အရည်အချင်းနှင့် စွမ်းဆောင်ရည်တို့၏ မှတ်ကျောက်

၂၂ မတ်

ယနေ့ကာလသည် အသွင်ကူးပြောင်းရေးကာလ၊ တစ်နည်းအားဖြင့် ဒီမိုကရေစီအသွင် ကူးပြောင်းရေး အကောင်အထည် ဖော်နေသည့်ကာလ ဖြစ်သည်။ ခေတ်ဟောင်းစနစ်ဟောင်းတစ်ခုမှ ခေတ်သစ်စနစ်သစ်တစ်ခုဆီသို့ ကူးပြောင်းရာတွင် အတိတ်ကာလ၏ ကောင်းမွေဆိုးမွေတို့ကိုပါ ကြိုက်သည်ဖြစ်စေ၊ မကြိုက်သည်ဖြစ်စေ ပခုံးပြောင်းခံယူရပြီးမှ ယင်းတို့ကို အခြေခံကာခေတ်သစ်စနစ်သစ်သို့ ပုံဖော်တည် ဆောက်ကြရမြဲ ဖြစ်သည်။ လက်ရှိ မိမိတို့နိုင်ငံတွင် ဖြစ်ပေါ်နေသော မိမိတို့ ယနေ့ရင်ဆိုင်နေရသော စိန်ခေါ်မှုများမှာ အတိတ်ကာလ၏ ဆိုးမွေများပင်ဖြစ်ပြီး အသွင်ကူးပြောင်းရေးကာလအတွင်း မဖြစ်မနေ ရင်ဆိုင်ဖြေရှင်းသွားကြရမည်သာ ဖြစ်သည်။

အသွင်ကူးပြောင်းရေး ဆောင်ရွက်နေကြရသည့် ရည်မှန်းချက်ပန်းတိုင်မှာ ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စုနိုင်ငံကြီး တည်ဆောက်ရန်အတွက် ဖြစ်သည်။ လွတ်လပ်ပြီးစကာလ ဆယ်စုနှစ်တစ်ခု စွန်းစွန်းမျှသာ မိမိတို့နိုင်ငံသည် ဒီမိုကရေစီစနစ်ကို ကျင့်သုံးခဲ့ရပြီး နုနယ်လှသော ဒီမိုကရေစီကျင့်စဉ်ကလေးမှာ သက်တမ်းတိုတိုဖြင့် နိဂုံးချုပ်ခဲ့ရဖူးသည်။ ကျန်ရာစုနှစ် ထက်ဝက်ခန့် ကာလတွင်မူ ပြည်သူလူထုမှာ နိုင်ငံရေးနှင့် အနေဝေးကာ နိုင်ငံရေးအတွေ့အကြုံအားနည်းခြင်း၊ နိုင်ငံရေး ယဉ်ကျေးမှု ရေချိန်နိမ့်ကျခြင်း စသော အကျိုးဆက်များ ဖြစ်ပေါ်ခဲ့သည်။ ဆယ်စုနှစ်ပေါင်းများစွာ ဗဟိုဦးစီးစနစ် တစ်မျိုးပြီး တစ်မျိုးတို့ အောက်တွင်သာ နေထိုင်ခဲ့ကြရသည့် အလျောက် ဒီမိုကရေစီစနစ်နှင့် ဒီမိုကရေစီ ကျင့်စဉ်တို့ကို နဖူးတွေ့ဒူးတွေ့ တွေ့ကြရသည့်အခါတွင် နိုင်ငံရေး ပျိုးထောင်မှု ကင်းမဲ့ခဲ့ခြင်းကြောင့် အသားမကျသည့် အခြေအနေများနှင့် တွေ့ ကြုံကြရသည်။

မည်သို့ပင်ဖြစ်စေကာမူ စိန်ခေါ်မှုများ၊ အခက်အခဲ၊ အကျပ်အတည်းများ အားလုံး၏ သော့ချက်ကျသော အဖြေမှာ “စုပေါင်းအင်အား” ဖြစ်သည်။ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် အဓိကကျသော လိုအပ်ချက်မှာလည်း “စုပေါင်းအင်အား” ပင်ဖြစ်သည်။ စိန်ခေါ်မှုအကျပ်အတည်းများကို မဖြစ်မနေ ဖြေရှင်းမည်။ ဖွံ့ဖြိုးတိုးတက်ရေး ပန်းတိုင်ဆီ မရောက်ရောက်အောင် သွားမည်ဟူသော ခိုင်မြဲသည့် သန္နိဋ္ဌာန်၊ ခိုင်မာသည့် ဇွဲသတ္တိတို့က တညီတညွတ်တည်းသော စုပေါင်းအင်အားထဲမှာ စိမ့်ဝင်ပျံ့နှံ့နေဖို့လိုသည်။ စင်စစ် အားဖြင့် မိမိတို့နိုင်ငံမှာ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အလားအလာကောင်းများ ပိုင်ဆိုင်ထားသည့် နိုင်ငံတစ်နိုင်ငံဖြစ်သည်။ ပထဝီအနေအထား၊ ရာသီဥတု၊ ရေ၊ မြေ၊ မြစ်ချောင်း၊ သစ်တောများ၊ သယံဇာတများ၊ အလုပ်လုပ်ကိုင်နိုင်သည့် လူဦးရေ၊ မြေဧရိယာအကျယ်အဝန်း၊ ပင်လယ်ကမ်းရိုးတန်း များ ပိုင်ဆိုင်မှု၊ အချက်အချာကျသော နေရာတွင် တည် ရှိမှုစသည်ဖြင့် သဘာဝ၏ မျက်နှာသာပေးခြင်း ကို ဆုလာဘ်သဖွယ်ရရှိထား သည့် နိုင်ငံတစ်နိုင်ငံဖြစ်သည့်အလျောက် မိမိတို့ပိုင်ဆိုင်ထားသည့် အရင်း အမြစ်များကို အထိရောက်ဆုံး၊ အကျိုးအရှိဆုံး အသုံးပြုကာ ဖွံ့ဖြိုးတိုးတက်မှုရရှိအောင် လုပ်ဆောင် သွားကြရမည်ဖြစ်သည်။

“ခေတ်ဟောင်းစနစ်ဟောင်းမှ ခေတ်သစ် စနစ်သစ်ကို ကူးပြောင်းရာတွင် အခက်အခဲ၊ အကျပ်အတည်းများ ရှိပါကြောင်း၊ ယင်းအခက်အခဲ အကျပ်အတည်းများကို စိတ်ပျက်အားငယ်မနေဘဲ ကျရာတာဝန်ကို ထမ်းဆောင်ကြသူအားလုံးက ထိုအခက်အခဲများသည် မိမိတို့၏အရည်အချင်းနှင့် စွမ်းဆောင်ရည်ကို ပြသရန် အခွင့်အလမ်းတစ်ခုအဖြစ် သဘောပေါက်ပြီး ဆောင်ရွက်ကြစေလို ပါကြောင်း” ဖြင့် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်က ကချင်ပြည်နယ် မြစ်ကြီးနားမြို့၌ ပြည်နယ်အစိုးရအဖွဲ့၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ပြည်နယ်တရားလွှတ်တော်နှင့် ပြည်နယ်၊ ခရိုင်၊ မြို့နယ်များမှ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် တွေ့ဆုံပွဲတွင် ထည့်သွင်းပြောကြားခဲ့သည်။

ခေတ်ဟောင်းစနစ်ဟောင်းကို ပြုပြင်ပြောင်းလဲကာ ခေတ်သစ်စနစ်သစ်ကို ကူးပြောင်းလိုကြခြင်းမှာ မိမိတို့အားလုံး၏ ဆန္ဒဖြစ်သည်။ ယင်း အလိုဆန္ဒကို အလုပ်အဖြစ် အသွင်ကူးပြောင်းပေးနိုင်ရန်အတွက် စွမ်းရည်ရှိသူ (Active Minority) များက တာဝန်ယူကြရမှာဖြစ်သည်။ အခက်အခဲများသည်ပင် အရည်အချင်းနှင့် စွမ်းဆောင်ရည်တို့၏ မှတ်ကျောက်ဟူ၍ မှတ်ယူကြရမည် ဖြစ်ပါကြောင်း။    ။