ဗီတာမင်နှင့် သတ္တုဓာတ်များ၏ အာနိသင်ထက်မြက်စေမည့် နည်းလမ်းများ

၂၇  သြဂုတ်

ဗီတာမင် (Vitamin) နှင့် သတ္တုဓာတ် (Mineral) တို့သည် ခန္ဓာကိုယ်အတွက် မရှိမဖြစ်လိုအပ်သော အာဟာရဓာတ်များ ဖြစ်ပါသည်။ အဆိုပါဓာတ်များကို နေ့စဉ်စားသောက်နေသော အစားအစာများထဲမှ ရရှိနိုင်သည့်အပြင် ဆေးဝါးပုံစံဖြင့်လည်း ရရှိနိုင်ပါသည်။ ခန္ဓာကိုယ်တွင် ဗီတာမင်နှင့် သတ္တုဓာတ်များ လုံလောက်စွာရရှိနေပါက ကျန်းမာပြီး ပုံမှန်ထက်များလျှင် (သို့မဟုတ်)ပုံမှန်ထက်နည်းလျှင် ရောဂါရရှိနိုင်ပါသည်။ ထို့အပြင် ရောဂါများခံစားနေရပါက ဗီတာမင်နှင့် သတ္တုဓာတ်များ ချို့တဲ့နိုင်ပါသည်။

ဗီတာမင်ဟုဆိုရာတွင် ရေတွင်ပျော်ဝင်သော ဗီတာမင်များနှင့် ဆီတွင်ပျော်ဝင်သော ဗီတာမင်များဟူ၍ ရှိပါသည်။ ရေတွင်ပျော်ဝင်သော ဗီတာမင်များတွင် ဗီတာမင်ဘီအုပ်စုနှင့် ဗီတာမင်စီဟူ၍ ရှိပါသည်။ ဆီတွင်ပျော်ဝင်သော ဗီတာမင် များတွင် ဗီတာမင်အေ၊ ဗီတာမင်ဒီ၊ ဗီတာမင်အီးနှင့် ဗီတာမင် ကေဟူ၍ ရှိပါသည်။

သတ္တုဓာတ်များဟုဆိုရာတွင် Major Minerals နှင့် Trace Minerals ဟူ၍ ရှိပါသည်။ Major Minerals အုပ်စုတွင် ကယ်လ်စီယမ်၊ ကလိုရိုက်ဒ်၊ မဂ္ဂနီစီယမ်၊ ဖော့စ်ဖောရပ်စ်၊ ပိုတက်စီယမ်၊ ဆိုဒီယမ်နှင့် ဆာလ်ဖာဟူ၍ ရှိပါသည်။ Trace Minerals တွင် ခရိုမီယမ်၊ ကြေးနီ၊ ဖလိုရိုက်၊ အိုင်အို ဒင်း၊ သံဓာတ်၊ မဂ္ဂနိ၊ မိုလီဒီနမ်၊ ဆယ်လီနီယမ်နှင့်သွပ်ဓာတ် ဟူ၍ ရှိပါသည်။

ဗီတာမင်နှင့် သတ္တုဓာတ်များအကြောင်းကို သိရှိပြီးလျှင် ဗီတာမင်နှင့် သတ္တုဓာတ်များပါဝင်သော ဆေးဝါးများ မှီဝဲပါက အာနိသင်ထက်မြက်စေမည့် နည်းလမ်းများကို ၂၀၁၉ ခုနှစ် ဧပြီလထုတ် Reader's Digest  ထဲမှ “9 Ways to Make Vitamins and Minerals Work Better” အကြောင်းအရာကို ဘာသာပြန်ရေးသားလိုက်ရပါသည်။

အစာနှင့်အတူ မှီဝဲပါ

ဗီတာမင်နှင့် သတ္တုဓာတ်များ မှီဝဲပါက အစာနှင့်အတူ မှီဝဲပါ။ သို့မှသာ စုပ်ယူမှုအားကောင်းပြီး ပျို့ခြင်းကို ကာကွယ်ပေးပါသည်။ သို့သော် ခြွင်းချက်ရှိပါသည်။ သံဓာတ်ပါသော ဆေးကို မှီဝဲပါက စုပ်ယူမှုအားကောင်းစေရန် အစာမရှိချိန် မှီဝဲသင့်ပါသည်။

အခြားဆေးဝါးများနှင့် မည်ကဲ့သို့ ဓာတ်ပြုနိုင်သနည်း

ဗီတာမင်နှင့် သတ္တုဓာတ်ပါသော ဆေးဝါးများသည် အခြားသောဆေးဝါးများနှင့် ဓာတ်ပြုနိုင်ပါသည်။ ဥပမာ - ကယ်လ်စီယမ်သည် သိုင်းရွိုက်ဆေးတစ်မျိုးဖြစ်သော levo-thyroxine ၏ စုပ်ယူမှုကို အနှောင့်အယှက်ဖြစ်စေပါသည်။ အခြားတစ်ဖက်တွင်လည်း အကူအညီပေးမှုများလည်း ရှိပါသည်။ စိတ်ကျရောဂါကုသသော ဆေးဝါးများကို Omega-3 ပါဝင်သော ငါးကြီးဆီနှင့်အတူ မှီဝဲပါက စိတ်ကျရောဂါကုသသော ဆေးဝါးများ၏အာနိသင် ပိုမိုကောင်းမွန်စေပါသည်။ သွေးကျဲဆေးဝါး သောက်သုံးနေသော လူနာသည် Fish Oil ၊  Vitamin E တို့နှင့်အတူ သောက်သုံးမိပါက သွေးကြောများပေါက်ပြီး လေဖြတ်နိုင်ပါသည်။ သို့ဖြစ်၍ ဗီတာမင်နှင့် သတ္တုဓာတ်များမမှီဝဲခင် ဆေးဝါးပညာရှင် (သို့မဟုတ်) ဆရာဝန်နှင့် တိုင်ပင်သင့်ပါသည်။

တွဲသောက်ပါ

အချို့ဗီတာမင်နှင့် သတ္တုဓာတ်များသည် အတူတွဲသောက်ပါက အာနိသင်ပိုမိုထက်မြက်စေသည်။ ဥပမာ -Vitamin D နှင့် K2 တို့သည် ကယ်လ်စီယမ်၏ စုပ်ယူမှုကို ပိုမိုကောင်းမွန်စေပါသည်။ ဗီတာမင်စီနှင့် သံဓာတ်တွဲသောက်ပါက စုပ်ယူမှု အားကောင်းစေသည့်အပြင် သံဓာတ်၏ ဆိုးကျိုးများဖြစ်သော ဝမ်းချုပ်ခြင်း၊ ပျို့ခြင်းတို့ကို သက်သာစေပါသည်ဟူ၍ မေရီလင်းဆေးတက္ကသိုလ်မှ လက်ထောက်ပါမောက္ခ Dr. Chris D' Adamo က ပြောကြားထားပါသည်။

ခွဲခြားသောက်ပါ

ချို့ဗီတာမင်နှင့် သတ္တုဓာတ်များသည် ခွဲခြားသောက်မှသာ အာနိသင်ရရှိပါသည်။ ဥပမာ - ကယ်လ်စီယမ်နှင့် သံဓာတ် သောက်နေသောသူသည် သံဓာတ်ကို နံနက်တိုင်း အစာမစားခင် သောက်သင့်ပြီး ကယ်လ်စီယမ်ကို ညနေပိုင်းတွင် သောက်သင့်ပါသည်။ အဘယ်ကြောင့်ဆိုသော် ကယ်လ်စီယမ်သည် သံဓာတ်၏စုပ်ယူမှုကို တားဆီးသောကြောင့် ဖြစ်ပါသည်။

ကူညီပေးပါသည်

ပရိုဘိုင်အိုးတစ်ဟုခေါ်သော ကောင်းကျိုးပြု ဗက်တီးရီးယားများသည် အစာချေဖျက်မှုကို ကူညီပေးပါသည်။ အပင်အခြေပြု အစာခြေအင်ဇိုင်းများသည် အာဟာရဓာတ်များ၏ စုပ်ယူမှုကို ကူညီပေးပါသည်။

မည်ကဲ့သို့ ထိန်းသိမ်းထားမည်နည်း

Omega-3 ပါဝင်သော ငါးကြီးဆီဆေးများကို အေးမြ ပြီး မှောင်သောနေရာတွင် ထားရှိသင့်ပါသည်။ သို့မှသာ အာနိသင် ထက်မြက်စေပါသည်။

သဘာဝကို အားပေးပါ

ဗီတာမင်အီးသည် စွမ်းအားရှိသော ဓာတ်တိုးဆန့်ကျင် ပစ္စည်းဖြစ်ပါသည်။ ဗီတာမင်အီးကို သုံးစွဲမည်ဆိုပါက သဘာဝပုံစံသာ သုံးစွဲသင့်ပါသည်။ ဆေးဘူး၊ ဆေးပုလင်း ပေါ်တွင် “d-alpha - tocopheryl acetate ” ဟု ရေးထား ပါက သဘာဝပုံစံဖြစ်ပြီး “dl- alpha - tocopheryl acetate” ဟု ရေးထားပါက လူလုပ်ပုံစံ ((Synthetic) ဖြစ်ပါသည်။

ကော်ဖီသောက်ပြီး ၁၅ မိနစ်ကြာမှ ဗီတာမင်ဆေးများသောက်ပါ

နံနက်ပိုင်းတွင် ကော်ဖီသောက်ခြင်းသည် ဗီတာမင်နှင့် သတ္တုဓာတ်များ၏ စုပ်ယူမှုကို အနှောင့်အယှက်ပြုပြီး အရိုးထဲမှ ကယ်လ်စီယမ်ဓာတ်ကို အရည်ပျော်စေပါသည်။ သို့ဖြစ်၍ တစ်နေ့လျှင် ကော်ဖီသုံးခွက်ထက် ပို၍မသောက်သင့်ပါ။ ထို့အပြင် ကော်ဖီသောက်ပြီး ၁၅ မိနစ်ကြာမှ ဗီတာမင်ဆေးများကို သောက်ပါ။

မည်သည့်အချိန်တွင် သောက်မည်နည်း

ဗီတာမင်ဘီအုပ်စုသည် စွမ်းအင်ရှိပြီး တက်ကြွစေသောကြောင့် နံနက်ပိုင်းတွင် သောက်သင့်ပါသည်။ အခြားသော ဗီတာမင်နှင့် သတ္တုဓာတ်များသည် ငိုက်မျဉ်းစေသောကြောင့် ညနေပိုင်းတွင် သောက်သင့်ပါသည်။ မဂ္ဂနီစီယမ်ဆေးများ သည်လည်း ငိုက်မျဉ်းစေသောကြောင့် ညပိုင်းတွင်သာ သောက်သင့်ပါသည်။

နိဂုံး

ဗီတာမင်နှင့် သတ္တုဓာတ်များပါဝင်သော ဆေးများ မှီဝဲရာတွင် ဖော်ပြပါနည်းလမ်းများကို သိရှိလိုက်နာခြင်းဖြင့် ဗီတာမင်နှင့် သတ္တုဓာတ်များ၏ အာနိသင်များသည် ထက်မြက်လာမည် ဖြစ်သည်။

ဒေါက်တာညွန့်ရွှေအောင်(ညောင်ဦး)