမွေအနှစ်များသည်လည်း  များစွာ ရှိပါသည်။

တခြားတစ်နေရာ  မည်သို့သောနေရာမှာမျှ  မမြင်မတွေ့ရနိုင်သည့်သမိုင်းနှင့်ချီ  ခံ့ညားခဲ့သော  ထူပါစေတီ၊ ပုထိုးစေတီများ၊ ထည်ဝါလှသော ကျောင်းကြီးများ၊ ထင်ရှားကာ  မြတ်နိုးဖွယ်ကောင်းလှသော  မြို့မြင်ကွင်း များ၊ မြို့ပြလက္ခဏာများ၊ လှပချမ်းမြေ့ဖွယ်တို့ဖြင့် ထုံမွှမ်းသာယာနေသည့်သဘာဝပတ်ဝန်းကျင်များ    စသည်တို့က    မှန်မှန်ကန်ကန်    စနစ်တကျ  ထိန်းသိမ်းစောင့်ရှောက်မှုနှင့်  ခရီးသွားလုပ်ငန်းတို့၏  ချိန်ညှိနိုင်မှု  စီမံခန့်ခွဲနိုင်မှုတို့ကို နိုင်နိုင်နင်းနင်း  ဆောင်ရွက်နိုင်မည်ဆိုပါက  တိုင်းပြည်၏ စီးပွားရေးမြင့်တက်  တိုးတက်ရေးအတွက်    အရေးပါသောကဏ္ဍများ  ဖြစ်ပါသည်။

ထိုသို့သော အမွေအနှစ်နှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုတို့၏ မြင့်မားအရေးပါသည့် အခန်းကဏ္ဍကို ရောမ၊ ဗင်းနစ်၊ ပါရီ၊ ဘာစီလိုနာ၊ ကျိုတိုအစရှိသည့်  နိုင်ငံတကာက  ခရီးသွားလုပ်ငန်းများ၏  တိုင်းပြည်အတွက်ရှာဖွေပေးနေသော ဝင်ငွေစာရင်းကို အနည်းငယ်မျှ လေ့လာကြည့်ရုံဖြင့်သိနိုင်ပါမည်။

အချုပ်ကိုဆိုရလျှင်  မြန်မာနိုင်ငံမှာက  အမွေအနှစ်ရင်းမြစ်များက နေရာစုံမှာ  အများအပြားရှိ၏။   ယင်းတို့ကို ဥပဒေဖြင့်လည်းကောင်း၊ တတ်ကျွမ်းနားလည်သူတို့၏ အကြံဉာဏ်နှင့် အကူအညီတို့ဖြင့်လည်းကောင်း စနစ်တကျထိန်းသိမ်း စောင့်ရှောက်နိုင်ရန်လို၏

ယခုအခါ ယဉ်ကျေးမှုအမွေအနှစ်များ ထိန်းသိမ်းစောင့်ရှောက်ရေးကို    အမျိုးသားရေးအဆင့်  စီမံခန့်ခွဲနိုင်ရန်    ပြည်ထောင်စုသမ္မတ  မြန်မာနိုင်ငံတော်  ဒုတိယသမ္မတ  ဦးဟင်နရီ  ဗန်ထီးယူ  ဦးဆောင်ပြီး  သာသနာရေးနှင့်  ယဉ်ကျေးမှုဝန်ကြီးဌာနတို့  ဖွဲ့စည်းဆောင်ရွက်နေသည့်အစီအမံတစ်ခုအနေဖြင့်  မြန်မာနိုင်ငံ  အမျိုးသားယဉ်ကျေးမှု  ဗဟိုကော်မတီကို  ဖွဲ့စည်းထားပြီး ယဉ်ကျေးမှုအမွေအနှစ်များဆိုင်ရာ ဥပဒေများ၊ နည်းဥပဒေများ  ရေးဆွဲရေး၊ ထိုဥပဒေများအတိုင်း စိုးမိုးနိုင်ရေး၊ ယူနက်စကို၏ အကူအညီဖြင့် ကမ္ဘာ့အမွေအနှစ်များ သတ်မှတ်နိုင်ရေးတို့နှင့်အတူ  အထွေထွေသော အမွေအနှစ်  စောင့်ရှောက်ထိန်းသိမ်းရေးလုပ်ငန်းတို့ကို  ပြင်ဆင်စီမံနေသည်ကို  သိရ၏။  ယင်းသို့သော  အစီအမံများက  မြန်မာ့အမွေအနှစ်များ  ထိန်းသိမ်းစောင့်ရှောက်ရေး အနာဂတ်အတွက်မျှော်လင့်အားထားဖွယ်ဖြစ်လာနေပြီဟု ယူဆပါသည်။

အမွေအနှစ်ထိန်းသိမ်းရေးနှင့် ခရီးသွားလုပ်ငန်း တိုးတက်ဖွံ့ဖြိုးမှုချိန်ညှိရင်း စနစ်ကျနစွာ စီမံခန့်ခွဲမှုများကို အောင်မြင်အောင် ဆောင်ရွက်နိုင်မည်ဆိုပါက နိုင်ငံသူနိုင်ငံသားတို့၏ ထိန်းသိမ်းရမည့် အမွေအနှစ်များကိုစောင့်ရှောက်ခြင်းနှင့်အတူ တိုင်းပြည်တိုးတက်ဖွံ့ဖြိုးမှုအတွက်  များစွာအထောက်အပံ့ဖြစ်မည်ဟု ယုံကြည်ပါကြောင်း။  

မြန်မာ့အလင်း