ဘယ်လိုချက်ချက် ကြိုက်ကြတဲ့ မြန်မာ့မုန့်ဟင်းခါး ဘာအာဟာရတွေပေးနေသလဲ

မုန့်ဟင်းခါးဆိုတာ လူကြိုက်အများဆုံး မြန်မာ့အစားအစာတွေထဲမှာ ထိပ်ဆုံးကပါဝင်နေတာပါ။ မနက်စာဆိုပြီးကြည့်လိုက် မုန့်ဟင်းခါးက မပါမဖြစ်၊ မုန့်ဟင်းခါးဆိုင်ဆိုတာ နေရာတိုင်းမှာ ပစ်မလွဲပဲ။ နေရာဒေသကိုမူတည်ပြီး ချက်နည်းအမျိုးမျိုး၊ နာမည်အမျိုးမျိုးနဲ့ ကွဲပြားကြပေမယ့် ငါးကိုအခြေခံတာချင်း တူတူပါပဲ။ ပရိုတင်းပြည့်ဝစေတဲ့ ပဲ၊ ကယ်လိုရီအတွက် ဆန်မှုန့်တို့ကို ကိုယ့်နည်းကိုယ့်ဟန်နဲ့ ဖြည့်စွက်ကြပေမယ့် ငါးမပါလို့တော့မရဘူးလေနော်။

မုန့်ဟင်းခါးဆိုတာ

မုန့်ဟင်းခါးက ရိုးရိုးသရေစာမဟုတ်ပါဘူး။ ထမင်းမစားဘဲ သူ့ချည်းစားရင်တောင် တစ်နပ်စာအာဟာရအပြည့်အဝပေးနိုင်တဲ့ စားစရာတစ်မျိုးပါ။ ထည့်စားရတဲ့ မုန့်ဖတ်ကိုသာကြည့်ပါ၊ ဆန်နဲ့လုပ်တဲ့မုန့်ဖတ်ရယ်၊ ပဲရယ်၊ ဆန်မှုန့်ရယ်၊ ငါးငံပြာရည်ရယ်၊ ငါးအသား၊ ငါးအရိုးပြုတ်ရည်တွေနဲ့တင် ထမင်းနဲ့ဟင်းစားရသလို ပြည့်စုံသွားစေပါတယ်။

အဲဒီမှာမှ ချင်း၊ စပါးလင်၊ ကြက်သွန်ဖြူနီ၊ ငရုတ်ကောင်း စတဲ့ အမွှေးအကြိုင်တွေကို နိုင်နိုင်ထည့်ပြီးချက်ပြုတ်ရတဲ့အတွက် သူတို့ရဲ့အာဟာရအကျိုးကျေးဇူးတွေကိုပါ တပေါင်းတည်းရနိုင်ပါတယ်။ မုန့်ပွဲပြင်ဆင်တဲ့အခါလည်း အိုးဘဲဥနဲ့ အကြော်တွေပါမယ်၊ဆေးဖက်ဝင်တဲ့ နံနံပင်ပါရင်ပါမယ်၊ ဒေသစာ မုန့်ဟင်းခါးတွေ ဥပမာ- မော်လမြိုင်မုန့်ဟင်းခါးဆို ပဲသီး၊ပဲပင်ပေါက်တွေကိုပါ များများထည့်စားတတ်ကြတာမျိုး ဆိုတော့ ရရှိမယ့်အာဟာရက မနည်းမနောပါပဲ။

ဒါ့ကြောင့် နေမကောင်းတဲ့သူတွေ နာလန်ထချိန်တောင်မှ ဆီမပါတဲ့ ငါးပြုတ်ငရုတ်ကောင်းမုန့်ဟင်းခါးလေးနဲ့ ခံတွင်းပြန်လိုက်ကြတာဖြစ်ပါတယ်။


ဘာအာဟာရတွေ ရနိုင်လို့လဲ

အဓိကပါဝင်ပစ္စည်းဖြစ်တဲ့ ငါးက အရည်အသွေးမြင့်ပရိုတင်းတွေပါဝင်တယ်၊ အိုင်အိုဒင်းအပြင် ဗီတာမင်နဲ့ သတ္တုဓာတ်တွေအမျိုးစုံလည်း ပါဝင်ပါတယ်။ အသားတွေမှာတောင် အဆီကြောင့်ဘာကြောင့် စိုးရိမ်နေရသေးတယ်၊ ငါးကတော့ ဘေးကင်းကင်းနဲ့ စားလို့သင့်တဲ့ ပရိုတင်းအာဟာရတစ်ခုဖြစ်ပါတယ်။ ငါးစားသုံးတာနဲ့ ငါးအရိုးပြုတ်ရည်ရဲ့ အာဟာရဓာတ်တွေကြောင့် –

နှလုံးသွေးကြောရောဂါနဲ့လေဖြတ်ကာကွယ်နိုင်တယ်

တစ်ပတ်ကို ငါးတစ်ကြိမ်ပဲစားဦးတော့ နှလုံးရုတ်တရက်ရပ်ဆိုင်းတာလိုမျိုး နှလုံးရောဂါအန္တရာယ်နဲ့ လေဖြတ်ခြင်းတွေဖြစ်လာနိုင်တဲ့အန္တရာယ်ကို လျော့နည်းစေနိုင်တယ်လို့ သိရပါတယ်။

ခန္ဓာကိုယ်ဖွံ့ဖြိုးမှုအတွက် အရေးပါတဲ့အာဟာရတွေပါတယ်

ငါးကနေရနိုင်မယ့် omega-3 fatty acids တွေက ဦးနှောက်နဲ့အမြင်အာရုံဖွံ့ဖြိုးမှုအတွက် မရှိမဖြစ်အရေးပါပါတယ်။ ဒါ့ကြောင့် ကိုယ်ဝန်ဆောင်နဲ့ နို့တိုက်မိခင်တွေကိုတောင် omega-3 fatty acids ပြည့်ဝအောင်စားသုံးဖို့ အကြံပေးကြတာပါ။

အသက်ကြီးလည်း ဦးနှောက်မအိုအောင် ကာကွယ်ပေးတယ်

ငါးစားသုံးခြင်းက အသက်ကြီးချိန်မှာဖြစ်ကြတဲ့ ဦးနှောက်စွမ်းဆောင်ရည်ကျဆင်းမှုကို လျှော့ချပေးတယ်။ ငါးပုံမှန်စားလေ့ရှိသူတွေဟာ မှတ်ဉာဏ်နဲ့ စိတ်ခံစားချက်ကိုထိန်းချုပ်နိုင်တဲ့ ဦးနှောက်အပိုင်းကို ပိုကျန်းမာစေတယ်လို့ ပညာရှင်တွေက ဆိုပါတယ်။

ဗီတာမင် ဒီ ရရှိနိုင်တဲ့ အရင်းအမြစ်ဖြစ်တယ်

နေရောင်ခြည်သိပ်မရဘူး၊ ငါးလည်းမစားဘူးဆိုရင် ဗီတာမင်ဒီကိုရဖို့ ဖြည့်စွက်အားဆေးသောက်မှပဲ ဖြစ်မှာပါ။ အဆီများတဲ့ငါးတွေဟာ အစားအစာကနေရခဲတဲ့ ဗီတာမင်ဒီအတွက် အကောင်းဆုံးအရင်းအမြစ်တစ်ခုဖြစ်ပါတယ်။

ဟော်မုန်းနည်းသိုင်းရွိုက်ရောဂါကာကွယ်ပေးတယ်

သိုင်းရွိုက်ဟော်မုန်းတွေကို ဂလင်းက အလုံအလောက်ထုတ်မပေးနိုင်တဲ့ ဒီရောဂါဟာ လည်ပင်းကြီးရောဂါတစ်မျိုးလည်းဖြစ်ပါတယ်။ ငါးအရိုးပြုတ်ရည်မှာပါတဲ့ အိုင်အိုဒင်းက ခန္ဓာကိုယ်ကို သိုင်းရွိုက်ဟော်မုန်းအပါအဝင် ဟော်မုန်းတွေထုတ်ပေးနိုင်အောင် ကူညီပေးပါတယ်။

ဉာဏ်ကောင်းစေတယ်

ငါးစားရင် ဉာဏ်ကောင်းတယ်လို့ ပြောကြတာအမှန်ပါပဲ။ ငါးမှာပါတဲ့ သဘာဝအိုင်အိုဒင်းနဲ့ omega-3 fatty acids တွေကြောင့် ဦးနှောက်ဉာဏ်ရည်ကို ထက်မြက်စေနိုင်ပါတယ်။

ကြွက်သားကျုံ့ဆန့်နိုင်အား ကောင်းစေတယ်

အရိုးပြုတ်ရည်မှန်သမျှမှာ အဓိကအကျိုးပြုတာက ကယ်လ်စီယမ်ပါ။ ခန္ဓာကိုယ်လုပ်ဆောင်ချက်တွေအတွက် အရေးပါတဲ့ဓာတ်ဖြစ်တဲ့အပြင် ကြွက်သားတွေရဲ့ကျုံ့ဆန့်နိုင်စွမ်းမှာလည်း အကူအညီပေးနိုင်ပါတယ်။

ဒါတောင် ငါးစားသုံးခြင်းရဲ့ အကျိုးကျေးဇူး အကုန်မဟုတ်သေးဘူးနော်။ ငါးတစ်မျိုးတည်းနဲ့တင် ဒီလောက်အကျိုးကျေးဇူးများနေတာ၊ တခြားပါဝင်ပစ္စည်းတွေရဲ့ကျန်းမာရေးအကျိုးကျေးဇူးတွေပါတွက်လိုက်ရင် မုန့်ဟင်းခါးက တကယ့်ရတနာပါပဲ။

တစ်ခုပဲသတိပေးချင်တာက အပြင်မှာရောင်းကြတဲ့ မုန့်ဟင်းခါးမှာပါတဲ့ အငန်ဓာတ်ကိုသတိထားဖို့ပါ။ သွေးတိုးရောဂါရှိသူတွေအတွက်တော့ အငန်ပေါ့တာလေးကို ရွေးစားဖို့သတိပေးချင်ပါတယ်။ အိမ်မှာချက်စားတာဘေးအကင်းဆုံးပါ။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။

ရေးသားသူ Yun Sandi Nan Mon
ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win

“ယခုဆောင်းပါးကို Myanmar Digital News ၏ မိတ်ဘက်ဖြစ်သည့် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် Hello ဆရာဝန် www.hellosayarwon.com မှ ကူးယူဖော်ပြခြင်းဖြစ်ပါသည်။”