ဘားအံမြို့တွင် (၇၃)နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် စာအုပ်ပြပွဲနှင့် စာအုပ်ဈေးရောင်းပွဲ ပြုလုပ်

ဘားအံ  ၅  နိုဝင်ဘာ

 

ကရင်ပြည်နယ်၊ ဘားအံမြို့တွင် (၇၃)နှစ်မြောက်ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် စာဖတ်ရှိန်မြှင့်တင်ရေးအတွက် ရည်ရွယ်ပြီး စာအုပ်ပြပွဲနှင့်စာအုပ်ဈေးရောင်းပွဲဖွင့်ပွဲကို ဖေဖော်ဝါရီလ(၅)ရက်နေ့၊ နံနက်(၈)နာရီက ဘားအံခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre  တွင် ကျင်းပပြုလုပ်သည်။

 

ဖွင့်ပွဲတွင် ကရင်ပြည်နယ်စိုးရအဖွဲ့ဝင် ပြည်နယ်လူမှုရေးဝန်ကြီးဦးဘိုဘိုဝေမောင်၊ ပြည်နယ်ဉပဒေချုပ် ဦးစောချစ်မြင့်လေး၊ ပြည်နယ်စာရင်းစစ်ချုပ်ဦးစောလှထွန်းနှင့် ပြည်နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနပြည်နယ်ဦးစီးမှူး ဒေါ်ခင်စောလင်းတို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ကြသည်။ ထို့နောက် စာအုပ်ပြပွဲနှင့် စာအုပ်အရောင်းပြခန်းများအား တက်ရောက်လာကြသော ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်အဆင့်ဌာန ဆိုင်ရာများ၊ ကျောင်းသား ကျောင်းသူများနှင့် စာပေဝါသနာရှင်များက လှည့်လည်ကြည့်ရှုအားပေးခဲ့ကြသည်။

 

အဆိုပါ စာအုပ်ပြပွဲနှင့် စာအုပ်ဈေးရောင်းပွဲတွင် နန်းတော်ဝင်စာပေ၊ နိုင်ဝင်းထက်စာပေ၊ ဟန်သာဆု စာပေများက စာအုပ်အရောင်းဆိုင် (၁၀)ခန်းခန့်ပါဝင်ပြီး ဖေဖော်ဝါရီလ(၅)ရက်နေ့မှ ဖေဖော်ဝါရီလ (၁၃)ရက်နေ့ထိ နံနက် ၈ နာရီခွဲမှ ညနေ ၆ နာရီအတွင်း တန်ဖိုး၏၁ဝရာခိုင်နှုန်းလျှော့ဈေးဖြင့်  ရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရသည်။

 

နေမျိုးလွင်(ပြန်/ဆက်)