အမျိုးသားလွှတ်တော်အစိုးရ၏ အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များ စိစစ်ရေးကော်မတီနှင့် ပြည်ထောင်စုအဆင့် ဝန်ကြီးဌာနများ၊ တိုင်းဒေသကြီး/ပြည်နယ် အစိုးရအဖွဲ့များမှ တာဝန်ရှိပုဂ္ဂိုလ်များနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

နေပြည်တော် ၂၃ သြဂုတ်

 

အမျိုးသားလွှတ်တော် အစိုးရ၏ အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များ စိစစ်ရေးကော်မတီသည် ပြည်ထောင်စုအဆင့် အဖွဲ့အစည်းများ၊ ပြည်ထောင်စုဝန်ကြီးဌာနများ၊ တိုင်းဒေသကြီး/ပြည်နယ် အစိုးရအဖွဲ့များမှ တာဝန်ရှိပုဂ္ဂိုလ်များနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီနှင့် မွန်းလွဲ ၁ နာရီခွဲတို့တွင် နေပြည်တော်ရှိ အမျိုးသားလွှတ်တော်၊ ကော်မတီရေးရာဆောင် အမှတ် (၂၀) အစည်းအဝေးခန်းမ၌ ကျင်းပသည်။ 

 

အဆိုပါ အစည်းအဝေးသို့ ကော်မတီဥက္ကဋ္ဌနှင့်အတူ အတွင်းရေးမှူး၊ ကော်မတီဝင်များ၊ သက်ဆိုင်ရာ ပြည်ထောင်စုဝန်ကြီးဌာနများမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ အမျိုးသားလွှတ်တော်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။

 

ရှေးဦးစွာ အစိုးရ၏ အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များ စိစစ်ရေးကော်မတီဥက္ကဋ္ဌ ဦးသိမ်းဆွေက အဖွင့်အမှာစကားပြောကြားပြီး ကော်မတီအဖွဲ့ဝင်များက ဒုတိယအကြိမ်၊ အမျိုးသားလွှတ်တော်၊ အဋ္ဌမပုံမှန်အစည်းအဝေးတွင် အာမခံချက်၊ ကတိနှင့် တာဝန်ခံချက်များ ဖြစ်ပေါ်ခဲ့သည့် အဆိုနှင့်မေးခွန်းများကို သက်ဆိုင်ရာဝန်ကြီးဌာနများ၊ တိုင်းဒေသကြီး/ပြည်နယ် အစိုးရအဖွဲ့များမှ တာဝန်ရှိပုဂ္ဂိုလ်များနှင့် ညှိနှိုင်းဆွေးနွေးကြသည်။

 

ထို့နောက် ဆွေးနွေးချက်များအပေါ် ကော်မတီဥက္ကဋ္ဌ ဦးသိမ်းဆွေက ကတိဖြစ်ပေါ်ခဲ့သည့် အဆို၊ မေးခွန်းများကို သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ်ညှိနှိုင်းပေးပြီး နိဂုံးချုပ်စကား ပြောကြားခဲ့ကြောင်း သိရသည်။ 

 

(သတင်းစဉ်)