အင်္ဂါဂြိုဟ်ပေါ် ဆင်းသက်မည့် အာကာသယာဉ်အား နာဆာလွှတ်တင်

၅ မေ

နာဆာဟာ အင်္ဂါဂြိုဟ်ပေါ်က ငလျင်လှိုင်းတွေကို ဖမ်းယူနားထောင်နိုင်မယ့် အင်္ဂါဂြိုဟ်ဆင်းယာဉ် InSight ကို မေလ ၅ ရက်နေ့မှာ လွှတ်တင်ခဲ့ပြီဖြစ်ကြောင်း သိရပါတယ်။ အဲဒီအာကာသယာဉ် လွှတ်တင်နိုင်ဖို့ အချိန်ယူပြင်ဆင်ခဲ့ကြရပါတယ်။

 

အာကာသယာဉ်ကို Atlas V ဒုံးပျံနဲ့ ကယ်လီဖိုးနီးယားပြည်နယ်ရှိ ဗန်ဒန်ဗာ့ဂ် လေတပ် အခြေစိုက် စခန်းကနေ ပစိဖိတ်ဒေသစံတော်ချိန် မနက် ၄ နာရီ ၅ မိနစ်မှာ အစီအစဉ်တကျ လွှတ်တင်နိုင်ခဲ့ တာဖြစ်ပါတယ်။မြူဆိုင်းနေတဲ့ ရာသီဥတုဟာ လွှတ်တင်ဖို့အတွက် တစ်ခုတည်းသော စိုးရိမ်စရာဖြစ်ခဲ့ပြီး အမြင်အာရုံမသဲကွဲပေမယ့် အောင်မြင်စွာ ပစ်လွှတ်နိုင်ခဲ့တယ်လို့ နာဆာဘေးကင်းလုံခြုံရေးဆိုင်ရာ အရာရှိတွေရဲ့ပြောကြားချက်အရ သိရပါတယ်။

 

အင်္ဂါဂြိုဟ်ပေါ်က အခြေအနေတွေကို လူသားတွေအတွက် မျှဝေပေးနိုင်ရန်၊ စူစမ်းရှာဖွေသူတွေကို အင်္ဂါဂြိုဟ်ပေါ် အရောက်ပို့ပေးနိုင်ရန်နဲ့ ကမ္ဘာဂြိုဟ်ကဲ့သို့ ဂြိုဟ်တွေပေါ်မှာ လွန်ခဲ့တဲ့ နှစ်သန်းပေါင်း တစ်ထောင်ကျော်က ကျောက်သားများ ဖြစ်ပေါ်လာပုံကို လေ့လာရန် ရည်ရွယ်ပြီး အဲဒီအာကာသ ယာဉ်ကို ဒေါ်လာ ၉၉၃ သန်း အကုန်အကျခံ တည်ဆောက်ခဲ့တာ ဖြစ်ပါတယ်။

 

“အင်္ဂါဂြိုဟ်ဟာ အခြားဂြိုဟ်မွှားတွေနဲ့ တိုက်မိတာရှိတယ်။ ကျောက်ထုတွေနဲ့ ငလျင်လှုပ်ခတ်မှု တွေလည်း ရှိတယ်။ ဒါပေမယ့် ဂြိုဟ်ပေါ်မှာ ဘယ်လို ငလျင်လှုပ်သလဲဆိုတာ မသိရသေးဘူး။ ဒါဟာ အင်္ဂါဂြိုဟ်လေ့လာရေးအတွက် လူသားတွေအနေနဲ့ အခြေခံကျကျ သိထားဖို့လိုတဲ့ အချက်အလက်တွေပါပဲ” လို့ နာဆာသိပ္ပံပညာရှင် ဂျင်မ် ဂရင်း က ပြောပါတယ်။

 

ယခုအာကာသခရီးစဉ်မှာ ပြင်သစ်အာကာသ အေဂျင်စီက တီထွင်ထားတဲ့ ငလျင်တိုင်းတာရေး ကိရိယာဟာ အဓိကကျကြောင်းနဲ့ အင်္ဂါဂြိုဟ်ပေါ်ကို အာကာသယာဉ် ဆင်းသက်နိုင်ခဲ့တဲ့အခါ စက်ရုပ်လက်တံ အကူအညီနဲ့ အဲဒီကိရိယာကို ဂြိုဟ်မျက်နှာပြင်ပေါ်မှာ တင်ဆင်နေရာချသွားမှာ ဖြစ်ပါတယ်။

 

နောက်ထပ် ဒုတိယမြောက် အရေးပါတဲ့ ကိရိယာကတော့ ဂျာမန်အာကာသအေဂျင်စီနဲ့ ပိုလန်အာကာသအေဂျင်စီတို့ ပူးတွဲတီထွင်ထားတဲ့ အပူအာရုံခံ ကိရိယာဖြစ်ပါတယ်။ ဂြိုဟ်မျက်နှာ ပြင် အတွင်းပိုင်း ၁၀ ပေ ကနေ ၁၆ ပေ အနက်ထိ ထိုးဖောက်ပြီး အပူချိန်ကို စောင့်ကြည့် လေ့လာနိုင်မှာ ဖြစ်ပါတယ်။

 

၂၀၃၀ မှာ အင်္ဂါဂြိုဟ်ပေါ်ကို လူလွှတ်နိုင်ရန် ဂြိုဟ်ရဲ့ အပူချိန်ကို သိဖို့လိုအပ်ကြောင်းနဲ့ အအေးပိုင်းအခြေအနေမှာ လူသားတွေအတွက် အပူချိန် ဘယ်လောက်ထိ လိုအပ်မလဲသိဖို့ လိုကြောင်း ဂျင်မ် ဂရင်းက ရှင်းပြပါတယ်။နေ့အချိန်မှာ အင်္ဂါဂြိုဟ် အီကွေတာ အနီးတစ်ဝိုက်ရှိ နေ့အပူချိန်ဟာ ၇၀ ဒီဂရီ ဖာရင်ဟိုက်ထိရှိပြီး ညအချိန်မှာ အနှုတ် ၁၀ဝ ဒီဂရီ ဖာရင်ဟိုက်ထိ ထိုးကျလေ့ရှိပါတယ်။ ဒါဟာ အင်္ဂါဂြိုဟ်ပေါ်မှာ အသက်ရှင်ရပ်တည်နိုင်ဖို့နဲ့ အလုပ်လုပ်နိုင်ဖို့အတွက် အရေးကြီးပြီး သိထားသင့်တဲ့ ဆင့်ကဲဖြစ်စဉ်ဖြစ်ပါတယ်။

 

ဂြိုဟ်ပေါ်ဆင်းသက်မယ့် အာကာသယဉ်ရဲ့ စွမ်းအင်ပိုင်းကို အင်္ဂါဂြိုဟ်ပေါ်မှာ ၁ နှစ်အကြာ အသုံးပြုနိုင်အောင် စီမံထားပြီး ကမ္ဘာပေါ်မှာဆိုရင် ၂၆ လကြာအောင် အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ အဲဒီအချိန်ကာလဟာ ဂြိုဟ်ပေါ်က ငလျင်လှုပ်ခတ်မှု အကြိမ်ရေ ၁၀ဝ လောက်ကို မှတ်တမ်း တင်နိုင်လိမ့်မယ်လို့ မျှော်လင့်ရပါတယ်။

 

အင်္ဂါဂြိုဟ်ဆင်းယာဉ် InSight ရဲ့ စီမံကိန်းမန်နေဂျာ တွန်ဟော့ဖ်မန်းကတော့ မျှော်လင့်ထားတာ ထက်လည်း အချိန်ကြာကြာ လုပ်ဆောင်နိုင်ကောင်း လုပ်ဆောင်နိုင်လိမ့်မယ်လို့ ဆိုပါတယ်။ InSight အာကာသယာဉ်ကို ၂၀၁၆ ခုနှစ်ကတည်းက လွှတ်တင်နိုင်ဖို့ မျှော်မှန်းထားပေမယ့် ငလျင်တိုင်းတာရေး ကိရိယာ စမ်းသပ်မှုမှာ အပူချိန်ပြဿနာ ရှိနေခဲ့တာကြောင့် နှောင့်နှေးခဲ့တာ ဖြစ်ပါတယ်။

 

InSight ဟာ ၂၀၁၂ ခုနှစ်က လွှတ်တင်ခဲ့တဲ့ Curiosity rover နောက်ပိုင်း အင်္ဂါဂြိုဟ်ပေါ် ဆင်းသက်နိုင်မယ့် ပထမဆုံး အာကာသယာဉ်အဖြစ် နာဆာက မျှော်လင့် ထားပါတယ်။“အင်္ဂါဂြိုဟ်ပေါ်သွားမယ့် ခရီးစဉ်အတွက် အထူးသဖြင့် ဂြိုဟ်မျက်နှာပြင်ပေါ် ဆင်းသက်မယ့် ခရီးစဉ်တွေအတွက် ယခင်က လုပ်ရိုးလုပ်စဉ်တွေ တစ်ခုမှမရှိခဲ့ဘူး။ စနေနေ့မနက်ကတော့ ဒုတိယအကြိမ် မျှော်လင့်ချက်တွေနဲ့ စိတ်လှုပ်ရှားစရာကောင်းတဲ့ နေ့ဖြစ်ပါတယ်” လို့ မန်နေဂျာ တွန်ဟော့ဖ်မန်းက ပြောပါတယ်။

 

ဘာသာပြန် - စိုးမိုးဇော် (MDN)
ကိုးကား - အေအက်ဖ်ပီ