အပင်ဗီဇမျိုးကွဲများ စဉ်ဆက်မပြတ်ထိန်းသိမ်းအသုံးပြုခြင်းမှသည် အပင်မျိုးအသစ်များ မွေးမြူထုတ်လုပ်စိုက်ပျိုး အသုံးချခြင်းသို့ ...

ဒေါက်တာပပဝင်း(သုတေသနအရာရှိ - စိုက်ပျိုးရေးသုတေသနဦးစီးဌာန)

 

ဇီဝမျိုးစုံမျိုးကွဲများ (အပင်ဗီဇမျိုးကွဲများ) နှင့် ၎င်းတို့ကို ထိန်းသိမ်းအသုံးပြုခြင်း ဇီဝမျိုးစုံမျိုးကွဲများ(Biodiversity)

 

ဇီဝမျိုးစုံမျိုးကွဲဆိုသည်မှာ သက်ရှိများနှင့် ၎င်းတို့ နေထိုင်သည့် ပတ်ဝန်းကျင်တို့အကြား အပြန်အလှန် သက်ရောက်မှုကြောင့် အမျိုးမျိုးကွဲပြားဖြစ်ပေါ် တည်ရှိနေသည့် သတ္တဝါအမျိုးမျိုး၊ အပင်အမျိုးမျိုးတို့ ဖြစ်ပါသည်။ ၎င်းတို့အနက် အပင်ဗီဇမျိုးကွဲများသည် လူနှင့်တိရစ္တာန်များ စားဝတ်နေရေးအတွက် လိုအပ်သည့် အစားအစာ၊ ဆေးဝါး၊ အသုံးအဆောင်ပစ္စည်း၊ ဓာတုဓာတ်ပေါင်းနှင့် စွမ်းအင်များ ထုတ်ယူသုံးစွဲနိုင်သောကြောင့် သတ္တဝါအားလုံးအတွက် မရှိမဖြစ်လိုအပ်ရုံမျှမက စားနပ် ရိက္ခာဖူလုံရေးနှင့် ရာသီဥတုပြောင်းလဲမှုဆိုင်ရာ စိန်ခေါ်မှုတို့အတွက် အဓိကကျသည့် ဗီဇအရင်းအမြစ်များလည်း ဖြစ်ကြပါသည်။ အပင်ဗီဇမျိုးကွဲများမှာ အပင်မျိုးရိုင်း အမျိုးမျိုး၊ မိရိုးဖလာ စိုက်ပျိုးသီးနှံမျိုးကွဲများ၊ ခေတ်မီ မျိုးအသစ်များ၊ သားဆက် မျိုးလိုင်းများ၊ မျိုးပွားနိုင်သည့် အပင်အစိတ်အပိုင်းများနှင့် ဒီအင်န်အေများဖြစ်ပါသည်။ ကမ္ဘာပေါ်တွင် အပင်မျိုးစိတ်အရေအတွက် ၂၄၀ဝ၀ဝ ခန့် ရှိသည့်အနက် ၅၀ဝ၀ ခန့်ကို ခွဲခြမ်းစိတ်ဖြာလေ့လာပြီးဖြစ်သည်။ (Source: Fan et al. 2006) အပင်ဗီဇအရင်းအမြစ်များသည် အစားရေစာလုံလောက် နေရေးအတွက် အဓိကအခန်းကဏ္ဍတွင် ပါဝင်လျက်ရှိခြင်းကြောင့် ၎င်းတို့ကို ရေရှည်တည်တံ့စွာ ထိန်းသိမ်း အသုံးပြုနိုင်ရန် လိုအပ်သကဲ့သို့ ကမ္ဘာပေါ်ရှိ လူသားတိုင်း အကျိုးတူမျှဝေသုံးစွဲခွင့် ရရှိနိုင်ရန်လည်း အလွန်အရေး ကြီးလှသည်။

 

CBD & ABS

 

ဇီဝမျိုးစုံမျိုးကွဲများဆိုင်ရာ ကွန်ဗင်းရှင်း (Conven- tion on Biological Diversity-CBD) ကို ၅-၆-၁၉၉၂ ရက်က ရီယိုဒီဂျနေးရိုး၌ ကျင်းပသည့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဖွံ့ဖြိုးတိုးတက်မှု ကွန်ဖရင့်တွင် အစိုးရများက လက်မှတ်ရေးထိုးခဲ့ရာ ၂၉-၁၂-၁၉၉၃ ရက် တွင် စတင်အသက်ဝင်ခဲ့ပါသည်။ CBD ၏ ရည်ရွယ်ချက် များမှာ ဇီဝမျိုးစုံမျိုးကွဲများကို ထိန်းသိမ်းရန်၊ စဉ်ဆက် မပြတ်အသုံးပြုရန်နှင့် အကျိုးတူမျှဝေခံစားရန်တို့ ဖြစ်ပါသည်။ ကမ္ဘာပေါ်တွင် CBD အဖွဲ့ဝင်ပေါင်း ၁၉၃ ရှိပါသည်။ မြန်မာနိုင်ငံသည် ၂၅-၁၁-၁၉၉၄ ရက်က သဘောတူ လက်မှတ်ထိုးခဲ့ပြီး ၂၃-၂-၁၉၉၅ ရက်တွင် အဖွဲ့ဝင်ဖြစ်ခဲ့ သည်။ ထို့ကြောင့် စာချုပ်ပါ အပိုဒ် ၂၆ အရ နိုင်ငံ၏ အမွေအနှစ်များနှင့် ဇီဝမျိုးစုံ၊ မျိုးကွဲများကို အကျိုးရှိရှိ ထိန်းသိမ်း အသုံးချနိုင်ခြင်း ရှိ/မရှိ မှတ်တမ်းများပုံမှန်ပေးပို့ရသကဲ့သို့ ကွန်ဗင်းရှင်းမှ ချမှတ်ထားသည့် ကတိကဝတ်များကိုလည်း လိုက်နာကြရမည်ဖြစ်သည်။

 

ဗီဇအရင်းအမြစ်များကို ထိန်းသိမ်းခြင်းနှင့် ရေရှည်တည်တံ့စွာ သုံးစွဲနိုင်ရေးအတွက် ထုတ်ယူသုံးစွဲခြင်းနှင့် အကျိုးတူမျှဝေခံစားခြင်း (Access to Benefit Sharing- ABS) သည် ဇီဝမျိုးစုံမျိုးကွဲများကွန်ဗင်းရှင်း(CBD) နှင့် စားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအတွက် အပြည်ပြည်ဆိုင်ရာ ကုန်သွယ်မှု သဘောတူ မူဘောင်တို့တွင် အရေးကြီးသည့် အခန်း၌ ပါဝင်လျက်ရှိပါသည်။ ယခုအခါတွင် ABS နှင့် ပတ်သက်၍ နိုင်ငံတကာနှင့် ဒေသတွင်းတို့၌ အမျိုး သားရေးမူဝါဒများချမှတ်ခြင်း၊ ဥပဒေ၊ နည်းဥပဒေများ ပြဋ္ဌာန်း အသုံးပြုခြင်းများ တူညီစွာဆောင်ရွက်နိုင်ရန် အလို့ငှာ Nagoya Protocol တစ်ရပ် ပေါ်ပေါက်ခဲ့ပြီလည်း ဖြစ်သည်။

 

အပင်ဗီဇများကိုထိန်းသိမ်းနည်း နှစ်နည်းမှာ In situ conservation နှင့် Ex situ conservation တို့ဖြစ်ကြပါတယ်။ In situ conservation ဆိုသည်မှာ အပင်ဗီဇ အရင်းအမြစ်များကို ၎င်းတို့တွေ့ရှိရာဒေသတွင် သဘာဝအတိုင်း ထိန်းသိမ်းခြင်းဖြစ်ပြီး Ex situ conservation ဆိုသည်မှာ အပင်ဗီဇမျိုးကွဲများကို ၎င်းတို့ပေါက်ရောက်ရာ ဒေသမဟုတ်သည့်နေရာများ၌ အထူးကြပ်မတ်၍ ထိန်းသိမ်းခြင်း (ဥပမာ-မျိုးစေ့များကို အအေးခန်း ၅ ဒီဂရီစင်တီဂရိတ်၊ မျိုးရိုးဗီဇအပိုင်းအစများကို အထူး အအေးခန်း၊ သီးသန့် စိုက်ခင်းနှင့် ရုက္ခဗေဒဥယျာဉ်တို့တွင် ထိန်းသိမ်းခြင်း)ဖြစ်ပါသည်။ အာဖရိကနိုင်ငံအချို့မှလွဲ၍ နိုင်ငံအတော်များများတွင် အပင်ဗီဇအရင်းအမြစ်များကို ဗီဇဘဏ်ဖြင့် ထိန်းသိမ်းလျက်ရှိရာ ယခုအချိန်ထိ ဗီဇဘဏ်ပေါင်း ၁၇၅၀ကျော်ခန့်ရှိပါသည်။ ၎င်းတို့ အနက် ဗီဇဘဏ်ပေါင်း ၁၃၀ တွင် အနည်းဆုံး မျိုးဗီဇကွဲ ၁၀ဝ၀ဝ ကျော်စီလောက် ထိန်းသိမ်းထားရှိပြီးဖြစ်သည်။

 

မြန်မာနိုင်ငံ၌လည်း အပင်ဗီဇမျိုးကွဲများကို ဗီဇ/မျိုးစေ့ဘဏ်(gene /seed bank) ဖြင့် ထိန်းသိမ်းနိုင်ရန် ၁၉၉၀ ပြည့်နှစ်မှစ၍ ဂျပန်နိုင်ငံ၏ အကူအညီဖြင့် စတင် ခဲ့ရာ ယခုအခါ အပင်ဗီဇမျိုးကွဲပေါင်း ၁၂၈၃၈ မျိုး( စပါး ၇၈၇၆၊ စပါးရိုင်း ၁၈၀၊ ပဲ ၁၅၇၈၊ နှံစား ၂၂၃၄၊ ဆီထွက်သီးနှံ ၈၀၂၊ ဟင်းသီးဟင်းရွက်နှင့်အခြားသီးနှံ ၁၆၆)တို့ကို နှစ်တို၊ နှစ်လတ် အအေးခန်းများဖြင့် ထိန်းသိမ်းထားပါသည်။ မြန်မာနိုင်ငံဗီဇဘဏ်မှ အပင်ဗီဇမျိုးကွဲပေါင်း၂၀၈၈၆ မျိုးကို ဧရိယာ နယ်ပယ်အသီးသီးသို့ အကျိုးတူမျှဝေ ခံစားခြင်းဆိုင်ရာ စံသတ်မှတ်ချက်များနှင့်အညီ လွှဲပြောင်းပေးအပ်ခြင်း သဘောတူညီမှုစာချုပ်အရ Standard Material Transfer Agreement (SMTA) မျှဝေသုံးစွဲနိုင်ခဲ့ပါသည်။(Source: DAR နှစ်ချုပ် ၂၀၁၈)

ကမ္ဘာပေါ်တွင် အပင်မျိုးရိုင်း၊ မျိုးစိတ်ပေါင်း များစွာရှိသည့်အနက် ၇၀ဝခန့်သည် စားနပ်ရိက္ခာဖူလုံလာရေး အတွက် စုဆောင်းဖော်ထုတ်အသုံးပြုရန် လိုအပ်လျက်ရှိသည်။ (Eigenbrode 1996) ယခုအချိန်ထိ ကမ္ဘာ့ဗီဇဘဏ် တွင် မျိုးစိတ်ပေါင်း ၅၇၀၃ မျိုး၊ မျိုးကွဲပေါင်း ၈၈၀၈၃၇ ခန့် ထိန်းသိမ်းထားရှိပါသည်။ မြန်မာနိုင်ငံမျိုးစေ့ဘဏ်၏ ထိန်းနိုင်သည့် ပမာဏမှာ နှစ်တို ၁၀ ဒီဂရီ စင်တီဂရိတ်ဖြင့် သက်တမ်း ၃-၅ နှစ်အထိ ၂၁၆၀ဝ နှင့် နှစ်လတ် အနုတ် ၅ ဒီဂရီစင်တီဂရိတ်ဖြင့် သက်တမ်း ၂၀-၂၅ နှစ်အထိ ၂၀၈၃၈ တို့ဖြစ်ပါသည်။ ထို့ကြောင့် မြန်မာနိုင်ငံအနေဖြင့်လည်း စုဆောင်းထိန်းသိမ်းရန် ကျန်ရှိနေသည့် အပင်ဗီဇမျိုးကွဲများကို ဆက်လက်စုဆောင်းသွားရန်နှင့် sub-gene bank များ ဆောက်လုပ်၍ ထိန်းသိမ်းခြင်းများ ဆောင်ရွက်ရန်အတွက် လိုအပ်သည့် အစီအမံများချမှတ်ဆောင်ရွက်သင့်ပါသည်။ မြန်မာနိုင်ငံသည် ရေမြေသဘာဝအနေအထားအရ အပင်ဗီဇမျိုးစုံ မျိုးကွဲများစွာ ပိုင်ဆိုင်သည့် နိုင်ငံတစ်နိုင်ငံဖြစ်သည့် အားလျော်စွာ အကျိုးရှိစွာထိန်းသိမ်းအသုံးချ သွားနိုင်သော လူသားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရန်မှာလည်း အင်မတန်အရေးပါလှသည်။

မြန်မာနိုင်ငံအပါအဝင် ကမ္ဘာ့နိုင်ငံတော်တော်များများမှာ အပင်ဗီဇအရင်းအမြစ်များကို စနစ်တကျ ထိန်းသိမ်းရေး မဟာဗျူဟာနှင့် အစီအမံများမှာ အားနည်းလျက်ရှိနေပါသေးသည်။ ဗီဇဘဏ်သည် အပင်ဗီဇအရင်းအမြစ်များ ရွေ့လျားခြင်းကို ထိန်းသိမ်းကြပ်မတ်ရေးတွင် အဓိက အခန်းကဏ္ဍမှ ပါဝင်လျက်ရှိရာ အချို့နိုင်ငံများတွင် အပင်ဗီဇ မျိုးကွဲများ ထိန်းသိမ်းအသုံးပြုမည့် ဧရိယာ နယ်ပယ်နှင့် သက်ဆိုင်သော ဥပဒေမူဘောင်များကို တိကျစွာချမှတ် ထားရှိ သော်လည်း အချို့တွင်မူ ရှိသင့်သည့် ဥပဒေမူဝါဒများ အပြည့်အဝမရှိသေးပါ။ ဇီဝမျိုးကွဲများကို လက်ခံရယူခြင်းနှင့် အကျိုးတူ မျှဝေသုံးစွဲရေးဥပဒေမူဘောင်ကို နိုင်ငံတကာတွင် တူညီစွာသတ်မှတ် ပြဋ္ဌာန်းနိုင်ရန် CBD အောက်တွင် Nagoya Protocol ကို ၂၉-၁၀-၂၀၁၀ ရက်တွင် ပြုစုခဲ့ကြပါသည်။ မြန်မာနိုင်ငံတွင် အပင်ဗီဇမျိုးကွဲများ ထိန်းသိမ်းခြင်းနှင့် အကျိုးတူ မျှဝေသုံးစွဲနိုင်ရေးဆိုင်ရာ regulatory framework ပြဋ္ဌာန်းနိုင်ရန် သယံဇာတနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနက ဆောင်ရွက်လျက်ရှိရာ အဆိုပါ regulatory framework ပေါ်ပေါက်လာပါက ဇီဝမျိုးစုံမျိုးကွဲများသာမက မိရိုးဖလာ နည်းပညာများကိုပါ စနစ်တကျ အစီအမံများ ချမှတ်၍ ထိန်းသိမ်းနိုင်မည်ဖြစ်ပါသည်။

 

ယခုအခါ အပင်ဗီဇမျိုးကွဲများ ထိန်းသိမ်းခြင်းနှင့် အကျိုးတူ မျှဝေသုံးစွဲနိုင်ရေးဆိုင်ရာ regulatory framework နှင့် ဆက်စပ်လျက်ရှိသည့် ဥပဒေများဖြစ် သော ပိုးမွှားရောဂါထိန်းချုပ်ရေးဥပဒေ (၁၉၉၃/၂၀၁၃)၊ မျိုးစေ့ဥပဒေ (၂၀၁၁/ ၂၀၁၅)၊ အပင်မျိုးသစ်အကာအကွယ်ပေးရေး ဥပဒေ (၂၀၁၆/၂၀၁၉)၊ ဉာဏမူပိုင်ခွင့် ဥပဒေ (၂၀၁၉)၊ တောင်သူလယ်သမား အခွင့်အရေးနှင့် အကျိုး စီးပွားမြှင့်တင်ရေး ဥပဒေ(၂၀၁၃) တို့ကိုပြဋ္ဌာန်းထားခြင်း နှင့် ဇီဝလုံခြုံမှု ထိန်းသိမ်းရေးဥပဒေကို ပြဋ္ဌာန်းနိုင်ရန် (ပြုစုဆဲ) တို့ဖြစ်သည်။

 

အပင်မျိုးသစ်များမွေးမြူထုတ်လုပ်

စိုက်ပျိုးနိုင်ခြင်း၏ အရေးပါမှု

 

လူဦးရေတိုးပွားလာခြင်း၊ ရာသီဥတုပြောင်းလဲလာ ခြင်း၊ စိုက်ပျိုးနိုင်သည့် မြေသယံဇာတများ ရှားပါးလာခြင်း စသည့်စိန်ခေါ်မှုများကို ကမ္ဘာ့နှင့်အဝန်း ရင်ဆိုင်နေကြရ သောကြောင့် ဖြေရှင်းနိုင်မည့်နည်းလမ်းများကို အမြဲရှာဖွေနေကြရသည်။ နည်းလမ်းများစွာရှိသည့်အနက် အပင်မျိုးမွေးမြူခြင်းနည်းလမ်းသည် အရေးပါသော နည်းလမ်းတစ်ခုဖြစ်ပါသည်။ ဥပမာ တိုးပွားလာသည့် လူဦးရေကြောင့် အစာရေစာရှားပါးမှု အခက်အခဲနှင့် ရင်ဆိုင်ခဲ့ရသည့်အပေါ် ဖြေရှင်းပေးနိုင်ခဲ့သော အခြေအနေတစ်ခုကို မီးမောင်းထိုးပြရလျှင် ၁၉၆၅ ဝန်းကျင်က ခေတ်စားခဲ့သည့် မြစိမ်းရောင်တော်လှန်ရေးကို ပြရပေလိမ့်မည်။

 

မြစိမ်းရောင်တော်လှန်ရေး (Green revolution)

 

စစ်ပြီးခေတ် ၁၉၆၀-၁၉၆၅ခုနှစ်ဝန်းကျင်တွင် ဖွံ့ဖြိုးမှုနောက်ကျသည့် နိုင်ငံများရှိ ပြည်သူများ ရင်ဆိုင်နေရသည့် အငတ်ဘေးမှ ကယ်တင်ရန် သမားရိုးကျ မိရိုးဖလာမျိုးနှင့် စိုက်နည်းစနစ်များအစား အထွက်ကောင်း မျိုးသစ်များအသုံးပြုခြင်း၊ ဓာတ်မြေသြဇာသုံးစွဲ ခြင်း၊ ရေသွင်းစိုက်ခြင်း စတဲ့ ခေတ်မီစိုက်ပျိုးနည်းစနစ်များနှင့် စိုက်ပျိုးထုတ်လုပ် အသုံးပြုခဲ့ခြင်းဖြစ်ပါသည်။ မြစိမ်းရောင်တော်လှန်ရေး၏ ဖခင်မှာ အမေရိကန်နိုင်ငံသား အပင်မျိုးမွေးမြူရေးပညာရှင်နှင့် အပင်ရောဂါ ပညာရှင် Mr. Norman Borlaug ဖြစ်ပြီး ၁၉၄၄ ခုနှစ် မှစတင်၍ Rockefeller Foundation အထောက်အပံ့ဖြင့် အထူးအထွက်တိုးမျိုးသစ်များကို မွေးမြူထုတ်လုပ်ခဲ့သောကြောင့် ၁၉၇၀ ပြည့်နှစ်တွင် နိုဘယ်ဆုကို ရရှိခဲ့ပါသည်။

 

အပင်မျိုးသစ်များသုံးစွဲရခြင်း၏အကျိုးကျေးဇူးများ

 

အပင်မျိုးအသစ်များကို စိုက်ပျိုးထုတ်လုပ်နိုင်မည်ဆိုလျှင် ၎င်းနှင့် ပတ်သက်ဆက်နွှယ်နေသည့် လူမှုအသိုင်း အဝိုင်းတစ်ခုလုံးအတွက် များစွာသောအကျိုးတရားများ ရရှိခံစားရမည်ဖြစ်ပါသည်။ ဥပမာ- လက်ရှိ ရှိရင်းစွဲ မျိုးဟောင်းများထက် အထွက်နှုန်းကောင်း၊ အရည်အသွေးကောင်း အပင်မျိုးသစ်များကို စိုက်ပျိုးသူများ အသုံးပြုလာနိုင်ပါက အထွက်နှင့် အရည်အသွေး သာလွန်သောကြောင့် ထုတ်လုပ်သူ၊ ရောင်းဝယ်ဖောက်ကားသူ၊ စားသုံးသူများ အားလုံးအတွက်ပါ အကျိုးကျေးဇူး ရရှိနိုင်ပါသည်။ အာဟာရဓာတ်ကြွယ်ဝသည့် အပင်မျိုးသစ်များ များစွာထုတ်လုပ် အသုံးပြုနိုင်ပါက ကျန်းမာရေးဆိုင်ရာ အကျိုး ကျေးဇူးများရရှိနိုင်ခြင်း၊ ပိုးမွှားရောဂါခံနိုင်ရည်ရှိသည့် အပင်မျိုးသစ်များ များစွာထုတ်လုပ် အသုံးပြုနိုင်ပါက သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းနိုင်သည့် အကျိုး တရားများရရှိခြင်း၊ အလှစိုက် အပင်မျိုးသစ်များ များစွာထုတ်လုပ်အသုံးပြုနိုင်ပါက လူမှုပတ်ဝန်းကျင် စိတ်အပန်းပြေစေနိုင်သည့် အကျိုးတရားများကို ရရှိနိုင်ခြင်းတို့ ဖြစ်ပါသည်။

 

သို့သော် အပင်မျိုးသစ်များကို လွယ်ကူစွာ မရရှိနိုင်ပါ။ အပင်မျိုးမွေးမြူသူအနေဖြင့် အချိန်၊ ငွေ၊ ဉာဏ တို့ကိုရင်းပြီး အပင်မျိုးမွေးမြူသည့် နည်းလမ်းတစ်ခုခုကို အသုံးပြု၍ စုဆောင်းထိန်းသိမ်းထားသည့် အပင်ဗီဇအရင်းအမြစ်များကို တိုးတက်ကောင်းမွန်အောင် ဖန်တီးမှသာလျှင် အပင်မျိုးသစ်တစ်မျိုးကို ထုတ်လုပ်နိုင်ခြင်း ဖြစ်ပါသည်။ အပင်မျိုး မွေးမြူသူများအနေဖြင့်လည်း ၎င်းတို့ရင်းနှီးမြှုပ်နှံ လိုက်သည့် အရင်းအနှီးများအပေါ် အကျိုးအမြတ် ပြန်လည်ရရှိမှသာလျှင် အပင်မျိုးသစ် မွေးမြူခြင်းလုပ်ငန်းတွင် ပိုမိုရင်းနှီးမြှူပ်နှံလာကြမည် ဖြစ်ပါသည်။ အပင်မျိုးသစ် အကာအကွယ်ပေးရေးဥပဒေအောက်ရှိ အပင် မျိုးသစ် အကာအကွယ်ပေးရေးစနစ်သည် အပင်မျိုး မွေးမြူသူများမှ မိမိတို့မွေးမြူ ထုတ်လုပ်သည့် အပင်မျိုးသစ်များကို ကာကွယ်ခွင့်ယူခြင်းမှတစ်ဆင့် ရပိုင်ခွင့် အခွင့်အရေးကိုခံစားသွားစေရန် ထိန်းချုပ်ကာကွယ် ပေးသည့် စနစ်ဖြစ်သောကြောင့် ကမ္ဘာနှင့်အဝန်း အပင်မျိုးသစ် အကာအကွယ်ပေးရေးစနစ် ကောင်းစွာကျင့်သုံးနိုင်ရေးမှာ အလွန်ပင်အရေးကြီးပါသည်။

 

အပင်မျိုးသစ် အကာအကွယ်ပေးရေးဥပဒေအရ အပင်မျိုးသစ်ဟု သတ်မှတ်ခံရပြီး ကာကွယ်ခွင့်ရယူနိုင်ရန် အဓိက အချက်(၅)ချက်နှင့် ကိုက်ညီရပါမည်။ အဆိုပါ အချက် ငါးချက်မှာ-

 

(၁) မျိုးအသစ်ဖြစ်ခြင်း- အပင်မျိုး မွေးမြူသူ၏ ရပိုင်ခွင့် အခွင့်အရေးလျှောက်ထားလာ သည့်အချိန်၌ အပင်မျိုးမွေးမြူသူ သို့မဟုတ် ယင်း၏ ခွင့်ပြုချက်ရရှိသူက အဆိုပါ အပင်မျိုး၏ မျိုးပွားနိုင်သည့် အစိတ်အပိုင်း သို့မဟုတ် ရိတ်သိမ်းထားသည့် အစိတ် အပိုင်းများအား ပြည်တွင်း၌ တစ်နှစ်ထက်စော၍ လည်းကောင်း၊ ပြည်ပ၌ လေးနှစ်ထက် စော၍ လည်းကောင်း၊ နှစ်ရှည်ပင်နှင့် နွယ်ပင်များဖြစ်ပါက ပြည်တွင်း၌ဖြစ်စေ၊ ပြည်ပ၌ဖြစ်စေ ခြောက်နှစ်ထက်စော၍ လည်းကောင်း စီးပွားရေးအလို့ငှာ စိုက်ပျိုး ထုတ်လုပ် ခြင်း၊ အခြားအသုံးပြုမှုများအတွက် ရောင်းချထားခြင်း မရှိစေရ။

 

(၂) ထူးခြားမှုရှိခြင်း- အပင်မျိုးသစ်အဖြစ် လျှောက်ထားသော အပင်မျိုးသည် ကာကွယ်ခွင့်ရရှိရန် လျှောက်ထားသည့်အချိန်တွင် အများလက်ခံသိရှိထားသည့် အခြားမည်သည့် အပင်မျိုးနှင့်မဆို သိသာစွာ ကွဲပြားခြားနားသည့် ထူးခြားသော လက္ခဏာရပ်ရှိရမည်။

 

(၃) ညီညာမှုရှိခြင်း- အပင်မျိုးသစ်အဖြစ် လျှောက်ထားသော အပင်မျိုးသည် မျိုးပွားဖြစ်စဉ်ကြောင့် အချို့သော လက္ခဏာရပ်များ ကွဲလွဲနိုင်သော်လည်း အဆိုပါအပင်မျိုး၏ မူရင်း လက္ခဏာရပ်များသည် ညီညာမှုရှိရမည်။

 

(၄) တည်ငြိမ်မှုရှိခြင်း- အပင်မျိုးသစ်အဖြစ် လျှောက်ထားသော အပင်မျိုးသည် သားဆက် အဆင့်ဆင့်မျိုးပွားရာတွင် သို့မဟုတ် အထူးသဖြင့် မျိုးပွားစက်ဝန်းတစ်လျှောက်နှင့် စက်ဝန်းအသီးသီး၏ အဆုံးတွင် ယင်းအပင်မျိုးကို ကိုယ်စားပြုသည့် လက္ခဏာရပ်များ ပြောင်းလဲမှု မရှိဘဲ တည်ငြိမ်စွာဖော်ပြရမည်။

 

(၅) ဥပဒေပုဒ်မ ၁၂၊ ၁၃ ပါအတိုင်း စနစ်တကျ အမည်ပေးခြင်းတို့ ဖြစ်ပါသည်။

 

အပင်မျိုးသစ်အကာအကွယ်ပေးရေးစနစ်

 

အပင်မျိုးသစ်အကာအကွယ်ပေးရေးစနစ်ကို ကမ္ဘာ့ နိုင်ငံအသီးသီးတွင် တူညီစွာလက်ခံကျင့်သုံးလာနိုင်ရေး အားပေးကူညီဆောင်ရွက်ရန် အပြည်ပြည်ဆိုင်ရာ အပင်မျိုး သစ် အကာအကွယ်ပေးရေးအဖွဲ့(The International Union for the Protection of Varieties of Plants, UPOV)ကို ၁၉၆၁ ခုနှစ်၌ ပြင်သစ်နိုင်ငံတွင် စတင်တည်ထောင် ခဲ့ပြီး ယခုအခါ ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့တွင် ရုံးစိုက်ထားပါသည်။ အဆိုပါအဖွဲ့ကြီး၏ အဓိကမျှော်မှန်းချက်မှာ လူမှုအသိုင်းအဝိုင်းအတွက် အကျိုးအမြတ်ရှိစေသည့် အပင်မျိုးသစ်များရရှိစေရန်အလို့ငှာ အပင်မျိုးမွေးမြူ ခြင်းလုပ်ငန်းကိုအားပေးသည့် အပင်မျိုးသစ်အကာအကွယ် ပေးရေးစနစ် လက်ခံကျင့်သုံးလာရေးကို အားပေးသွားရန် ဖြစ်ပါသည်။ နိုင်ငံတကာတွင် လိုက်လျောညီထွေသည့်အပင် မျိုးသစ် အကာအကွယ်ပေးရေးစနစ် ကျင့်သုံးလာနိုင်ရန် လိုက်နာသင့်သည့် ဥပဒေပုဒ်မများကိုလည်း ၁၉၇၂၊ ၁၉၇၈ နှင့် ၁၉၉၁ ခုနှစ်များတွင် အဆင့်ဆင့်ပြင်ဆင် ပြုစုခဲ့ပါသည်။ ယခုအခါ UPOV အဖွဲ့ဝင်နိုင်ငံပေါင်း ၇၅ နိုင်ငံ ရှိခဲ့ပြီးဖြစ်ပါသည်။ မြန်မာနိုင်ငံအနေဖြင့်လည်း UPOV အဖွဲ့ဝင်နိုင်ငံ ဖြစ်လာရေးအတွက် ရည်မှန်းကြိုးစားလျက်ရှိပါသည်။

 

မြန်မာနိုင်ငံ၏အပင်မျိုးသစ်အကာအကွယ်ပေးရေး

ဥပဒေနှင့်စနစ်

 

ယခုအခါ မြန်မာနိုင်ငံတွင် အပင်မျိုးသစ် အကာအကွယ်ပေးရေးစနစ်ကို စတင်ကျင့်သုံးနေပြီဖြစ်ပါသည်။ ရေမြေသဘာဝပတ်ဝန်းကျင်မျိုးစုံရှိသည့် မြန်မာနိုင်ငံ အနေဖြင့် စိုက်ပျိုးရေးကိုအခြေခံသည့် စီးပွားရေးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူဖြစ်လာစေရန် ရည်ရွယ်၍ အပင်မျိုးသစ်အကာအကွယ်ပေးရေးဥပဒေ (New Plant Variety Protection Law)ကို ၂၀၁၆ ခုနှစ် ဇန်နဝါရီလ ၂၀ ရက်နေ့က ပြဋ္ဌာန်းခဲ့ပါသည်။ UPOV နှင့် Inline ဖြစ်ရန် ၂၀၁၉ စက်တင်ဘာလ ၂၄ ရက်နေ့တွင် အသစ်ပြန်လည် ပြဋ္ဌာန်းပြီးလည်းဖြစ်ပါသည်။ အဆိုပါ ဥပဒေကို အကောင်အထည်ဖော်ဆောင်ရွက်ရန်အတွက် လိုအပ်သည့် ကော်မတီများဖြစ်သည့် အမျိုးသားအပင် မျိုးသစ် အကာအကွယ်ပေးရေးဆိုင်ရာဗဟိုကော်မတီ၊ အပင်မျိုးသစ်စစ်ဆေးရေးဆိုင်ရာ နည်းပညာကော်မတီနှင့် အမိန့်နှင့် ညွှန်ကြားချက်များလည်း ထုတ်ပြန်ပြီးဖြစ်ပါသည်။ အပင်မျိုးသစ် အကာအကွယ်ပေးရေးစနစ်အောက်တွင် လုပ်ကိုင်ဆောင်ရွက်ရမည့် နည်းပညာပိုင်း နှင့် စီမံဆောင်ရွက်မှု အပိုင်းများကို အရှိန်အဟုန်မပျက် လုပ်ကိုင်နိုင်ရန် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာနအောက်ရှိ စိုက်ပျိုးရေးသုတေသန ဦးစီးဌာနမှ အဓိကတာဝန်ယူလျက်ရှိရာ ယခုအခါ အစိုးရနှင့်ပုဂ္ဂလိက အပင်မျိုးမွေးမြူသူများမှ ၎င်းတို့၏အပင်မျိုးသစ်များဖြစ်သော စပါး၊ ပြောင်း၊ မတ်ပဲ၊ ထောပတ်သီးနှံနှင့် စတော်ဘယ်ရီသီးနှံ အပင်မျိုးသစ်များကို ကာကွယ်ခွင့်ရရှိရန် အပင်မျိုးမွေးမြူသူများမှ စိုက်ပျိုးရေးသုတေသနဦးစီးဌာနသို့ ဆက်သွယ်လျှောက်ထားလျက်ရှိကြောင်း ရေးသားတင်ပြလိုက်ပါသည်။ ။