အပူပိုင်းမုန်တိုင်း “ပါဘက်”(Pabuk) ကော့သောင်းမြို့၏ အရှေ့ တောင်ဘက် ပင်လယ်ပြင်ကို ဗဟိုပြုနေ

၃ ဇန်နဝါရီ

ဇန်နဝါရီ ၃ ရက် ည(၇)နာရီအချိန် မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ထုတ်ပြန်ချက်မှာ ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းနှင့် အနောက်အလယ်ပိုင်းတို့တွင် အများအားဖြင့် သာယာနေပြီး ကပ္ပလီပင်လယ်ပြင်နှင့် ကျန်ဘင်္ဂလားပင်လယ်အော်တို့တွင် တိမ်အသင့်အတင့် ဖြစ်ထွန်းနေသည်။

ထူးခြားသည့်အခြေအနေဖြင့် ယနေ့မြန်မာစံတော်ချိန်(၁၈:၃၀) နာရီအချိန် တိုင်းထွာ ချက်များအရ တောင်တရုတ်ပင်လယ်ပြင်တွင် ဖြစ်ပေါ်နေသော အပူပိုင်းမုန်တိုင်း “ပါဘက်”(Pabuk)သည် ထိုင်းနိုင်ငံ၊ နခွန်စီသမာရက်မြို့ (Nakhon Si Thammarat) ၏ အရှေ့တောင်ဘက် မိုင်(၂၇၀)ခန့်၊ မြန်မာနိုင်ငံ၊ ကော့သောင်းမြို့၏ အရှေ့ တောင်ဘက် (၃၈၅)မိုင်ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေပါသည်။ အဆိုပါ အပူပိုင်းမုန်တိုင်းသည် အနောက်-အနောက်မြောက်ဘက်သို့ ဆက်လက်ရွေ့လျားပြီး ကုန်းတွင်းသို့ မြန်မာနိုင်ငံ၊ ကော့သောင်းမြို့၏ တောင်ဘက်ရှိ နခွန်စီသမာရက်မြို့ (ထိုင်းနိုင်ငံ)အနီးမှ ဖြတ်ကျော်ဝင်ရောက်ပြီး ကပ္ပလီပင်လယ်ပြင်သို့ ရောက်ရှိနိုင်သည်ဟု ခန့်မှန်းထားကြောင်းသိရသည်။

မနက်ဖြန်မွန်းတည့်ချိန်အထိခန့်မှန်းချက်မှာ တနင်္သာရီတိုင်းဒေသကြီးတွင် နေရာ ကျဲကျဲနှင့် ရှမ်းပြည်နယ်တွင် နေရာကွက်ကျား မိုးရွာမည်။ ရွာရန်ရာနှုန်း(၈၀) ဖြစ်ပါ သည်။ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ် တို့တွင် တိမ်အသင့်အတင့် ဖြစ်ထွန်းပြီး ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် အများအားဖြင့် သာယာမည်။

မြန်မာ့ပင်လယ်ပြင်တွင် လှိုင်းအနည်းငယ်မှ အသင့်အတင့်ရှိမည်။ လှိုင်းအမြင့်မှာ မြန်မာ့ ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် (၃)ပေမှ (၇)ပေခန့် ရှိနိုင်နိုင်ကြောင်း သိရသည်။

နေပြည်တော်နှင့် မန္တလေးမြို့တို့ အနီးတစ်ဝိုက်အတွက် မနက်ဖြန်မွန်းတည့်ချိန်အထိ ခန့်မှန်းချက်မှာ အများအားဖြင့် သာယာမည်ဖြစ်ပြီး ရန်ကုန်မြို့နှင့် အနီးတစ်ဝိုက်အတွက် မနက်ဖြန်မွန်းတည့်ချိန်အထိ ခန့်မှန်းချက်မှာတော့ တိမ်အသင့်အတင့် ဖြစ်ထွန်းမည်။

နောက်(၂)ရက်အတွက်ခန့်မှန်းချက်မှာတော့ ရန်ကုန်တိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာကျဲကျဲမှ နေရာစိပ်စိပ် မိုးရွာနိုင်ကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ထုတ်ပြန်ထားသည် သိရသည်။

MDN