ဗီဒီယိုဇာတ်ကားတွေ စတင်ဖြန့်ချိတော့မည့် သရုပ်ဆောင် စိုးသီဟ

၁၁  ဇန်နဝါရီ


SOE Film Production မှ ဖြန့်ချိပြီး သရုပ်ဆောင်စိုးသီဟ ခေါင်းဆောင်ပါဝင်ရိုက် ကူးထားသည့် 'ချစ်ကိုကိုနှင့်သူ၏နတ်သမီးများ' ဗီဒီယိုဇာတ်ကားအား ဇန်နဝါရီ ၄ ရက်မှစတင်ကာ မြန်မာတစ်ပြည်လုံးသို့ ဖြန့်ချိခဲ့ကြောင်း သိရသည်။


''ကျွန်တော့ ဇာတ်ကားတွေကို ပရိသတ်နဲ့ အဆက်မပြတ်အောင် တစ်လတစ်ကားနှုန်းတော့ ကြိုးစားပြီး ရိုက်ကူးနေပါတယ်။ရှေ့ဆက်ပြီးတော့လည်း ကျွန်တော့အစ်မ သရုပ်ဆောင် လှမျိုးသဉ္ဇာနွယ်ရဲ့ ရွေးချယ်ပေးမှုနဲ့အတူ ကျွန်တော့် စိတ်ကြိုက်ဇာတ်လမ်းလေးတွေ၊ ပရိသတ်ကြိုက်မယ့် ဇာတ်လမ်းလေးတွေကို မျှပြီးရိုက်ကူးသွားမယ်။ လူသိများလာဖို့က ကျွန်တော့်ရည်မှန်းချက် မဟုတ်ပါဘူး။ကျွမ်းကျင် ပိုင်နိုင်စွာ သရုပ်ဆောင်နိုင်တဲ့ သရုပ်ဆောင်ကောင်းတစ်ယောက် ဖြစ်ဖို့ကကျွန်တော့်ရဲ့အဓိက ရည်မှန်း ချက်ပါ။ကျွန်တော်ရိုက်ထားတဲ့ ဇာတ်ကားတွေကိုကြည့်ပြီး 'ဒီကောင်လေး မဆိုးဘူး။ သရုပ်ဆောင်ကောင်းတယ်' လို့ မှတ်ချက်ပေးတာ တွေကိုပဲ လိုချင်ပါတယ်။ မင်းသားဆိုတာထက် သရုပ်ဆောင်ကောင်း တစ်ယောက် ဖြစ်ချင်တာ။ မဖြစ်ဖြစ်အောင်လည်း ကျွန်တော် ကြိုးစားသွားမှာပါ။ ကျွန်တော့် ကားလေးတွေ ထွက်လာရင်လည်း အပြုသဘောနဲ့ ဝေဖန်ပေးကြဖို့ မေတ္တာရပ်ခံချင်ပါတယ်။ အခုလည်း ကျွန်တော့် ဇာတ်ကားက ပထမဆုံး စပြီးဖြန့်တဲ့ ရက်မှာပဲအခွေ ခြောက်ထောင်ကျော် ရောင်းချပြီလို့ သတင်းဝင်လာတဲ့အတွက် အများကြီးဝမ်းသာရပါတယ်။

အထက်အောက် ဖြန့်ချိပေးတဲ့ ကိုယ်စားလှယ်ကြီးတွေနဲ့ ဆိုင်သမား အားလုံးကို ကျေးဇူးတင်ပါတယ်။ ပြီးတော့ သရုပ်ဆောင်ကိုနေထူးနိုင်နဲ့ မမြသင်းချယ် တို့ရဲ့ 'မေ့ရင်ခွင်ဖြန့်ချိရေး'ကိုလည်း အထူးကျေးဇူးတင်တယ်ဆိုတာကို ကျွန်တော့်ရဲ့အစ်မ လှမျိုးသဉ္ဇာနွယ်နဲ့ ကျွန်တော်တို့ မိသားစုအားလုံး က ဒီနေရာကနေ ကျေးဇူးတင်စကားပြောပါတယ်'' ဟု သရုပ်ဆောင် စိုးသီဟက ပြောသည်။


ဒါရိုက်တာမျိုးထူး ရိုက်ကူးပြီး သရုပ်ဆောင် စိုးသီဟနှင့်အတူ ရတနာဗိုလ်၊ ခရစ္စတီးနား၊ ရွှေရည်သုန်သုန်၊ မိုးပွင့်ဖြူဟန်နှင့် မေသန်းနုတို့ ပါဝင်သရုပ်ဆောင်ထားသည့်' ချစ်ကိုကိုနှင့် သူ၏နတ်သမီးများ'ဇာတ်ကားတွင် သူဌေးသား ကား show room ပိုင်ရှင် တစ်ယောက်ဖြစ်ပြီး အမိုက်စားကောင်မလေး ၄ ယောက်နှင့် ချစ်ကြိုက်မိကာ နောက်ပိုင်းတွင် ပြဿနာပေါင်းစုံတက်ခဲ့သည့် အကြောင်းများကို ဟာသဆန်ဆန် သရုပ်ဆောင်ထားခြင်းဖြစ်သည်။ ရည်းစားများ များထားပါက ကိုယ်တကယ်ချစ်မိသူနှင့်တွေ့လျှင် အဆင်မပြေဖြစ်ကာ ဒုက္ခရောက်တတ်ကြောင်း အနုပညာနှင့်ဖန်တီးကာ ပညာပေးတင်ဆက်ထား သည်ဟု သိရသည်။


သရုပ်ဆောင် စိုးသီဟပါဝင်ရိုက်ကူးထားသော 'ချစ်သူ့နှလုံးသား စေညွှန်ရာ''တိမ်ကင်းစင်တဲ့နေ့' 'အိပ်မက်လွမ်းဝေ' 'ယောက္ခမတောဝါ' 'မိုးထိအောင် လှေခါးထောင်' အပါအဝင်တခြား ဗီဒီယို ဇာတ်ကားများသည် ပရိသတ် အကြိုက်တွေ့စေသော ဇာတ်ကားများအဖြစ် ဈေးကွက်အတွင်း ရပ်တည် နေနိုင်သည်ဟု သိရသည်။


ကိုလင်း