အမေရိကန်စစ်ဘက်သုံး မောင်းသူမဲ့လေယာဉ် အချက်အလက်များ ဖောက်ထွင်းခံရပြီး အွန်လိုင်းတွင် ရောင်းချခံရ

၁၂ ဇူလိုင်

 

အမေရိကန်စစ်ဘက်ဆိုင်ရာ တိုက်ခိုက်ရေး မောင်းသူမဲ့လေယာဉ် Reaper နဲ့ပတ်သက်သည့် ထိပ်တန်းလျှို့ဝှက်ချက်များ ဖောက်ထွင်းခံခဲ့ရပြီး အွန်လိုင်းတွင် ရောင်းချခံခဲ့ရကြောင်း သိရပါတယ်။

 

 

Reaper လေ့ကျင့်ပျံသန်းပျံအဆင့်ဆင့်အပါအဝင် အချက်အလက်တွေကို ပြီးခဲ့တဲ့ ဇွန်လက dark web မှာ ရောင်းချတာ တွေ့ခဲ့ရကြောင်း အမေရိကန်အွန်လိုင်း လုံခြုံရေးကုမ္ပဏီတစ်ခုက ပြောကြားထားပါတယ်။ 

 

 

အဆိုပါ မောင်းသူမဲ့လေယာဉ် Reaper တပ်ချခဲ့တဲ့ နီဗားဒါးလေတပ်အခြေစိုက်စခန်းက စစ်သားတစ်ဦးရဲ့ကွန်ပျူတာကနေ ဖောက်ထွင်းခိုးယူခဲ့တာဖြစ်ကြောင်း၊ အဆိုပါ ခိုးယူမှုမှာ အခြားနိုင်ငံတွေ ပါဝင်မှုရှိမရှိ မသိရသေးပေမယ့် အပျော်တမ်း ဟက်ကာ ဖြစ်ဟန်ရှိတယ်လို့ ဆိုထားပါတယ်။ 

 

 

ယခုအဖြစ်အပျက်ဟာ ကျွမ်းကျင်ဟက်ကာတစ်ဦးအနေဖြင့် ဒီထက်အရေးပါတဲ့ သတင်းအချက်အလက်တွေ ရယူသွားနိုင်တာကို ပြသနေတာကြောင်း ကျွမ်းကျင်ပညာရှင်တွေက သတိပေးခဲ့ပါတယ်။ လက်ရှိတီထွင်နေဆဲဖြစ်တဲ့ အသံထက် ၅ ဆ ပိုမြန်တဲ့ဒုံးကျည်ဆိုင်ရာ အချက်အလက်တွေကို ပြီးခဲ့တဲ့လထဲက ဟက်ကာတွေဖောက်ထွင်းရယူခဲ့စဉ်ကလည်း အမေရိကန်စစ်ဘက်ဆိုင်ရာ လုံခြုံရေးအားနည်းမှုတွေကို ပညာရှင်တွေက ထောက်ပြခဲ့ကြပြီး ဖောက်ထွင်းမှုတွေမှာ တရုတ်အစိုးရ ပါဝင်ပတ်သက်နေတယ်လို့လဲ ကျွမ်းကျင်သူတွေက သံသယရှိနေကြပါတယ်။

 

Reaper မှာ အဝေးထိန်း ဒုံးကျည်တိုက်ခိုက်ရေးစနစ်တွေပါဝင်ပြီး သိပ်မကြာခင်နှစ်များအတွင်း အသုံးများလာခဲ့တာ ဖြစ်ပါတယ်။

 

ဘာသာပြန် > မိုးမမ
ကိုးကား > အန်အိတ်ချ်ကေ