အမေဇုန်သစ်တောအတွင်းမှ တိရစ္ဆာန် မျိုးစိတ် အသစ် ၁၂ မျိုးတွေ့ရှိ

ရီယိုဒီဂျေနရိုး ၂၇ ဇွန်

ဘရာဇီး သုတေသီများသည် အမေဇုန် တောနက်အတွင်းရှိ ဒေသပေါက်ပင်များနှင့် တိရစ္ဆာန် အမျိုးအစား ၂၀ဝ ကျော်၏ မျိုးစိတ်နမူနာ ၁၇၀ဝ ကျော်ကို စစ်တမ်းကောက်ယူ စုဆောင်းပြီး စူးစမ်းလေ့လာမှု ၂ ခု ပြုလုပ်ခဲ့ရာ တိရစ္ဆာန် မျိုးစိတ်အသစ် ၁၂ မျိုးကို ရှာဖွေ တွေ့ရှိခဲ့ကြကြောင်း သိရသည်။

အဆိုပါ မျိုးစိတ်အသစ် ၁၂ မျိုးတွင် ဇီးကွက်မျိုးစိတ် တစ်မျိုးအပါအဝင် ဖွတ်၊ ပုတတ်နှင့် ဖားမျိုးစိတ်များလည်း ပါဝင်ကြောင်း အစိုးရပိုင် သတင်းဌာန Agencia Brasil က အင်္ဂါနေ့က ထုတ်ပြန်ခဲ့သည်။

Sao Paulo ပြည်နယ်အစိုးရက ငွေကြေးထောက်ပံ့ပေးထားသည့် စူးစမ်းလေ့လာမှုများကို ၂၀၁၇ ခုနှစ်နှောင်းပိုင်းက တစ်ကြိမ် ဧပြီလနှင့် မေလတွင် တစ်ကြိမ် ပြုလုပ်ခဲ့ကြပြီး မျိုးစိတ်များကို ဖော်ထုတ်အတည်ပြုနိုင်ခဲ့ခြင်းဖြစ်သည်။

“စူးစမ်းလေ့လာမှု ရည်ရွယ်ချက်က များပြားပြီး မတူညီတဲ့ မျိုးစိတ်တွေအပေါ်မှာ ဘရန်ကိုမြစ်ရေရဲ့ လွှမ်းမိုးသက်ရောက်မှုကို လေ့လာဖို့ဖြစ်တယ်” ဟု စူးစမ်းလေ့လာရေးအဖွဲ့ ခေါင်းဆောင် Sao Paulo တက္ကသိုလ်မှ သတ္တဗေဒပညာရှင် Miguel Trefaut Rodrigues ကပြောသည်။

ဘရန်ကိုမြစ်သည် နီဂရိုမြစ်၏ အဓိက မြစ်လက်တက်တစ်ခုဖြစ်ပြီး အမေဇုန်တောအတွင်း ဖြတ်သန်းစီးဆင်းကာ ဘရာဇီးနိုင်ငံ မြောက်ဖျားပိုင်းရှိ ရိုရေးမား ပြည်နယ်အတွင်း စီးဆင်းနေသော မြစ်ဖြစ်သည်။

စူးစမ်းလေ့လာရေးအဖွဲ့သည် မျိုးစိတ်များ ပြန့်ပွားမှုကို အဟန့်အတားဖြစ်စေသည့် နီဂရိုမြစ်ရေ၏ လွှမ်းမိုးသက်ရောက်မှုကို လေ့လာကြရန်လည်း အချက်အလက်များ စုဆောင်းခဲ့ကြသည်။

စူးစမ်းလေ့လာရေး၏ သုတေသနရည်ရွယ်ချက်သည် လေ့လာသူများအနေဖြင့် ဖွတ်မျိုးစိတ်၏ မူလမျိုးစိတ် ဇစ်မြစ်ကို ပိုမိုနားလည်ရန်ဖြစ်ပြီး စုဆောင်းရရှိထားသည့် အချက်အလက်များကို မြောက်အမေရိကတိုက်ရှိ တိရစ္ဆာန်များ၏ ဆင့်ကဲဖြစ်စဉ်များကို ခွဲခြမ်းစိတ်ဖြာရာတွင် အသုံးပြု သွားကြမည်ဖြစ်သည်။

“တိရစ္ဆာန်အုပ်စုများစွာကို မျိုးဗီဇ၊ ပုံသဏ္ဌာန်ဖွဲ့စည်းပုံနဲ့ ဇီဝကမ္မဖြစ်စဉ် အစရှိသဖြင့် ဘက်ပေါင်းစုံကနေ လေ့လာကြပါတယ်။ အဲဒီလို လေ့လာချက်တွေက လာမယ့်နှစ်များမှာ အပူချိန်မြင့် တက်လာမှုကြောင့် မျိုးတုန်းပျောက်ကွယ်သွားမယ့် မျိုးစိတ်တွေကို လေ့လာရာမှာ အထောက် အကူရစေပါတယ်။” ဟု Miguel Trefaut Rodrigues က မှတ်ချက်ပေးခဲ့သည်။

MDN

ကိုးကား - ဆင်ဟွာ