အရှိန်အဟုန်ဖြင့် ရေရှည်တိုးတက်ရေး သမဝါယမများက ဆောင်ရွက်ပေး

အောင်သူရ (သမဝါယမ)

၁၉၀၄ ခုနှစ် ဒီဇင်ဘာလတွင် သမဝါယမဦးစီးဌာန မေမြို့ (ပြင်ဦးလွင်) ကို စတင်ဖွင့်လှစ်ခဲ့ပြီး ၁၉၀၅ ခုနှစ် ဇန်နဝါရီလ ၃ ရက်နေ့တွင် မြင်းမူမြို့နယ်၌ ငွေစုငွေချေးသမဝါယမအသင်း The First Agricultural Credit Cooperative Society ကို မှတ်ပုံတင်၍ အသင်းသား ၉၀ ဖြင့် စတင်ဖွဲ့စည်းခဲ့ခြင်းဖြင့် မြန်မာ့သမဝါယမလှုပ်ရှားမှု စတင်ပေါ်ပေါက်ခဲ့သည်။ ခေတ်အဆက်ဆက် သမဝါယမ အသင်းများ ရှင်သန်ဖွံ့ဖြိုးရေးအတွက် ဦးစီးဌာန၊ ဝန်ကြီးဌာန ဖွဲ့စည်းထူထောင်ပြီး လမ်းညွှန်ကြီးကြပ်မှုများဖြင့် ဆောင်ရွက်ခဲ့သည်။ ၁၇-၆-၂၀၂၁ ရက်နေ့တွင် သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနကို ဝန်ကြီးဌာနအသစ်အဖြစ် ပြန်လည် ဖွဲ့စည်းတည်ထောင်ခဲ့ကာ ခေတ်နှင့်အညီ မူဝါဒအသစ်များဖြင့် သမဝါယမလုပ်ငန်းများ ရှင်သန်ဖွံ့ဖြိုးလာစေရေးပန်းတိုင်ဆီသို့ လျှောက်လှမ်းလာခဲ့ရာ နှစ်နှစ်တာခရီး ရောက်ရှိခဲ့ပြီဖြစ်သည်။

ယနေ့အထိ ၃၈၇၀၉ သင်း ဖွဲ့စည်းထားရှိ

သမဝါယမဦးစီးဌာနက ပြည်သူတို့၏ လူမှုစီးပွားအတွက် ထိရောက်အကျိုးရှိမည့် မျှော်မှန်းချက်၊ ရည်မှန်းချက်၊ မူဝါဒများ၊ လုပ်ငန်းစဉ်များ၊ Action Plan (၉) ရပ် ချမှတ်၍ ပြည်သူများ၏ လူမှုစီးပွားဘဝမြင့်မားရေးနှင့် အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးနိုင်ရေးအတွက် သမဝါယမ အသင်းများဖွဲ့စည်းခြင်း (Organization)၊ စည်းရုံး ပညာပေးခြင်း(Education)၊ တည့်မတ်ပြုပြင်ပေးခြင်း (Regulation) တို့ကို သမဝါယမအသင်းဥပဒေ၊ နည်းဥပဒေ၊ ညွှန်ကြားချက်များနှင့်အညီ ဆောင်ရွက်ပေးလျက်ရှိသည်။သမဝါယမအသင်းများ ဖောင်းပွမှုမရှိဘဲ ကျစ်လျစ်ခိုင်မာစေရေးအတွက် ၂၀၂၁ ခုနှစ် ဇွန်လမှ ၂၀၂၃ ခုနှစ် မေလအထိ အလုပ်မလုပ်သည့်/ စာရင်းရှင်းလင်းဖျက်သိမ်းသင့်သည့် သမဝါယမအသင်း ၉၈၃ သင်းကို စာရင်းရှင်းလင်းဖျက်သိမ်းခဲ့သည်။ နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီလက်ထက်တွင် ဖွဲ့စည်းခဲ့ပြီးသော အသင်းဟောင်းများထဲမှ စိုက်ပျိုးရေးလုပ်ငန်းကို အမှန်တကယ်လုပ်ကိုင်လိုသူများအား စည်းရုံးကာ စိုက်ပျိုးထုတ်လုပ်ရေး သမဝါယမအသင်း ၉၁၇ သင်းကို ပြုပြင်ဖွဲ့စည်းနိုင်ခဲ့သည်။ ထို့အပြင် ထပ်မံ၍ မွေးမြူရေးလုပ်ငန်းတွင် အမှန်တကယ်လုပ်ကိုင် လိုသူများအား စည်းရုံးကာ မွေးမြူရေးနှင့် အထွေထွေ သမဝါယမအသင်းသစ် ၄၄ သင်း ဖွဲ့စည်းပေး နိုင်ခဲ့ပြီး ကုန်ထုတ်လုပ်မှုသမဝါယမအသင်း ၂၆၈ သင်း၊ ဝန်ဆောင်မှုသမဝါယမအသင်း ၂၆ သင်း၊ ကုန်သွယ်မှု သမဝါယမအသင်း ၆၂ သင်းကို ဖွဲ့စည်းမှတ်ပုံတင် ပေးနိုင်ခဲ့ခြင်းကြောင့် စုစုပေါင်း အသင်းသစ် ၃၅၆ သင်း ဖွဲ့စည်းနိုင်ခဲ့၍ ယနေ့အထိ ၃၈၇၀၉ သင်း ဖွဲ့စည်းထားရှိပြီးဖြစ်သည်။ ကဏ္ဍအလိုက် ဖွဲ့စည်းမှုအနေဖြင့် ထုတ်လုပ်မှုသမဝါယမ အသင်း ၃၁၉၉၀၊ ဝန်ဆောင်မှုသမဝါယမအသင်း ၃၆၀၄ သင်းနှင့် ကုန်သွယ်မှုသမဝါယမအသင်း ၃၁၁၅ သင်းဟူ၍ဖြစ်သည်။

ကုန်ထုတ်လုပ်မှုသမဝါယမအသင်းများတွင် စိုက်ပျိုးထုတ်လုပ်မှုလုပ်ငန်းများအတွက် လိုအပ်သော မျိုးကောင်းမျိုးသန့်၊ သွင်းအားစု၊ လုပ်အားခ၊ ထွန်ယက်ခအတွက် ဆီဖိုးလိုအပ်ချက်တို့ကို ကူညီထောက်ပံ့ပေးခြင်းနှင့် လယ်ယာသုံးစက်ကိရိယာများ ထောက်ပံ့ခြင်းများ ဆောင်ရွက်ခြင်းဖြင့် သီးနှံများအထွက်တိုး၍ ကျေးလက်နေတောင်သူများ ဝင်ငွေပိုမိုတိုးမြှင့်ရရှိရေးဆောင်ရွက်လျက်ရှိသည်။

 ပြည်တွင်းကုန်ကြမ်းများဖြင့် သဘာဝမြေဩဇာများကို ထုတ်လုပ်နိုင်ရေးအတွက် နေပြည်တော်/ မန္တလေးမြို့တို့တွင် စမ်းဝတီမွေးမြူရေးနှင့် သဘာဝမြေဩဇာစက်ရုံ၊ ရှမ်းပြည်နယ် သမဝါယမအသင်းစုချုပ်က ဗေဒါအားဖြည့်သဘာဝမြေဩဇာ စက်ရုံ၊ ရပ်စောက်မြို့နယ် သမဝါယမအသင်းစု လီမိတက်က စွမ်းထက်အားဖြည့် သဘာဝမြေဩဇာ စက်ရုံတို့ကိုတည်ထောင်၍ စိုက်ပျိုးထုတ်လုပ်ရေး သမဝါယမအသင်းများမှတစ်ဆင့် အသင်းသား တောင်သူများကို ဖြန့်ဖြူးပေးနိုင်ရေးအတွက် ဆောင်ရွက်ပေးလျက်ရှိသည်။

ပြည်ထောင်စုဘတ်ဂျက်မှ ၅၀ ရာခိုင်နှုန်း ထောက်ပံ့ငွေဖြင့် စက်ကိရိယာ ၇၅ စီး၊ တိုင်းဒေသကြီး/ ပြည်နယ်အစိုးရဘတ်ဂျက်မှ ၅၀ ရာခိုင်နှုန်း၊ ၁၀၀ ရာခိုင်နှုန်း ထောက်ပံ့ငွေဖြင့် စက်ကိရိယာ ၄၄ စီး၊ အသင်း/ အသင်းသားပိုင်ငွေဖြင့် ဝယ်ယူသည့် ရိတ်သိမ်းခြွေလှေ့စက် ၁၁၄ စီး၊ ထွန်စက်ကြီး ၄၅၂ စီး၊ အခြားစက်ကိရိယာ ၆၄ စီးတို့ဖြင့် လယ်ယာ အထောက်အကူပြု ဝန်ဆောင်မှုသမဝါယမအသင်း များက အသင်းသားများ စိုက်ပျိုးသောလယ်ယာမြေများအား ပြင်ပပေါက်ဈေးထက် သက်သာသော ရိတ်သိမ်း/ ထွန်ယက်ခနှုန်းထားများဖြင့် သီးနှံများ ရာသီချိန်မီစိုက်ပျိုးနိုင်ရေး လယ်ယာဝန်ဆောင်မှု လုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိသည်။
 
အသင်းသားတောင်သူများ ဝင်ငွေတိုးတက်ရရှိ

တိုင်းဒေသကြီး/ ပြည်နယ် ခုနစ်ခု၊ မြို့နယ် ၂၅ ခု၊ ကျေးရွာ/ အသင်း ၇၂ သင်း၊ အသင်းသား ၃၂၇၇ ဦး စိုက်ပျိုးထားသော ၂၀၄၀၉ ဒသမ၂၆ ဧကတို့တွင် နွေစပါးစိုက်ပျိုးနိုင်ရန်အတွက် နိုင်ငံ့စီးပွား မြှင့်တင်ရေးရန်ပုံငွေနှင့် အသင်းပိုင်ငွေ ကျပ်သန်း ၄၀၃၇ ဒသမ ၆၁၄ ဖြင့်လည်းကောင်း၊ တိုင်းဒေသ ကြီး သုံးခု၊ မြို့နယ် ၂၃ ခု၊ ကျေးရွာ/ အသင်း ၃၁၈ သင်း၊ အသင်းသား ၁၇၆၉၄ ဦး စိုက်ပျိုးထားသော ၁၂၈၃၆၇ ဧကတို့တွင် ပဲတီစိမ်းစိုက်ပျိုးနိုင်ရန် အတွက် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေနှင့် အသင်း ပိုင်ငွေကျပ် ၁၆၆၂ သန်းဖြင့်လည်းကောင်း ဆောင်ရွက်ပေးခဲ့သည့်အတွက် တစ်ဧကသီးနှံ အထွက်နှုန်းတိုးပြီး ကျေးလက်နေအသင်းသားတောင်သူများ ဝင်ငွေတိုးတက်ရရှိခဲ့၍ လူမှုစီးပွားဘဝဖွံ့ဖြိုး တိုးတက်လျက်ရှိသည်။ တိုင်းဒေသကြီး ၁၃ ခု၊ မြို့နယ် ၁၇၂ ခု၊ ကျေးရွာ/ အသင်း ၉၄၀၊ အသင်းသား ၂၈၀၆၆ ဦး စိုက်ပျိုးထားသော ၁၂၀၃၂၁ ဒသမ ၈၈ ဧကတို့တွင် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ ငွေကျပ် ၂၄၃၂၃ ဒသမ ၈၀၈ သန်း ရယူ၍ မိုးစပါး စိုက်ပျိုးနိုင်ရေး လျာထားဆောင်ရွက်လျက်ရှိသည်။

သမဝါယမအသင်းပိုင် ငါးကန်များနှင့် အင်းများမှ ငါးများအား ပိုမိုမွေးမြူထုတ်လုပ် ရောင်းချနိုင်ရန်နှင့်  ရေထွက်ကုန်လုပ်ငန်း ဆောင်ရွက်လျက်ရှိသော သမဝါယမအသင်း ၁၃ သင်းအနေဖြင့် ပြည်တွင်း/ ပြည်ပသို့ တိုးချဲ့တင်ပို့ ရောင်းချနိုင်ရေး ဆောင်ရွက်လျက်ရှိသည်။ နိုင်ငံတော်အကြီးအကဲ၏လမ်းညွှန်မှုဖြင့် ရခိုင်ပြည်နယ်နှင့် ရှမ်းပြည်နယ်တို့တွင် နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် ဒေသနွားမွေးမြူရေး လုပ်ငန်းများကို မွေးမြူလုပ်ကိုင်လျက်ရှိရာ ယနေ့အထိ နွားထီး ၃၈၈ ကောင်၊ နွားမ ၂၆၃ ကောင် စုစုပေါင်း ၆၅၁ ကောင်၊ နွားခြံတည်ဆောက်မှု ၃၈ ခြံ၊ နွားစာမြက် စိုက်ပျိုးမှု ရှစ်ဧကတို့ ဆောင်ရွက်ပြီးဖြစ်ပြီး နို့စားနွားများ ထပ်မံမွေးမြူရန် ဆောင်ရွက်လျက်ရှိ သည်။ သမဝါယမအသင်းပိုင်ငွေကျပ် ၁၈၇၈၁ ဒသမ ၆၉၇ သန်းဖြင့် ကြက် ၂၀၉၉၂၉ ကောင်၊ ဝက် ၂၁၇၂၂၁ ကောင်၊ ဆိတ် ၁၀၅၀၁ ကောင်၊ နွား ၉၉၀၅ ကောင်၊ နွားနောက် ၃၀၁ ကောင်၊ ဘဲနှင့် ငါးတို့ကိုလည်း မွေးမြူဆောင်ရွက်လျက်ရှိသည်။

ဝန်ဆောင်မှုသမဝါယမအသင်း ၃၆၀၄ သင်း ဖွဲ့စည်းထားရှိပြီး ဌာနဆိုင်ရာ၊ ဈေးနှင့် အသေးစားငွေစုငွေချေးသမဝါယမအသင်းများ ဖွံ့ဖြိုးတိုးတက်လာစေရန် အသင်းသားများ၏အစုနှင့် စုဆောင်းငွေများ တိုးမြှင့်လာစေရေး စည်းရုံးခြင်း၊ အစုများ တိုးမြှင့်နိုင်ခြင်းမရှိပါက စီးပွားရေးလုပ်ငန်း လုပ်ဆောင်ပြီး ရရှိလာသည့် အကျိုးအမြတ်အပေါ် အစုတိုးမြှင့်ပေးခြင်းတို့ကို ဆောင်ရွက်ပေးလျက်ရှိသည်။အသင်းသားများက ငွေစုဆောင်းတတ်သည့် အလေ့အကျင့်ကောင်းများ ရှိလာစေရေးကိုလည်း စည်းရုံးဆောင်ရွက်ပေးလျက်ရှိသည်။ အခြား ဝန်ဆောင်မှုလုပ်ငန်းများ၊ ဆေးရုံ၊ ဆေးခန်းများ ဖွင့်လှစ်ပြီး ကျန်းမာရေးဝန်ဆောင်မှုပေးခြင်းကို လုပ်ကိုင်ဆောင်ရွက်ပေးလျက်ရှိသည်။

သမဝါယမအသင်းပိုင် စက်ရုံ၊ အလုပ်ရုံများထူထောင် 

စက်မှုလက်မှုကုန်ထုတ် သမဝါယမအသင်းများကလည်း ဆန်စက်၊ ဆီစက်၊ ပဲခွဲစက်၊ နို့ချက်စက်ရုံ၊ ရက်ကန်း၊ အထည်ချုပ်၊ ရေခဲစက် စသည်ဖြင့် သမဝါယမအသင်းပိုင် စက်ရုံ၊ အလုပ်ရုံများကို ထူထောင်ဆောင်ရွက်လျက်ရှိပြီး ထွက်ရှိသည့် ပစ္စည်းများကို ပြည်တွင်း/ ပြည်ပဈေးကွက် အသီးသီးသို့ ဖြန့်ဖြူးရောင်းချလျက်ရှိသည်။ ပြည်ထောင်စုဝန်ကြီး၏ ကူညီထောက်ပံ့ပေးမှု၊ သက်ဆိုင်ရာ တိုင်းဒေသကြီး/ ပြည်နယ်အစိုးရ ဘတ်ဂျက်တို့ဖြင့် ကချင်ပြည်နယ်တွင် ဆီစက်လေးလုံး၊ ပဲခူးတိုင်းဒေသကြီးတွင် ဆီစက်နှစ်လုံး၊ မကွေးတိုင်းဒေသကြီးတွင် ဆီစက်နှစ်လုံး၊ ဧရာဝတီ တိုင်းဒေသကြီးတွင် ဆီစက်နှစ်လုံး၊ နေပြည်တော်တွင် ဆီစက်တစ်လုံး စုစုပေါင်း ဆီစက် ၁၁ လုံးကို ထူထောင်ပေးပြီး ပြည်တွင်းစားသုံးဆီဖူလုံရေးအတွက် အထောက်အကူပြုစေရေး ဆောင်ရွက်ပေး လျက်ရှိသည်။ ရှမ်းပြည်နယ် မိုင်းယောင်းမြို့တွင် တန် ၃၀ ကျ ဆန်စက်တစ်လုံး၊ မွန်ပြည်နယ် မော်လမြိုင်မြို့တွင် တန် ၆၀ ကျ ဆန်စက်တစ်လုံး၊ နေပြည်တော်တွင် ရွှေဇေယျာသမဝါယမအသင်းပိုင် ဆန်စက်ကို ထူထောင်နိုင်ခဲ့ပြီး မန္တလေးမြို့တွင်လည်း နို့ချက်စက်ရုံကို ပြင်ဆင်မွမ်းမံလည်ပတ်စေလျက်ရှိသည်။

ဒေသတစ်ခု၊ ထုတ်ကုန်တစ်ခု (One Region, One Product) အနေဖြင့် ကုန်ကြမ်းရရှိမှုနှင့် ငွေကြေးအရင်းအနှီးပေါ်မူတည်၍ ဝါးခမောက်၊ ရက်ကန်း၊ ဂျုံရိုးဦးထုပ်၊ ခြင်းတောင်း၊ တံမြက်စည်း၊ အိုး၊ သင်ဖြူးဖျာ၊ ပန်းပဲ၊ အိုးစည်နှင့် ယွန်းလုပ်ငန်း စသည်ဖြင့် လုပ်ငန်းများကို သမဝါယမအသင်းများ ဖွဲ့စည်း၍ တစ်ပိုင်တစ်နိုင် လုပ်ကိုင်ဆောင်ရွက်လျက်ရှိသည်။

ကုန်သွယ်မှုသမဝါယမအသင်း ၃၁၁၅ သင်း ဖွဲ့စည်းထားရှိပြီး အစိုးရဝန်ထမ်းပေါင်းစုံ သမဝါယမအသင်း၊ အထွေထွေစီးပွားရေးလုပ်ငန်း သမဝါယမအသင်း၊ ရောင်းဝယ်ရေးသမဝါယမအသင်း၊ အမှတ်တရပစ္စည်းများ ရောင်းချသည့် သမဝါယမအသင်း၊ ပို့ကုန်သွင်းကုန်လုပ်ငန်း‌ ဆောင်ရွက်နေသော သမ ဝါယမအသင်းများက ပြည်တွင်း/ ပြည်ပ ကုန်သွယ်မှု လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိသည်။

ရောင်းဝယ်ရေး သမဝါယမအသင်းများမှ အရောင်းဆိုင် ၃၀၃ ဆိုင် ဖွင့်လှစ်ထားရှိပြီးဖြစ်သည်။ လူသုံး၊ အိမ်သုံးပစ္စည်းများအား ပြည်သူများ ပစ္စည်းမှန်၊ ဈေးမှန် လွယ်လင့်တကူဝယ်ယူရရှိနိုင်ရေး သမဝါယမအရောင်းဆိုင်များကို အဆင့်မြှင့်တင်ပြီး ရောင်းအားကောင်းသောပစ္စည်းများ ရောင်းချနိုင်ရေး ဆောင်ရွက်လျက်ရှိသည်။

စိုက်ပျိုးရေး၊ မွေးမြူရေး၊ ဆန်စက်၊ ဆီစက် လုပ်ငန်းများ ဆောင်ရွက်နိုင်ရန် တိုင်းဒေသကြီး/ ပြည်နယ်အစိုးရများသို့ ခွဲဝေပေးထားသည့် နိုင်ငံ့စီးပွားမြှင့်တင်ရေး အရင်းမပျောက် မတည်ငွေရယူပြီး မြစိမ်းရောင် (သမဝါယမ) စီမံကိန်းကို အကောင် အထည်ဖော်ဆောင်ရွက်လျက်ရှိရာ တိုင်းဒေသကြီး/ ပြည်နယ်၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ၁၀ ခု၊ မြို့နယ် ၅၁ ခု၊ ကျေးရွာ/ အသင်း ၂၀၁ သင်း၊ အသင်း သား ၁၁၁၉၁ ဦးသို့ ငွေကျပ် ၉၉၇၅ ဒသမ၃၀ သန်းနှင့် ညီမျှသော မျိုး၊ သွင်းအားစု၊ တိရစ္ဆာန်အစာ၊ ကုန်ကြမ်းပစ္စည်း စသည်တို့ကို အသင်းသားများ၏ ဆန္ဒနှင့် အညီ ထောက်ပံ့ဆောင်ရွက်ပေးလျက်ရှိသည်။

၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် ပြည်ထောင်စုဘတ်ဂျက်၊ တိုင်းဒေသကြီး/ ပြည်နယ်အစိုးရ ဘတ်ဂျက်မှ ထုတ်လုပ်၊ ဝန်ဆောင်၊ ကုန်သွယ် သမဝါယမအသင်းများ အဆင့်မြှင့်တင်ခြင်းလုပ်ငန်းအတွက် ပြည်ထောင်စုဘတ်ဂျက်ဖြင့် နေပြည်တော် ကောင်စီအပါအဝင် တိုင်းဒေသကြီး/ ပြည်နယ် ၁၀ ခုတို့ကို မျိုးစပါး၊ မြေဩဇာထောက်ပံ့ပေးခြင်း၊ Daedong စက်ကိရိယာ ၇၅ စီး ထောက်ပံ့ပေးခြင်း တို့အတွက် ငွေကျပ် ၇၉၄ ဒသမ ၇၅၂ သန်း၊ တိုင်းဒေသကြီး/ ပြည်နယ်အစိုးရဘတ်ဂျက်ဖြင့် စက်ကိရိယာ ၄၄ စီးအတွက် ငွေကျပ် ၃၀၅ ဒသမ၇၆၄ သန်းကို စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းဆောင်ရွက် ခြင်းနှင့် ကုန်သွယ်သမဝါယမအသင်း အဆင့်မြှင့်တင်ခြင်းတို့အတွက် ငွေကျပ် ၂၀၇၀ ဒသမ ၉၅၂ သန်းကို ဆောင်ရွက်ပေးနိုင်ခဲ့သည်။

 ပြည်ထောင်စုဝန်ကြီး၏ လမ်းညွှန်ချက်များနှင့်အညီ စိတ်သစ်လူသစ်မူဝါဒသစ်များဖြင့် ရွာငံမြို့နယ်တွင် ဆောင်ရွက်လျက်ရှိသော ကော်ဖီ ဝယ်ယူကြိတ်ခွဲရောင်းချသည့် အသင်းမှ အကျိုးအမြတ်ခွဲဝေပေးသည့် နမူနာကို စံပြု၍ ဖြစ်ပေါ်လာသည့် အကျိုးအမြတ်ငွေများကို ရာသီ/ အချိန် အလိုက် အသင်းသားများအား ထိထိရောက်ရောက် ခွဲဝေပေးခြင်း၊ အသင်း၏ရှယ်ယာများ တိုးမြှင့်ပေး ခြင်း၊ အသင်း၏စီးပွားရေးလုပ်ငန်းတွင် ပြန်လည်သတ်မှတ်ထည့်ဝင်စေခြင်းတို့ ဆောင်ရွက်သွားမည် ဖြစ်သည်။

စာရင်းရေး စာရင်းကိုင် သက်မွေးပညာ သင်တန်းကျောင်းများဖွင့်လှစ်

သမဝါယမ စာရင်းရေး စာရင်းကိုင် သက်မွေး ပညာသင်တန်းကျောင်းများကို တောင်ကြီး၊ မန္တလေး၊ မကွေး၊ မော်လမြိုင်၊ ပုသိမ်မြို့တို့တွင် ဖွင့်လှစ်ဆောင်ရွက်ထားရှိသည်။ သင်တန်းကာလ နှစ်နှစ်ဖြစ်၍ ထူးချွန်အောင်မြင်သူများကို သမဝါယမကောလိပ်များသို့ ပေါင်းကူးတက်ရောက်ကာ ဆက်လက်ပညာသင်ယူနိုင်စေပြီး သမဝါယမအသင်းများနှင့် ကုမ္ပဏီများတွင် အလုပ်အကိုင် အခွင့်အလမ်းများရရှိအောင် ဆောင်ရွက်ပေးလျက်ရှိသည်။

အဖွဲ့အစည်းဆိုင်ရာ ဖွံ့ဖြိုးမှုသဘောတရားများ၊ အပြောင်းအလဲစီမံခန့်ခွဲမှု(Change Manage-ment) သဘောတရားများကို ဌာနဝန်ထမ်းများနှင့် အသင်းဝန်ထမ်းများ သိရှိလိုက်နာစေရန် ဆောင်ရွက်ပေးလျက်ရှိရာ မဲခေါင် - လန်ချန်း ပူးပေါင်းဆောင်ရွက်မှု  အထူးရန်ပုံငွေတို့ဖြင့် စွမ်းဆောင်ရည် မြှင့်တင်ပေးခြင်းသင်တန်းများ၊ အလုပ်ရုံဆွေးနွေးပွဲများ၊ စုဆောင်းငွေအားပေး မြှင့်တင်ရေး စည်းရုံးလှုံ့ဆော်ခြင်းသင်တန်းတို့ကို ဖွင့်လှစ်ဆောင်ရွက်လျက်ရှိသည်။

ဝန်ကြီးဌာနအနေဖြင့်လည်း စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများ ဆောင်ရွက်နေသည့် တောင်သူများကို လိုအပ်သည်များ ကွင်းဆင်း ဆောင်ရွက်ပေးလျက်ရှိရာ ကိုယ်ကိုယ်တိုင်လုပ်၊ ကိုယ်ကိုယ်တိုင်သိပြီး တောင်သူများသို့ အတွေ့ အကြုံများမျှဝေပေးနိုင်ရန် ရုံးပတ်ဝန်းကျင်တွင် ကြက်၊ ဘဲမွေးမြူရေးလုပ်ငန်းများ ဆောင်ရွက်ခြင်း၊ ငါးမွေးမြူရေးလုပ်ငန်း ဆောင်ရွက်ခြင်း၊ စံပြစက်မှု လယ်ယာဖော်ထုတ်ဆောင်ရွက်ခြင်း၊ ဟင်းသီးဟင်းရွက်စိုက်ပျိုးခြင်း၊ နွားမွေးမြူရေးလုပ်ငန်း ဆောင်ရွက်ခြင်းတို့ကို စံနမူနာအဖြစ် စီမံဆောင်ရွက် လျက်ရှိသည်။ တိုင်းဒေသကြီး/ ပြည်နယ်များမှ ဒေသထွက်ကုန်များအား ဝန်ထမ်းများ ဈေးနှုန်း ချိုသာစွာဖြင့် လွယ်လင့်တကူဝယ်ယူရရှိနိုင်ရေး အတွက် MCRD (Coop Mart) ဖွင့်လှစ်၍ ရောင်းချဆောင်ရွက်ပေးလျက်ရှိသည်။

ကမ္ဘာ့ထိပ်တန်းသမဝါယမအသင်း ၃၀၀ က ထုတ်လုပ်ဝန်‌ဆောင် ကုန်သွယ်ကဏ္ဍအလိုက် ဦးဆောင်၍ အောင်မြင်နေသောသမဝါယမအသင်း များမှာ ဂျပန်နိုင်ငံ Zen-Noh စိုက်ပျိုးရေးနှင့် စားရေရိက္ခာထုတ်လုပ်သော သမဝါယမအသင်း၊ စပိန်နိုင်ငံ Mondragon စက်မှုကုန်ထုတ်သမဝါယမ အသင်း၊ ဂျာမနီနိုင်ငံ REWE Group ကုန်သွယ်မှု သမဝါယမအသင်း၊ ဂျပန်နိုင်ငံ Nippon Life အာမခံ သမဝါယမအသင်း၊ ပြင်သစ်နိုင်ငံ Credit Agricole ငွေကြေးဝန်ဆောင်မှုသမဝါယမအသင်း၊ ဘရာဇီး နိုင်ငံ Sistema Unimet ပညာရေး၊ ကျန်းမာရေး၊ လူမှုရေးဝန်ဆောင်မှုသမဝါယမအသင်းနှင့် နော်ဝေ နိုင်ငံ OBOS BBL အခြားဝန်ဆောင်သမဝါယမ အသင်းများဖြစ်ကြသည်။

ယခုနှစ်ဆိုလျှင် ၁၀၁ နှစ် တိုင်ခဲ့ပြီ

ဗဟိုသမဝါယမအသင်းသည် ၇-၉-၁၉၉၃ ရက်နေ့၌ အပြည်ပြည်ဆိုင်ရာသမဝါယမ အဖွဲ့ချုပ်တွင် အသင်းဝင်အဖြစ်ပါဝင်ခဲ့သည်။ အပြည်ပြည် ဆိုင်ရာသမဝါယမနေ့ကို ၁၉၂၃ ခုနှစ်မှစတင်၍ ကျင်းပဆောင်ရွက်ခဲ့ရာ ယခုနှစ်ဆိုလျှင် ၁၀၁ နှစ် တိုင်ခဲ့ပြီဖြစ်သည်။ ကုလသမဂ္ဂအထွေထွေညီလာခံ ကြီးက နှစ်စဉ် ဇူလိုင်လ ပထမပတ်စနေနေ့ကို အပြည်ပြည်ဆိုင်ရာသမဝါယမနေ့ (ICA Day) အဖြစ် သတ်မှတ်ပေးခဲ့ခြင်းဖြစ်ပြီး မြန်မာနိုင်ငံတွင်လည်း နှစ်စဉ် အပြည်ပြည်ဆိုင်ရာ သမဝါယမနေ့အထိမ်း အမှတ်အခမ်းအနားကို ကျင်းပခဲ့ရာ ယနေ့ဆိုလျှင် (၂၉) ကြိမ်ရှိခဲ့ပြီဖြစ်သည်။

သို့ပါ၍ မြန်မာ့သမဝါယမများအနေဖြင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ လမ်းညွှန်မှု၊ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၏ ဦးဆောင်မှုတို့ဖြင့် သမဝါယမဦးစီးဌာန၊ သမဝါယမအသင်းနှင့် အသင်းသားပြည်သူများက ၂၀၂၃ ခုနှစ် အပြည်ပြည်ဆိုင်ရာ သမဝါယမနေ့ဆောင်ပုဒ် ဖြစ်သော “Cooperatives: partners for accele- rated sustainable development” “အရှိန်အဟုန် ဖြင့် ရေရှည်တိုးတက်ရေး သမဝါယမများက ဆောင်ရွက်ပေး” ဆောင်ပုဒ်နှင့်အညီ ဆောင်ရွက်မှု အခြေအနေများအား  အပြည်ပြည်ဆိုင်ရာ သမဝါယမနေ့ကို ဂုဏ်ပြုရေးသားတင်ပြလိုက်ရပါသည်။ ။