အမျိုးသားအဆင့် ရေအရင်းအမြစ် ကော်မတီဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အမျိုးသားအဆင့်ရေအရင်းအမြစ်ကော်မတီ (၁/၂၀၂၃)အစည်းအဝေးသို့ တက်ရောက်အမှာစကားပြောကြား

နေပြည်တော် ဧပြီ ၅

အမျိုးသားအဆင့်ရေအရင်းအမြစ်ကော်မတီ (၁/၂၀၂၃)အစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး အစည်းအဝေးခန်းမ၌ကျင်းပရာ အမျိုးသားအဆင့်ရေအရင်းအမြစ်ကော်မတီဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်အမှာစကားပြောကြားသည်။

အစည်းအဝေးသို့ အမျိုးသားအဆင့်ရေအရင်းအမြစ်ကော်မတီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်နှင့် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးတင်အောင်စန်း၊ ကော်မတီဝင်ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ ကော်မတီအတွင်းရေးမှူးနှင့် တာဝန်ရှိသူများ တက်ရောက်ကြပြီး တိုင်းဒေသကြီး၊ ပြည်နယ်ဝန်ကြီးချုပ်များနှင့် မြို့တော်ဝန်များက Video Conferencing ဖြင့် တက်ရောက်ကြသည်။

ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က အဖွင့်အမှာစကားပြောကြားရာတွင် ယခုအစည်းအဝေးကို နိုင်ငံတစ်ဝန်းလုံးရှိ ရေအရင်းအမြစ်များ နှစ်ရှည်စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်စေရေး၊ ရေနှင့်ဆက်နွှယ်သည့် ကဏ္ဍစုံဖွံ့ဖြိုးတိုးတက်စေရေး၊ ရေအရင်းအမြစ်ဘက်စုံစီမံခန့်ခွဲမှုများ အားကောင်းလာစေရေးနှင့် ရေအရင်းအမြစ်များကို ထိထိရောက်ရောက်အကျိုးရှိရှိ အသုံးချနိုင်စေရေးအတွက် ဝန်ကြီးဌာနများနှင့် အဖွဲ့အစည်းများအကြား ညှိနှိုင်းဆောင်ရွက်ရန်၊ အမျိုးသားအဆင့် ရေအရင်းအမြစ်ကော်မတီ၏ လုပ်ငန်းတာဝန်များကို ဆက်လက်အကောင်အထည်ဖော်ဆောင်ရွက်ရန်နှင့် ရှေ့လုပ်ငန်းစဉ်များနှင့်ပတ်သက်ပြီး အလျင်အမြန်ဖြင့် ထိရောက်မှုရှိအောင် အကောင်အထည်ဖော်ကြစေရေး လိုအပ်သည်များကို မှာကြားလိုခြင်းကြောင့် ကျင်းပခြင်းဖြစ်ပါကြောင်း။

“ရေ” ဆိုသည်မှာ မိမိတို့သက်ရှိလောကနှင့် လူ့ပတ်ဝန်းကျင်အတွက် သဘာဝတရား၏ အကောင်းဆုံးလက်ဆောင်မွန်ဟု ဆိုနိုင်ပါကြောင်း၊ လူပုဂ္ဂိုလ်တစ်ဦးအနေဖြင့် မနက်အိပ်ယာထကစပြီး “ရေ”ကို အသုံးပြုရပါကြောင်း၊ လူများစားသုံးသည့် ဆန်စပါးကအစ အမျိုးမျိုးသောစိုက်ပျိုးသီးနှံများ ထုတ်လုပ်ရာတွင်လည်း “ရေ”သည် အဓိကလိုအပ်ချက်ပင်ဖြစ်ပါကြောင်း၊ ထို့ပြင် ယနေ့ခေတ်လူမှုဘဝတွင် အရေးပါလှသည့် လျှပ်စစ်ဓာတ်အားထုတ်လုပ်ရာတွင်လည်း “ရေအားလျှပ်စစ်ထုတ်လုပ်ခြင်းကဏ္ဍ”သည် ကုန်ကျစရိတ်များစွာသက်သာပြီး ပြန်လည်ရရှိနိုင်သောစွမ်းအင်(Renewable Energy)ဖြစ်သည့် အားလျော်စွာ ကမ္ဘာတစ်ဝန်း၌ တွင်တွင်ကျယ်ကျယ် အသုံးပြုလျက်ရှိပါကြောင်း၊ သယ်ယူပို့ဆောင်ရေးအခန်းကဏ္ဍတွင်လည်း မြစ်ချောင်းများမှအစပြုပြီး ပင်လယ်သမုဒ္ဒရာများတွင်ပါ လှေ၊ သင်္ဘောများဖြင့် ခရီးသွားလာပို့ဆောင်မှုများ၊ ကုန်သွယ်မှုများပြုလုပ်ခဲ့ကြသည်မှာ မြို့ပြယဉ်ကျေးမှုများအစပြုသည့်ခေတ်မှ စပြီး ယနေ့ခေတ်တိုင်အောင်ပင်ဖြစ်ပါကြောင်း။

နိုင်ငံတစ်နိုင်ငံကို ခေတ်မီဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ရာတွင် “ရေနှင့် မြေ” သည် အဓိကအရင်းအမြစ်ဖြစ်ပြီး၊ ရေနှင့်မြေကို အကျိုးရှိထိရောက်စွာ အလေးအနက်ထားလုပ်ဆောင်ခြင်းသည် နိုင်ငံသာယာဝပြောရေး၏ အဓိကအရင်းအနှီးဖြစ်ပါကြောင်း၊ “ရေကိုရင်းနှီး ပြည်ကြီးသာယာ” ဆိုသကဲ့သို့ ယနေ့ကမ္ဘာ့နိုင်ငံတိုင်းက ရေဆိုင်ရာလိုအပ်ချက်များကို ဖြည့်ဆည်းရန်ကြိုးပမ်းနေကြပြီး နိုင်ငံသာယာဝပြောရေးကို ဆောင်ရွက်နေကြသည်ကို တွေ့ရမည်ဖြစ်ပါကြောင်း။

ရေသည် အလွန်အဖိုးတန်သည့် အရင်းအမြစ်ဖြစ်ပြီး နောင်လာနောက်သားအဆက်ဆက် လူသားများအပါအဝင် သက်ရှိသတ္တဝါများ ရှိနေသမျှကာလပတ်လုံး ရေရှည်သုံးစွဲသွားကြရမည်ဖြစ်သည့်အတွက် ရေအရင်းအမြစ်များကို စနစ်တကျ ထိန်းသိမ်းအသုံးပြုသွားကြရန်လိုအပ်ပြီး လူတိုင်းရေရရှိရေးအတွက် ဝိုင်းဝန်းဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း။

ယနေ့ခေတ်တွင် ရာသီဥတုပြောင်းလဲမှု၏ အကျိုးဆက်ကြောင့် ကမ္ဘာတစ်ဝန်းတွင် မိုးသည်းထန်စွာရွာသွန်းခြင်း၊ နွေရာသီတွင်အပူချိန်လွန်ကဲစွာ မြင့်တက်မှုဖြစ်ပေါ်ခြင်း၊ အဖျက်စွမ်းအားကြီးမားသည့် ဆိုင်ကလုန်းမုန်တိုင်းများ တိုက်ခတ်ခြင်းစသည့် ပြင်းထန်သော သဘာဝဘေးအန္တရာယ်များနှင့် ဆိုးကျိုးသက်ရောက်မှုများကို ပိုမိုတွေ့ကြုံခံစားနေရပါကြောင်း၊ ကမ္ဘာ့နေရာအနှံ့အပြားတွင် ရေကြီးရေလျှံမှု သဘာဝဘေးအန္တရာယ်များနှင့် နွေရာသီတွင် ရေရှားပါးသည့် ပြဿနာများကို ပိုမိုတွေ့ကြုံလာရသည်ကို အားလုံးအသိပင်ဖြစ်ပါကြောင်း။

၂၀၂၂ ခုနှစ်၊ ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO)၏ လေ့လာမှုများအရ နှစ်စဉ် လူပေါင်း ၁ ဒသမ ၄ သန်းသည် မသန့်ရှင်းသောရေကြောင့်ဖြစ်ပေါ်သည့် ရောဂါများနှင့် မိလ္လာမသန့်ရှင်းမှုများကြောင့် သေဆုံးနေကြရပြီး လူဦးရေ ၇၄ သန်းသည် တဖြည်းဖြည်းနှင့်သက်တမ်းတိုတောင်းလာသည်ကို တွေ့ရပါကြောင်း၊ ၂၀၁၁ ခုနှစ် WHO နှင့် UNICEF စာရင်းများအရ ကမ္ဘာ့နေရာအနှံ့အပြားတွင် လူဦးရေသန်း ၂၀၀၀ ခန့်သည် လုံခြုံဘေးကင်းသည့် သောက်သုံးရေမရရှိသေးပါကြောင်း၊ ထို့ပြင် ကမ္ဘာ့လူဦးရေ၏ တစ်ဝက်နီးပါးဖြစ်သည့်သန်း ၃၆၀၀ သည် သန့်ရှင်းသည့် မိလ္လာစနစ်မရှိသေးကြောင်း စစ်တမ်းများတွင် ဖော်ပြထားသည်ကို တွေ့ရပါကြောင်း။

မိမိတို့နိုင်ငံတွင် သဘာဝမြစ်ချောင်းအင်းအိုင်များ ပေါများသည့်အတွက် နှစ်စဉ်မြစ်ချောင်းများမှ ရေကောင်းရေသန့်ရရှိနိုင်သည့်ပမာဏသည် အာဆီယံနိုင်ငံများထဲတွင် အင်ဒိုနီးရှားနိုင်ငံပြီးပါက ဒုတိယအများဆုံးဖြစ်ပါကြောင်း၊ အာရှတိုက်အတွင်းရှိ နိုင်ငံများအနေဖြင့် နှိုင်းယှဉ်လိုက်ပါက ၂၀၁၁ ခုနှစ် မှတ်တမ်းများ အရ တရုတ်၊ အိန္ဒိယ၊ အင်ဒိုနီးရှား၊ ဘင်္ဂလားဒေ့ရှ်ပြီးရင် ပဉ္စမအဆင့်ရှိသည်ကို တွေ့ရမည်ဖြစ်ပါကြောင်း၊ အဆိုပါအချက်ကိုကြည့်ခြင်းအားဖြင့် မိမိတို့နိုင်ငံသည် ရေအရင်းအမြစ် ကြွယ်ဝချမ်းသာသည်ကို တွေ့ရမည်ဖြစ်ပါကြောင်း။

မိမိတို့ မြန်မာနိုင်ငံရှိ မြစ်ကြီး ၄ သွယ်အပါအဝင် မြစ်ချောင်းကွန်ရက်များကနေ နှစ်စဉ်ရေချိုဧက ပေသန်း ၈၀၀ ကျော် စီးဆင်းလျက်ရှိနေသော်လည်း စီးဆင်းနေသည့် ရေချိုပမာဏ၏ (၅) ရာခိုင်နှုန်းခန့်ကိုသာ စိုက်ပျိုးရေ၊ အိမ်သုံးရေနှင့် စက်မှုသုံးရေအဖြစ် သုံးစွဲနိုင်သေးသည်ကို တွေ့ရပါကြောင်း၊ ထို့ကြောင့် ရေအရင်းအမြစ်များကိုအခြေခံသည့် စီးပွားရေးရင်းနှီးမြှုပ်နှံမှုများပြုလုပ်ရန် အလားအလာကောင်းများ ရှိနေသည်ကို တွေ့ရမည်ဖြစ်ပါကြောင်း။

ထို့ကြောင့် ရေချိုအရင်းအမြစ်များကို စနစ်တကျစီမံခန့်ခွဲနိုင်ရန်၊ စဉ်ဆက်မပြတ်ဖွံ့ဖြိုးနေစေရန်၊ ရေဝေရေလဲဒေသသစ်တောများ ထိန်းသိမ်းရန်နှင့် ရေထုညစ်ညမ်းမှုမရှိစေရေးတို့ကိုလည်း ထိရောက်စွာ ဆောင်ရွက်သွားရန် အရေးကြီးပါကြောင်း။

မိမိတို့ အမျိုးသားအဆင့်ရေအရင်းအမြစ်ကော်မတီအနေဖြင့် ရေကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်သည့်မူဝါဒများချမှတ်ရေး၊ မြို့ပြနှင့်ကျေးလက်ဒေသတွင် သောက်သုံးရေနှင့် စိုက်ပျိုးရေလုံလောက်စွာရရှိရေး၊ စက်မှုလုပ်ငန်းများအတွက် သုံးစွဲရန်လိုအပ်သည့် ရေချိုရရှိရေး၊ မြစ်ချောင်းများအတွင်း အမှိုက်စွန့်ပစ်မှုမရှိစေရေး၊ မြစ်ချောင်းများအတွင်းကို စီးဝင်မည့်စွန့်ပစ်ရေများကို စနစ်တကျ သန့်စင်ပြုပြင်ပြီးမှသာ စွန့်ပစ်စေရေးတို့အတွက် ကြီးကြပ်ဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း။

ကမ္ဘာပေါ်တွင်ရှိသည့် နိုင်ငံတိုင်းက မိမိတို့နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးကို အစဉ်မပြတ်ကြိုးပမ်းနေကြသကဲ့သို့ မိမိတို့နိုင်ငံကလည်း ရေကဏ္ဍအပါအဝင် ကဏ္ဍစုံတွင် ဖွံ့ဖြိုးတိုးတက်ရန် ဆက်လက်ကြိုးပမ်းအားထုတ်နေကြရမည်ဖြစ်ပါကြောင်း၊ ထို့ကြောင့် ရေကဏ္ဍဖွံ့ဖြိုးစေရေးအတွက် မိမိတို့ကော်မတီ၏ လုပ်ငန်းတာဝန်များ အကောင်အထည်ဖော်ဆောင်ရွက်ရန်နှင့် တိုင်းရင်းသားပြည်သူများအတွက် ပိုမိုအကျိုးရှိစေမည့်လုပ်ငန်းများ ဆောင်ရွက်နိုင်ရန် ကော်မတီဝင်များအားလုံးက အားသွန်ခွန်စိုက် ဝိုင်းဝန်းပါဝင်ဆောင်ရွက်ပေးကြရန် တိုက်တွန်းပြောကြားလိုပါကြောင်း။

အမျိုးသားအဆင့် ရေအရင်းအမြစ်ကော်မတီအနေဖြင့် ကော်မတီ၏ လှုပ်ရှားမှုအဖြစ် “ကမ္ဘာ့ရေနေ့ ၂၀၂၃” အထိမ်းအမှတ်အခမ်းအနားနှင့် ဘာသာရပ်ဆိုင်ရာဆွေးနွေးပွဲများကို ပြီးခဲ့သည့် မတ် ၂၂ ရက်က နေပြည်တော်၊ မြန်မာအပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းဗဟိုဌာန(MICC-2)တွင် ကျယ်ကျယ်ပြန့်ပြန့်နှင့် အဓိပ္ပာယ်ပြည့်ပြည့်ဝဝ ကျင်းပနိုင်ခဲ့ပါကြောင်း၊ ဘာသာရပ်ဆိုင်ရာဆွေးနွေးပွဲများထဲမှ အဓိက Key Messages များအရ မိမိတို့နိုင်ငံတွင် ရာသီဥတုပြောင်းလဲမှုနှင့် လူဦးရေတိုးပွားလာမှုများကြောင့် ရေချိုအရင်းအမြစ်များ ပိုမိုလိုအပ်လာသဖြင့် ပိုမိုရှာဖွေရန်လိုအပ်လာသည်ဟု သိရပါကြောင်း။

ယနေ့ကျင်းပပြုလုပ်သည့် အစည်းအဝေးတွင် မိမိတို့ကော်မတီအနေဖြင့် ပြည်နယ်များနှင့်တိုင်းဒေသကြီးများတွင် ကြုံတွေ့နေရသည့် ရေအခက်အခဲများ မည်ကဲ့သို့ ဝိုင်းဝန်းကူညီဖြေရှင်းပေးနိုင်မည်ဆိုသည့် အခြေအနေများဆွေးနွေးကြရန်နှင့် တိုင်းပြည်သာယာဝပြောရေးနှင့် စားရေရိက္ခာဖူလုံရေးအတွက် ပြည်သူ့လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ပေးကြရန်နှင့် အမျိုးသားအဆင့် ရေအရင်းအမြစ်ကော်မတီအနေဖြင့် နိုင်ငံတော်နှင့်ပြည်သူများအတွက် အကျိုးရှိစေမည့် ရေကဏ္ဍဖွံ့ဖြိုးစေရေး၊ ရေအရင်းအမြစ်ဘက်စုံစီမံခန့်ခွဲမှုများ စနစ်တကျလုပ်ဆောင်စေရေး၊ နိုင်ငံတကာနှင့် ရေဆိုင်ရာပူးပေါင်းဆောင်ရွက်မှုများ ထိရောက်အောင်မြင်စွာဖော်ဆောင်နိုင်ရေးတို့အတွက် ရှေ့သို့ဆက်လက်ကြိုးပမ်းဆောင်ရွက်သွားကြရန် တိုက်တွန်းမှာကြားလိုပါကြောင်းဖြင့် ပြောကြားသည်။

ထို့နောက် အမျိုးသားအဆင့်ရေအရင်းအမြစ်ကော်မတီ ဒုတိယဥက္ကဋ္ဌက အမျိုးသားအဆင့် ရေအရင်းအမြစ်ကော်မတီဖွဲ့စည်းဆောင်ရွက်မှု၊ ရည်ရွယ်ချက်နှင့် လုပ်ငန်းတာဝန်များချမှတ်ပြီး အကောင်အထည်ဖော်ဆောင်ရွက်နေမှုများကိုလည်းကောင်း၊ ကော်မတီအတွင်းရေးမှူးက ကော်မတီ၏ ရေဆိုင်ရာလှုပ်ရှားဆောင်ရွက်မှု၊ ရေရရှိရေးအကောင်အထည်ဖော်ဆောင်ရွက်မှုနှင့် ရှေ့လုပ်ငန်းစဉ်များကိုလည်းကောင်း ရှင်းလင်းတင်ပြကြသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များ၊ မြို့တော်ဝန်များက ရေနှင့်ဆက်နွှယ်သည့် လုပ်ငန်းဆောင်ရွက်ချက်များ၊ ရေအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ဆောင်ရွက်ချက်များ၊ ရေအရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်စေရေး နိုင်ငံတကာနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိမှု၊ ရေအရည်အသွေးစစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိမှု၊ မြစ်ရေတင်လုပ်ငန်းများဆောင်ရွက်လျက်ရှိမှု၊ သောက်သုံးရေနှင့်၊ စိုက်ပျိုးရေများ ပေးဝေလျက်ရှိမှုအခြေအနေများနှင့် ရေအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် လုပ်ငန်းများဆက်လက် ဆောင်ရွက်သွားမည့်အခြေအနေများနှင့် လုပ်ငန်းလိုအပ်ချက်များကို ရှင်းလင်းဆွေးနွေးတင်ပြကြသည်။

တင်ပြချက်များအပေါ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ဖြည့်စွက်မှာကြားရာတွင် ရေကိုအသုံးချနိုင်ရန်အတွက် ရေရရှိရေးဆောင်ရွက်ရန်လိုကြောင်း၊ ရေလုံလောက်စွာရရှိရေး ကြိုးပမ်းဆောင်ရွက်ရာတွင် မိုးရွာသွန်းမှုမှရရှိသည့် ရေများကို စုဆောင်းခြင်းနှင့် မြစ်ရေတင်လုပ်ငန်းများဖြင့် ဆောင်ရွက်၍ရကြောင်း၊ ရေကို လုံလောက်စွာရရှိစေရေးအတွက် ရေကိုစုဆောင်းသည့် အလေ့အကျင့်ကောင်းများရှိရန်လိုကြောင်း၊ အလားတူ စုဆောင်းထားသည့်‌ရေများကိုလည်း စိုက်ပျိုးရေးလုပ်ငန်းများနှင့် သောက်သုံးရေသုံးစွဲမှုများတွင် အကျိုးရှိစွာအသုံးချ နိုင်ရန်လိုကြောင်း၊ မိမိတို့နိုင်ငံတွင် ဧရာဝတီ၊ ချင်းတွင်း၊ စစ်တောင်း၊ သံလွင် စသည့် အဓိကမြစ်ကြီး ၄ စင်းရှိကြောင်း၊ အဆိုပါမြစ်ကြီးများမှရေများကို အကျိုးရှိစွာအသုံးချနိုင်ရန်လိုကြောင်း၊ အဆိုပါမြစ်ကြီးများမှ စိုက်ပျိုးရေ၊ သုံးရေ၊ သောက်ရေအတွက်လိုအပ်သည့်‌ ရေများရရှိရေးနည်းလမ်းများ ရှာဖွေဆောင်ရွက်ရန်လိုကြောင်း၊ အဓိကကျသည့် မြစ်ကြီး ၄ စင်းမှ ရေများကို အကျိုးရှိစွာအသုံးချနိုင်ရေး တာဝန်ရှိသည့် ဌာနများအနေဖြင့် နည်းလမ်းရှာဖွေဆောင်ရွက်ရန်လိုကြောင်းဖြင့် မှာကြားသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က နိဂုံးချုပ်အမှာစကားပြောကြားရာ၌ ယနေ့အစည်းအဝေးတွင် ဝန်ကြီးဌာနများ၊ အဖွဲ့အစည်းများအလိုက်ဆောင်ရွက်နေကြသည့် ရေဆိုင်ရာလုပ်ငန်းများ၊ ရေနှင့်ဆက်နွှယ်သည့် နိုင်ငံတကာအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်မှုများ၊ ကော်မတီ၏ ရှေ့လုပ်ငန်းစဉ်များနှင့်ပတ်သက်ပြီး ဝိုင်းဝန်းဆွေးနွေးခဲ့ကြသည်ကို တွေ့ရပါကြောင်း။

ဆွေးနွေးချက်များနှင့် အကြံပြုချက်များသည် မိမိတို့နိုင်ငံ၏ ရေအရင်းအမြစ်ဘက်စုံစီမံခန့်ခွဲမှုနှင့် နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုများ၊ ရေနှင့်ဆက်နွှယ်သည့် လုပ်ငန်းအကောင်အထည်ဖော်ဆောင်ရွက်မှုများတွင် များစွာအထောက်အကူဖြစ်စေမည်ဖြစ်ပါကြောင်း။

ရေအရင်းအမြစ်များ လျော့နည်းလာခြင်းသည် လူသားများနှင့် သက်ရှိသတ္တဝါအားလုံးအတွက် အသက်ရှင်သန်နေထိုင်ရေးနှင့် ကျန်းမာရေးကို ထိခိုက်စေနိုင်သည့်အပြင် နောက်ဆက်တွဲဖြစ်သည့် စား၊ ဝတ်၊ နေ၊ ရေးနှင့် စိုက်ပျိုးရေး၊ မွေးမြူရေးအပါအဝင် လူမှုစီးပွားဘဝများကို ဆိုးကျိုးသက်ရောက်စေမည်ဖြစ်ပါကြောင်း၊ ရေအရင်းအမြစ်ရှားပါးလျော့နည်းလာခြင်းသည် သဘာဝပတ်ဝန်းကျင်ဆုံးရှုံးပျက်စီးမှုများနှင့် ရာသီဥတုပြောင်းလဲမှုကို အခြေခံခြင်းဖြစ်သဖြင့် သဘာဝပတ်ဝန်းကျင်၊ တောတောင်ရေမြေများ စိမ်းလန်းစိုပြည်ရေးနှင့် သစ်တောသစ်ပင်များထိန်းသိမ်းရေး၊ သဘာဝပတ်ဝန်းကျင်ကို ပျက်စီးထိခိုက်မှုမရှိအောင် ရေရှည်ကာကွယ်ထိန်းသိမ်းရေးတို့ကို ထည့်သွင်းစဉ်းစားလုပ်ဆောင်ကြရန်လိုပါကြောင်း။

ထို့ပြင် ရေနည်းကာလရေရရှိရေး ရေတိုရေရှည်စီမံကိန်းများကို အချို့တိုင်းဒေသကြီးများနှင့် ပြည်နယ်များတွင် ဆောင်ရွက်နေကြသည်ကို တွေ့ရပါကြောင်း၊ အဓိကမြစ်ကြီးလေးသွယ်ဖြစ်သည့် ဧရာဝတီ၊ ချင်းတွင်း၊ စစ်တောင်း၊ သံလွင်မြစ်များ၏ ဝဲယာများတွင် နေရောင်ခြည်စွမ်းအင်သုံး မြစ်ရေတင်စီမံကိန်းများကို အလေးထားအကောင်အထည်ဖော်ဆောင်ရွက်၍ သီးထပ်စွမ်းအားတိုးတက်အောင် ဆောင်ရွက်ရန်လိုအပ်သကဲ့သို့ နွေ၊ မိုး၊ ဆောင်းကာလသုံးပါးတွင် အဟောသိကံစီးဆင်းနေသည့် မြစ်ရေများကိုသင့်တော်သည့် ရေထိန်းတမံစနစ်များဖြင့် ဒွန်တွဲအကျိုးပြုသည့် အစီအမံများပြုလုပ်ရန် စီစဉ်ဆောင်ရွက်သင့်ပါကြောင်း၊ ထိုသို့ဆောင်ရွက်ပေးနေခြင်းကြောင့် စိုက်ပျိုးမြေများတွင် ရေပိုမိုရရှိပြီး သီးထပ်သီးညှပ်စိုက်ပျိုးဆောင်ရွက်နိုင်မည်ဖြစ်ပါကြောင်း၊ ယခုနှစ်ရေနည်းကာလတွင် ရေရရှိရေးလုပ်ငန်းများကို ဆောင်ရွက်နိုင်သလောက်သာ ဆောင်ရွက်ကြရခြင်းကြောင့် နောင်နှစ်ရေနည်းကာလအတွက် ကြိုတင်ပြင်ဆင်မှုလုပ်ငန်းများကို ယခုအချိန်ကတည်းက စတင်လုပ်ဆောင်ကြရမည်ဖြစ်ပါကြောင်း၊ သို့မှသာ စိုက်ဧကတိုးချဲ့စရာမလိုဘဲ နှစ်သီး၊ သုံးသီးစိုက်ပျိုးနိုင်ပြီး အထွက်တိုးစေမည်ဖြစ်သည့်အတွက် ရေရရှိရေးလုပ်ငန်းများကို ကြိုတင်ပြင်ဆင်ထားရမည်ဖြစ်ပါကြောင်း။ 

ယခင်က သီးနှံများစိုက်ပျိုးရာတွင် မုတ်သုံအဝင် မိုးရေကိုစောင့်ဆိုင်းပြီး စိုက်ပျိုးရေအဖြစ် စတင်အသုံးပြုစိုက်ပျိုးခဲ့ကြပါကြောင်း၊ သီးနှံပုံစံ (Cropping Pattern)ကို ရှေ့သို့တိုးပြီး ယခင်ကထက် အချိန်စောပြီး စိုက်ပျိုးဆောင်ရွက်နိုင်ရန်အတွက် မြေအောက်ရေကို စိုက်ပျိုးရေအဖြစ်ရယူပြီး စိုက်ပျိုးကာ မိုးရေကို သီးနှံအောင်မြင်ရေးအတွက် အောင်ရေအဖြစ် ဆက်လက်အသုံးပြုသွားမည်ဆိုပါက စိုက်ပျိုးရေးလုပ်ငန်းများ ပိုမိုအောင်မြင်လာမည်ဖြစ်သဖြင့် စီမံဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ မိမိတို့နိုင်ငံသည် စိုက်ပျိုးရေးကိုအဓိကထားသည့် ကုန်ထုတ်လုပ်မှုများကိုဆောင်ရွက်သည့် နိုင်ငံဖြစ်ခြင်းကြောင့် အလေးထားမှာကြားရခြင်းဖြစ်ကြောင်း။

နိုင်ငံတော်က ကဏ္ဍစုံဖွံ့ဖြိုးတိုးတက်ရေးအတွက် ပံ့ပိုးဆောင်ရွက်လျက်ရှိရာတွင် မိမိတို့ကော်မတီအနေဖြင့် ရေကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးနှင့် ရေနှင့်ဆက်နွယ်သည့် ကော်မတီ၏ လုပ်ငန်းတာဝန်များကို အောင်မြင်စွာ ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် ကော်မတီဝင်များအားလုံး၊ သက်ဆိုင်ရာ ဝန်ကြီးဌာနများအားလုံးနှင့် ညှိနှိုင်းပူးပေါင်း ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ပေးကြရန် မှာကြားလိုပါကြောင်းဖြင့် ပြောကြားခဲ့ကြောင်း သတင်းရရှိသည်။

သတင်းစဉ်