အပြည်ပြည်ဆိုင်ရာ ရိုးမ-ရန်ကုန် မာရသွန်ပြိုင်ပွဲကြီးတွင် ပြည်တွင်း - ပြည်ပကစားသမား ၈၀ဝ၀ ကျော် ဝင်ရောက်ယှဉ်ပြိုင်

ရန်ကုန်  ၂၀  ဇန်နဝါရီ      

   

ယခုနှစ်၏ ရိုးမ - ရန်ကုန် အပြည်ပြည်ဆိ်ုင်ရာ မာရသွန်ပြိုင်ပွဲကြီးကို ယနေ့နံနက် အာရုဏ်တက်ချိန်မှစတင်ပြီး ကီလိုတန်း(၄)ခုဖြင့် ရန်ကုန်မြို့ သုဝဏ္ဏပြိုင်ပွဲရုံ(၁)ရှေ့ မုခ်ဦးမှတာထွက်ကျင်းပရာ ပြည်တွင်း/ပြည်ပပြိုင်ပွဲဝင်ကစားသမား ၈၉၈၈ ဦး ဝင်ရောက်ယှဉ်ပြိုင်ကြရာ ကင်ညာနိုင်ငံသားအပြေးသမားများက ပြိုင်ပွဲ၏ အမြင့်ဆုံးဆုများကို ဆွတ်ခူးသွားကြောင်း သိရသည်။

 

ထိုပြိုင်ပွဲကြီးတွင် ဂျပန်၊ စင်ကာပူ၊ ထိုင်း၊ တရုတ်၊ မလေးရှား၊ ပြင်သစ်၊ UK နှင့်  ဟောင်ကောင်တို့မှ နိုင်ငံတကာ အပြေးသမား ၆၆၀၊  ပြည်တွင်း မြန်မာ့လက်ရွေးစင်အပြေးသမားများနှင့် လက်ရှိမာရသွန်ပြိုင်ပွဲဝင်ကစားသမားများ၊ အပြေးဝါသနာပါသူများ၊ ကျန်းမာရေးလေ့လာလိုက်စားသူများ အပါအဝင် ကစားသမားပေါင်း ရှစ်ထောင်ကျော် ဝင်ရောက်ယှဉ်ပြိုင်ကြသည်။ ပြိုင်ပွဲ၏ အမြင့်ဆုံး မာရသွန်အပြည့် (၄၂) ကီလိုမီတာတန်းတွင် ကစားသမား ၃၇၁ ဦး၊ တစ်ဝက်မာရသွန် (၂၁) ကီလိုမီတာတန်းတွင် ကစားသမား ၁၇၄၄ ဦး၊ စိန်ခေါ်မာရသွန် (၁၀) ကီလိုမီ တာတန်းတွင် ၃၆၄၆ ဦး၊ (၃) ကီလိုမီတာ တန်းတွင် ၃၂၂၇ ဦး စုစုပေါင်းကစားသမား ၈၉၈၈ ဦး ဝင်ရောက်ယှဉ်ပြိုင်ကြကြောင်း သိရသည်။

 

ရှေးဦးစွာ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးလင်းနိုင်မြင့်နှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများက တာလွတ်အလံမြှောက်ကာ အချက်ပေးတာလွတ်ရာ ပြိုင်ပွဲဝင် ကစားသမားများက သုဝဏ္ဏ ပြိုင်ပွဲရုံ (၁)မှစတင်တာထွက်ပြီး  ဝေဇယန္တာလမ်း- ပုဇွန်တောင်လမ်း-ကမ်းနားလမ်း-ကြည့်မြင့်တိုင်-ဗဟိုလမ်း- လှိုင် - ရွာမလမ်း- အင်းစိန်လမ်းမ- အောင်သိဒ္ဓိလမ်းဆုံ-အင်းလျားလမ်း-ကမ္ဘာအေးဘုရားလမ်း-ကျောက်ကုန်း-မိုးကောင်းလမ်း - လေ့ထောင့်ကန်လမ်းနှင့် သုဝဏ္ဏဘောလုံးကွင်းအတိုင်း ပြိုင်ပွဲရုံသို့ပန်းဝင်းကာ ရန်ကုန်မြို့တစ်ခွင်ကို သက်မှတ်ကီလိုအကွာအဝေးအလိုက် ယှဉ်ပြိုင်ကြကြောင်း သိရသည်။  

 

ပြိုင်ပွဲများအပြီးတွင် ကီလိုတန်းသုံးခုအားဆုများချီးမြင့်ရာ  ၄၂ ကီလိုမီ တာတန်း အမျိုးသား/ အမျိုးသမီး အလိုက် ပထမဆုအမေရိကန် ဒေါ်လာ ၂၇၀ဝ၊ ဒုတိယဆု အမေရိကန် ဒေါ်လာ ၁၄၀ဝ၊ တတိယဆု အမေရိကန် ဒေါ်လာ ၉၀ဝ ကိုချီးမြင့်သည်။  ၂၁ ကီလိုမီတာ အမျိုးသား/အမျိုးသမီး ပထမဆုကိုအမေရိကန် ဒေါ်လာ ၁၆၀ဝ၊ ဒုတိယဆုကို အမေရိကန် ဒေါ်လာ ၉၀ဝ ၊ တတိယဆုကိုအမေရိကန် ဒေါ်လာ ၅၀ဝ ချီးမြှင့်သည်။ ၁၀ ကီလိုတန်းတွင် အမျိုးသား /အမျိုးသမီးအလိုက် ပထမဆုကို အမေရိကန် ဒေါ်လာ ၈၀ဝ၊ ဒုတိယဆုကို အမေရိကန် ဒေါ်လာ ၄၀ဝ၊ တတိယဆုကို အမေရိကန် ဒေါ်လာ ၂၅၀ ချီးမြင့်သည်။ ဆုများကို ပြိုင်ပွဲကျင်းပရေး ကော်မတီ နာယကများဖြစ်သော ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ မြလေးစိန်နှင့် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ အတွင်းရေးမှူးနှင့် တာဝန်ရှိသူများက ဆုရပြိုင်ပွဲဝင် ကစားသမားများအား ဆုများပေးအပ်ချီးမြင့်ကြောင်း သိရသည်။

 

ထိုပြိုင်ပွဲကြီးကို ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ (YCDC )၊Yoma Strategic Holding (YSH) နှင့် First Myanmar Investment (FMI) တို့ပူးပေါင်းစီစဉ်ကျင်းပခြင်းဖြစ်သည်။ ထိုပြိုင်ပွဲကြီးကို နိုင်ငံတကာ မာရသွန်ပြိုင်ပွဲ ကျင်းပရေးအဖွဲ့၏ ကမ်းလှမ်းချက်ဖြင့် မြန်မာနိုင်ငံသားများ ကျန်းမာသန်စွမ်းကာနိုင်ငံတကာ အဆင့်မီ အားကစားစိတ်ဓာတ်များနှင့် အားကစားအသိအမြင် ဗဟုသုတများပိုမိုကြွယ်ဝစေရန် နှစ်စဉ်ကျင်းပခြင်း ဖြစ်ကြောင်း သိရသည်။

 

သတင်း-မျိုးမင်းသိန်း(မရမ်းကုန်း)

 

ဓာတ်ပုံ-မျိုးကြီး

 

received_2216