အရှေ့တောင်အာရှဒေသကို လွှမ်းမိုးနိုင်ဖို့ အပြိုင်အဆိုင် ကြိုးပမ်းနေကြတဲ့ အမေရိကန်နဲ့တရုတ် အင်တာနက်ကုမ္ပဏီများ

ကလျာမိုးမြင့်

 

အမြန်ဆုံးအနေအထားနဲ့ တိုးတက်လာနေတဲ့ အင်တာနက်ဈေးကွက်မှာ အမေရိကန် အင်တာနက် ကုမ္ပဏီကြီးတွေဖြစ်ကြတဲ့ ဂူဂဲလ်၊ အမေဇုန်နဲ့ မိုက်ခရိုဆော့ဖ် ကုမ္ပဏီတွေဟာ တရုတ်နည်းပညာ ကုမ္ပဏီတွေဖြစ်ကြတဲ့ အလီဘာဘာနဲ့ ဟွာဝေးကုမ္ပဏီတွေကို စိန်ခေါ်လျက်ရှိနေပါတယ်။

 

မြားဦးလှည့်

 

ပြီးခဲ့တဲ့နှစ်ရဲ့ ရာမာဒန်ဥပုသ်ကာလမှာ အင်ဒိုနီးရှားနိုင်ငံရဲ့ အကြီးဆုံး အွန်လိုင်းရှော့ပင်းကုမ္ပဏီဖြစ်တဲ့ တိုကျိုပီးဒီးယားရဲ့ တစ်ရက်အတွင်း အရောင်းရရှိမှုဟာ ပြီးခဲ့တဲ့ခြောက်နှစ်လုံးစာ ရောင်းချရတဲ့ ပမာဏထက်တောင် ပိုများခဲ့ပါတယ်။

 

ဒီတော့ မြင့်တက်လာတဲ့ ရောင်းအားကို ဆက်လက်ထိန်းထားနိုင်ဖို့အတွက် တိုကျိုပီးဒီးယားကုမ္ပဏီက ဂူဂဲလ်နဲ့ အလီဘာဘာရဲ့ အင်တာနက် ဆာဗာတွေကနေတစ်ဆင့် ရာမာဒန်ကာလမှာ အကောင်းဆုံး လှုပ်ရှားနိုင်ဖို့ အဲဒီကုမ္ပဏီတွေဆီ မြားဦးလှည့်လာကြပါတယ်။ ။

 

တိုကျိုပီးဒီးယားရဲ့ အင်ဂျင်နီယာပိုင်းဆိုင်ရာ အကြီးတန်းဒုတိယဥက္ကဋ္ဌ ဟာမန်ဝီဂျာဂျာက အရေးကြီးလှတဲ့ လက်ရှိလိုအချိန်မျိုးမှာ ဂူဂဲလ်နဲ့ အလီဘာဘာ အင်တာနက် ကုမ္ပဏီနှစ်ခုလုံးကို သုံးပြီး ၎င်းရဲ့ ဝက်ဘ်ဆိုက်တွေနဲ့ မိုဘိုင်း အပလီကေးရှင်းရဲ့ အခက်အခဲတွေကို အတတ်နိုင်ဆုံး နည်းနိုင်သမျှ နည်းအောင် လျှော့ချသွားမယ်လို့ အခိုင်အမာပြောကြားခဲ့ပါတယ်။

 

ပြိုင်ဆိုင်မှုကြီးထွားလာ

 

သို့သော်လည်းပဲ တိုကျိုပီးဒီးယားရဲ့ ရင်းနှီးမြှုပ်နှံတဲ့သူတစ်ဦးလည်း ဖြစ်ပြီး အင်ဒိုနီးရှား ဒေတာအချက်အလက် စင်တာနှစ်ခုလည်းရှိနေတဲ့ အလီဘာဘာ ကုမ္ပဏီကို ကျော်လွန်ပြီး လုပ်ငန်းချဲ့ထွင်ဖို့ ကြိုးပမ်းမယ့် ဆုံးဖြတ်ချက်ဟာ အရှေ့တောင်အာရှဒေသမှာ အမေရိကန်နဲ့ တရုတ်နည်းပညာ ကုမ္ပဏီတွေအကြား ပြိုင်ဆိုင်မှုကို ပိုမိုကြီးထွားလာစေခဲ့ပါတယ်။ ။

 

ယနေ့ကမ္ဘာမှာ အွန်လိုင်းကနေ ဝန်ဆောင်မှုပေးတဲ့ ဈေးကွက်ဟာ အမြန်ဆုံးကြီးထွားလာနေပြီး အွန်လိုင်းဝန်ဆောင်မှုတွေအတွက် နှစ်စဉ်သုံးစွဲ လာတဲ့ငွေကြေးဟာ လာမယ့် ၂၀၃၀ ပြည့်နှစ်မှာ အမေရိကန်ဒေါ်လာ ၇၆ ဘီလီယံအထိ ရောက်ရှိသွားနိုင်တယ်လို့ ခန့်မှန်းထားတယ်ဆိုတဲ့အကြောင်း ဈေးကွက်ထောက်လှမ်းရေး ကုမ္ပဏီတစ်ခုဖြစ်တဲ့ အိုင်ဒီစီကဖော်ပြထားတာကို တွေ့ရပါတယ်။

 

လက်လွတ်မခံနိုင်

 

ဒီလိုဈေးကွက်ကြီးတစ်ခုကိုရဖို့ ဘယ်ကုမ္ပဏီကမှ လက်လွတ်ခံချင်ကြမှာ မဟုတ်ဘူးလို့ နည်းပညာဆိုင်ရာ အချက်အလက်နဲ့ အကြံဉာဏ်တွေကို ပေးအပ်နေတဲ့ ကမ္ဘာလုံးဆိုင်ရာ သုတေသနနဲ့ အကြံပေးကုမ္ပဏီဖြစ်တဲ့ Gartner ရဲ့ အကြီးတန်းသုတေသနဒါရိုက်တာ တာအိုဝူက ပြောပါတယ်။

 

အလီကလောက် (Alicloud) လိုမျိုး တရုတ်အွန်လိုင်း ဈေးရောင်းကုမ္ပဏီဟာ အမေဇုန်ရဲ့ ဝက်ဆိုက် ဝန်ဆောင်မှုတွေနဲ့ တခြားကုမ္ပဏီတွေ အာရှ ပစိဖိတ်ဒေသမှာ လွှမ်းမိုးခြင်း မပြုနိုင်အောင် တားဆီးထားပါတယ်။ ဒီအခြေအနေမှာ ဟွာဝေးရဲ့ အင်တာနက်ကုမ္ပဏီ ပါဝင်လာတဲ့အခါမှာတော့ ပိုမို ပြင်းထန်တဲ့ ပြိုင်ဆိုင်မှုပတ်ဝန်းကျင်တစ်ရပ်အဖြစ် ရောက်ရှိလာစေခဲ့ပါတယ်။

 

 

ဒေတာစင်တာများတိုးချဲ့

 

ဈေးကွက်ပြိုင်ဆိုင်မှုတွေနဲ့အတူ အပြေးအလွှား ရင်းနှီးမြှုပ်နှံမှုတွေ လုပ်ဆောင်လာကြသလို ပြီးခဲ့တဲ့ သုံးနှစ်ကျော်အတွင်း အမေဇုန်၊ ဂူဂဲလ်၊ အလီဘာဘာ၊ တဲင်းဆဲင့်နဲ့ မိုက်ခရိုဆော့ဖ် ကုမ္ပဏီတွေဟာ ဒေသတွင်းမှာရှိတဲ့ ၎င်းတို့ရဲ့ ဒေတာစင်တာတွေကို ၇၀ ရာခိုင်နှုန်းနီးပါး တိုးချဲ့လာခဲ့ကြတယ်လို့ ဆိုင်နာဂျီ သုတေသနအဖွဲ့က ဆိုပါတယ်။ ။

 

အာရှဒေသမှာ အင်တာနက်ဆိုင်ရာ အခြေခံအဆောက်အအုံဖြစ်တဲ့ ဟာ့ဒ်ဝဲနဲ့ ဆော့ဖ်ဝဲ အစိတ်အပိုင်းတွေအတွက် ရင်းနှီးမြှုပ်နှံမှုဟာ ပြီးခဲ့တဲ့နှစ်က အမေရိကန်ဒေါ်လာ ၉၈ ဘီလီယံဖိုးအထိ ရှိခဲ့တယ်လို့ အိုင်ဒီစီက ဖော်ပြထားပါတယ်။ ရင်းနှီးမြှုပ်နှံမှုတွေထဲက အများစုဟာဆိုရင် အက်စ်အမ်အီးလို့ခေါ်တဲ့ အသေးစားနဲ့ အလတ်စား စီးပွားရေးလုပ်ငန်း ကုမ္ပဏီတွေ ဖြစ်ကြပေမယ့် ဒီကုမ္ပဏီတွေဟာလည်းပဲ တစ်ချိန်မှာတော့ ဒစ်ဂျစ်တယ်စီးပွားရေးဈေးကွက်ထဲ ရောက်ရှိလာခဲ့ကြပြီး ထောင်သောင်းချီတဲ့ ဝယ်သူတွေဆီက သိသာထင်ရှားတဲ့ တောင်းဆိုမှုတွေကို ထုနဲ့ထည်နဲ့ ရရှိခဲ့ပါတယ်။

 

နှစ်ဆတိုးလှုပ်ရှားလာ

 

ဖေ့စ်ဘုတ်နဲ့ အက်ပဲလ်လို နည်းပညာ ကုမ္ပဏီကြီးတွေအပါအဝင် ကမ္ဘာ့အကြီးဆုံး နည်းပညာစင်္ကြံတွေက တည်ထောင်ထားတဲ့ စကေးမြင့်ဒေတာ စင်တာလို့ခေါ်တဲ့ အဆောက်အအုံတွေ တစ်ကမ္ဘာလုံး အတိုင်းအတာနဲ့ တိုးပွားလာမှုဟာ လာမယ့် ၁၂ လကနေ ၂၄ လအတွင်းမှာ ဒေတာစင်တာ ကက်ပစီတီ မက်ဂါဝပ် ပမာဏအားဖြင့် တစ်နှစ်မှာ ၁၀ ရာနှုန်းလောက် ဖြစ်လာလိမ့်မယ်လို့ နည်းပညာဆိုင်ရာ ကျွမ်းကျင်သူတွေက ဆိုထားပြီး အာရှဒေသမှာဆိုရင် အဲဒီ တိုးပွားမှုဟာ ၂၅ ရာခိုင်နှုန်းလောက်အထိ ရှိလာနိုင်တယ်လို့ သိရပါတယ်။

 

 

ဥရောပနဲ့ အမေရိကန်ဈေးကွက်တွေမှာ ယှဉ်ပြိုင်ဘက် ပိုပြီးမြင့်တက်လာတဲ့ အခြေအနေကို ရင်ဆိုင်ဖို့ တရုတ်ရင်းနှီးမြှုပ်နှံသူတွေက အာရှမှာ နှစ်ဆတိုးပြီး လှုပ်ရှားလာကြပါတယ်။ အလီဘာဘာဂရုရဲ့ လုပ်ငန်းခွဲအုပ်စု၊ တစ်ခုဖြစ်တဲ့ အလီဘာဘာ ကလောက် ကုမ္ပဏီဟာ၂၀၁၈ ခုနှစ်က အင်ဒိုနီးရှား နိုင်ငံမှာ ပထမဆုံး လှုပ်ရှားသက်ဝင်လာတဲ့ အများပြည်သူသုံး အွန်လိုင်းရှော့ပင်း ဝန်ဆောင်မှုစင်္ကြံတစ်ခု ဖြစ်လာချိန်ကစပြီး ဂူဂဲလ်နဲ့ အမေဇုန်ကုမ္ပဏီဟာလည်းပဲ အဲဒီနည်းအတိုင်းလိုက်ဖို့ အစီအစဉ်တွေ ထုတ်ဖော်လာခဲ့ပါတယ်။

 

အာရှအတွက် အာရှမှာရှိနေမယ်

 

အလီဘာဘာကုမ္ပဏီဟာ တရုတ်ပြည်မကြီးပြင်ပမှာ ဒေတာစင်တာပေါင်း ၁၁ ခုအထိ ဖွင့်လှစ်လ ည်ပတ်ထားတဲ့အပြင် ပြီးခဲ့တဲ့လကလည်း လာမယ့်သုံးနှစ်ကျော်အထိ အွန်လိုင်းဝန်ဆောင်မှု ဈေးကွက်အတွက် အမေရိကန် ဒေါ်လာ ၂၈ ဘီလီယံ ရင်းနှီးမြှုပ်နှံမယ့်အကြောင်း ကြေညာခဲ့ပါတယ်။

 

ဖောက်သည်တွေအတွက် ၎င်းဆွဲဆောင်လိုက်တဲ့ စကားတစ်ခွန်းကတော့ ၎င်းဟာ အာရှအတွက် အာရှမှာရှိနေမယ်ဆိုတာပါပဲ။ ဒါပေမယ့် စီးပွားရေးလုပ်ငန်းစုတွေက ရင်းနှီးမြှုပ်နှံသူတစ်ဦးမက ရရှိအောင် ပိုမိုကြိုးပမ်းလာကြချိန်မှာ အလီဘာဘာအနေနဲ့ ဂူဂဲလ်လိုကုမ္ပဏီတွေကို ဈေးကွက်ရှယ်ယာရရှိမှု ရပ်တန့်သွားအောင်တော့ မလုပ်ဆောင်နိုင်ခဲ့ပါဘူး။

 

ပထမဆုံးဖြစ်လာမယ့် ဂူဂဲလ်

 

ဂူဂဲလ်ဟာ လာမယ့်လမှာ အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့မှာ ဒေတာစင်တာတစ်ခု စိုက်ထူမယ့် များပြားလှစွာသော အမေရိကန်အင်တာနက် ကုမ္ပဏီတွေထဲမှာ ပထမဆုံးကုမ္ပဏီတစ်ခု ဖြစ်လာလိမ့်မယ်လို့ ဂူဂဲလ်အင်တာနက်ရဲ့ အာရှ-ပစိဖိတ် မန်နေဂျင်းဒါရိုက်တာ ရစ်ဟော့ရှ်မန်က ပြောကြားခဲ့ပါတယ်။ သို့သော်လည်းပဲ မိတ်ဖက်ဆက်ဆံရေး အနေနဲ့ရော ရင်းနှီးမြှုပ်နှံသူတွေအနေနဲ့ပါ ရှိနေကြတဲ့ အရှေ့တောင်အာရှဒေသက ကုမ္ပဏီတွေရဲ့ ကျယ်ပြန့်တဲ့ ဆက်ဆံရေးအရ တရုတ်နည်းပညာကုမ္ပဏီတွေ ဆက်လက်ပါဝင် ယှဉ်ပြိုင်လာနိုင်ဖွယ် ရှိတယ်လို့ ၎င်းက သုံးသပ်ခဲ့ပါတယ်။ ။

 

ကိုးကား - ဖိုင်နန်ရှယ်တိုင်းမ်