ဗြိတိန်ရဲ့ အနာဂတ်ကို အဆုံးအဖြတ်ပေးမယ့် နေ့တစ်နေ့

ကလျာမိုးမြင့်

ဘရီးဇစ်ရဲ့ အနာဂတ်အတွက် တိကျသေချာတဲ့နေ့တစ်နေ့အဖြစ် အထူးအစည်းအဝေးတစ်ရပ်ထိုင်ဖို့ အစိုးရအဖွဲ့ဝင်တွေကို ပါလီမန်လွှတ်တော်ဆီ ခေါ်မှာဖြစ်တယ်လို့ သိရပါတယ်။ ဥရောပသမဂ္ဂညီလာခံ ကျင်းပပြီးနောက် အောက်တိုဘာ ၁၉ ရက်မှာ ပါလီမန်အဖွဲ့ဝင်တွေ ခေါင်းချင်းဆိုင် စည်းဝေးကြမှာဖြစ်ပြီး အဲဒီအစည်းအဝေးဟာ ဘရီးဇစ်အတွက် နောက်ဆုံးသတ်မှတ်ရက်ဖြစ်တဲ့ အောက်တိုဘာ ၃၁ ရက်မတိုင်မီ ဗြိတိန်နဲ့ ဥရောပသမဂ္ဂတို့အတွက် နောက်ဆုံးအခွင့်အရေးတစ်ခုအနေနဲ့ တွေ့မြင်ရမှာ ဖြစ်ပါတယ်။


သဘောတူညီချက်ရမလား
အကယ်၍ အစည်းအဝေးမှာ သဘောတူညီမှုရခဲ့ရင် ဝန်ကြီးချုပ်ဘောရစ်ဂျွန်ဆင်က သဘောတူညီချက်ကို အတည် ပြုဖို့ ပါလီမန်အဖွဲ့ဝင်တွေကို တောင်းဆိုမှာဖြစ်ပြီး မရခဲ့ရင် တော့ နောက်ထပ်နည်းလမ်းတွေ အများအပြားကို တင်ပြ နိုင်ဖွယ်ရှိပါတယ်။ တင်ပြချက်တွေထဲမှာ သဘောတူညီချက် မရဘဲ ဗြိတိန် အီးယူကနေ နုတ်ထွက်တာနဲ့ ဘရီးဇစ်ကို လုံးလုံး လျားလျားရပ်ဆိုင်းတာတွေ ပါဝင်နိုင်တယ်လို့ သတင်းတွေ ထွက်ပေါ်လျက်ရှိပါတယ်။


လူထုချီတက်မှုနဲ့တိုက်ဆိုင်
အထူးအစည်းအဝေးတစ်ရပ် ဖြစ်မြောက်ဖို့အတွက် ပါလီမန်အဖွဲ့ဝင်တွေဟာ အချိန်ဇယားသတ်မှတ်မှုကို ပြောင်း လဲဖို့ အဆိုပြုချက်တစ်ရပ်ကို အောက်လွှတ်တော်မှာ သဘော တူကြရမှာ ဖြစ်ပါတယ်။ တကယ်လို့ သဘောတူညီလိုက်တယ် ဆိုရင်တော့ အဲဒီအထူးအစည်းအဝေးထိုင်မယ့်နေ့ဟာ People’s Vote လှုပ်ရှားမှုအဖွဲ့က စီစဉ်လုပ်ဆောင်နေတဲ့ ဘရီးဇစ်ဆန့်ကျင် သော လူထုစုဝေးချီတက်မှုတစ်ခု ပြုလုပ်မယ့်နေ့နဲ့ တစ်ရက် တည်း တိုက်ဆိုင်စွာ ကျရောက်လာဦးတော့မှာဖြစ်ပြီး လူထု ချီတက်ပွဲမှာ ထောင်နဲ့ချီတဲ့ ဆန္ဒပြသူတွေ ဝက်ဘ်မင်စတာကို ချီတက်လာကြတာကို တွေ့မြင်ရဖို့ ရှိနေပါပြီ။


ဆုံးဖြတ်ထားပြီး
၁၉၃၉ ခုနှစ်ကစပြီး အောက်လွှတ်တော်ဟာ စနေနေ့ တွေမှာ အစည်းအဝေးထိုင်ခဲ့တာ လေးကြိမ်တိတိ ရှိခဲ့ပါပြီ။ ဒုတိယကမ္ဘာစစ်ဖြစ်ပွားမှုကြောင့် အဲဒီနှစ် စက်တင်ဘာ ၂ ရက် က ထိုင်ခဲ့တဲ့ အစည်းအဝေးအပါအဝင် လေးကြိမ်ဖြစ်ပါတယ်။ နောက်ဆုံးတစ်ကြိမ်လုပ်ခဲ့တဲ့ အစည်းအဝေးဟာ ၁၉၈၂ ခုနှစ် ဧပြီ ၃ ရက်မှာဖြစ်ပြီး ဖောက်ကလန်ကျွန်းကို ကျူးကျော်မှုကြောင့် လုပ်ဆောင်ခဲ့တဲ့ အစည်းအဝေး ဖြစ်ပါတယ်။
ဗြိတိန်ဝန်ကြီးချုပ်ဘောရစ်ဂျွန်ဆင်ကတော့ Benn Act လို့ခေါ်တဲ့ ဥပဒေကို ပြဋ္ဌာန်းထားတာရှိပေမယ့်လည်း အောက်တိုဘာ ၃၁ ရက်မှာ ဗြိတိန်နုတ်ထွက်ဖို့ ယတိပြတ် ဆုံးဖြတ်ထားပြီးပြီဖြစ်တယ်လို့ ဆိုပါတယ်။ ဒီဥပဒေအရ အောက် တိုဘာ ၁၉ ရက်မှာ ပါလီမန်လွှတ်တော်က သဘောတူညီချက် တစ်ခုကို လက်မှတ်ရေးထိုးခြင်းမရှိဘူး သို့မဟုတ် အီးယူက နေ သဘောတူညီချက်မဲ့ နုတ်ထွက်မှုကို ပါလီမန်အဖွဲ့ဝင်တွေက သဘောမတူခဲ့ဘူးဆိုရင် နောက်ထပ် အချိန်ထပ်ဆိုင်းဖို့ ဥရောပ သမဂ္ဂကို တောင်းဆိုတဲ့ မေတ္တာရပ်ခံချက်ကို မစ္စတာဘောရစ် ဂျွန်ဆင်က ရေးသားပေးပို့ဖို့လိုမှာ ဖြစ်ပါတယ်။


အချိန်ဆွဲထားမယ်
ဒီကိစ္စနဲ့ပတ်သက်လို့ စကော့တလန် တရားသူကြီးတွေက ၎င်းတို့အနေနဲ့ ဝန်ကြီးချုပ်က အဲဒီစာကို ရေးသားပေးပို့ဖို့ သို့မဟုတ် ဝန်ကြီးချုပ်က ငြင်းဆန်ခဲ့ရင် ဝန်ကြီးချုပ်ကိုယ်စား အာဏာပိုင်တစ်ဦးက အဲဒီစာကိုပေးပို့ဖို့ ခွင့်ပြုချက်ပေးအောင် မရမကကြိုးပမ်းကြမယ့် တက်ကြွလှုပ်ရှားသူတွေဆီက စိန်ခေါ် မှုကို ထိန်းချုပ်မှာ မဟုတ်ဘူးလို့ အောက်တိုဘာ ၉ ရက်က ပြောခဲ့ပါတယ်။ နိုင်ငံရေးဆိုင်ရာ စကားစစ်ထိုးပွဲ မစတင်ခင် အချိန်အထိ ဆုံးဖြတ်ချက်ကို အချိန်ဆွဲထားမယ်လို့ တရားသူကြီး တွေက ဆိုပါတယ်။


မစ္စတာဂျွန်ဆင်အနေနဲ့ ဥပဒေအတိုင်း လိုက်နာလိမ့်မယ်။ ဒါပေမယ့် ပေးစာနဲ့ ပတ်သက်ပြီးတော့ ဒေါင်းနင်းလမ်းမှာ အပြန်အလှန်စကားစစ်ထိုးမှုတွေ ဆက်ရှိနေပြီး အချိန်ဆိုင်းဖို့ သိပ်မလိုအပ်လှတဲ့ အခြေအနေတွေကို ဖန်တီးနေတယ်လို့ လေ့လာသူတွေက ဝေဖန်သုံးသပ်လျက် ရှိပါတယ်။ အိုင်ယာလန် နယ်စပ်အရေးကိစ္စကိုဗဟိုပြုတဲ့ ဘရီးဇစ်သဘော တူညီမှုတစ်ရပ် အတွက် အဆိုပြုချက်အသစ်တွေကို ဝန်ကြီးချုပ်မစ္စတာဂျွန်ဆင်က အဆိုတင်သွင်းပြီးနောက် ဗြိတိန်နဲ့ဥရောပသမဂ္ဂတို့အကြား စကား ပြောဆို ဆွေးနွေးမှုတွေကို ဆက်လက်လုပ်ဆောင်နေပါတယ်။


အခြေခံပြောင်းလဲမှုရှိနိုင်
Ireland Backstop လို့ခေါ်တဲ့ အိုင်ယာလန်နယ်စပ် မူဝါဒဟာ အိုင်ယာလန်ကျွန်းဆီကို နယ်စပ်ကနေ ခက်ခက်ခဲခဲ ဝင်ရောက် ရမှုကိုတားဆီးဖို့ ဗြိတိန်ဝန်ကြီးချုပ်ဟောင်းထရီဆာမေနဲ့ ဥရောပ သမဂ္ဂတို့အကြား ညှိနှိုင်းမှု ပြုလုပ်ထားတဲ့ မူဝါဒတစ်ခု ဖြစ်ပါတယ်။ ဥရောပသမဂ္ဂအဖွဲ့ကြီးကတော့ အဲဒီမူဝါဒနဲ့ ပတ်သက်လို့ အယူ အဆပိုင်းမှာ ၎င်းတို့အတွက် ဆက်လက်အကောင်အထည်ဖော် သွားနိုင်စေမယ့် လက်ခံနိုင်လောက်စရာ အခြေခံကျတဲ့ ပြောင်းလဲ မှုတွေ ရှိလာလိမ့်မယ်လို့ ဆိုထားပါတယ်။


ဗြိတိန်ရဲ့ ညှိနှိုင်းရေးအကြီးအကဲ ဒေးဗစ်ဖရော့က်စ်ဟာ ဥရောပကော်မရှင်က အာဏာပိုင်တွေနဲ့ တွေ့ဆုံဆွေးနွေးဖို့ရှိနေ တယ်။ သို့သော်လည်း နှစ်ဖက်စလုံးက သတင်းရင်းမြစ်တွေက နည်းပညာဆိုင်ရာ စကားပြောဆိုဆွေးနွေးမှုတွေမှာ ၎င်းတို့ လိုလားတဲ့ အတိုင်းအတာအထိ ရောက်ရှိခဲ့ပြီဖြစ်တယ်လို့ ဖော်ပြ နေပါတယ်။


သဘောတူညီမှုရရှိရေး ဦးစားပေးနေ


မကြာသေးခင် ရက်သတ္တပတ်တွေအတွင်းမှာ အစိုးရဟာ သဘောတူညီမှုတစ်ခုရဖို့အတွက် အတော်လေးကို ထဲထဲဝင်ဝင် လုပ်ဆောင်ခဲ့တယ်။ ဒီတော့ ပွဲမပြီးသေးဘူးလို့ပဲ ဆိုရမယ်လို့ ပြည်ထဲရေးဝန်ကြီး ပရီတီပါတယ်ကလည်း ဖွင့်ဟခဲ့ပါတယ်။ တစ်ဖက်မှာ သဘောတူညီမှုတစ်ရပ်ရရှိရေးကို ဦးစားပေးကိစ္စ အနေနဲ့ အသည်းအသန် ကြိုးပမ်းနေချိန် တစ်ဖက်မှာလည်း ဗြိတိန်ဟာ အောက်တိုဘာ ၃၁ ရက်မှာ ဥရောပသမဂ္ဂကနေ သေချာပေါက် နုတ်ထွက်မယ်ဆိုတာကလည်း ရှိနေတော့ ဘာတွေဆက်ဖြစ်လာမယ်လို့ မဆိုနိုင်သေးပါဘူး။
ဥရောပကောင်စီဥက္ကဋ္ဌဒေါ်နယ်တပ်စ်ကတော့ မစ္စတာ ဂျွန်ဆင်ကို စဉ်းစားဉာဏ်မရှိတဲ့ ကစားပွဲတစ်ခုကို ကစားနေတယ် လို့ စွပ်စွဲထားပြီး တွစ်တာပေါ်ကနေ လူသိရှင်ကြား ရေးသား ဖော်ပြထားပါတယ်။ ဗြိတိန်မှာရှိတဲ့ အတိုက်အခံပါတီ အများ အပြားကလည်း မစ္စတာဂျွန်ဆင်ကို ဒီလိုပဲ ဝေဖန်ထားကြ တာပါ။


မှတ်ချက်မပေးလို
ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း ဂျာမနီဝန်ကြီးချုပ် အန်ဂျလာ မာကယ်နဲ့ မစ္စတာဂျွန်ဆင်တို့ တယ်လီဖုန်းနဲ့ ဆက်သွယ်မှုမှာ သဘောတူညီမှုတစ်ခု ရရှိခဲ့တယ်ဆိုပြီး ပေါ်ထွက်လာတဲ့ သတင်းတွေနဲ့ ပတ်သက်လို့တော့ အန်ဂျလာမာကယ်ရဲ့ရုံးက သီးသန့်စကား ပြောဆိုမှုတစ်ခုအပေါ်မှာ မှတ်ချက်မပေးလိုဘူးလို့ ငြင်းဆန်ခဲ့ပါတယ်။ အခုရက်ပိုင်းအတွင်း အိုင်ယာလန် ဝန်ကြီးချုပ် လီယိုဗာရက်ကာဟာ မစ္စတာဂျွန်ဆင်ဆီကို တယ်လီ ဖုန်းကနေတစ်ဆင့် ၄၅ မိနစ်ကြာအောင် စကားပြောဆိုခဲ့ပါတယ်။ အဲဒီနောက် ၎င်းက ယခုလမကုန်ခင် သဘောတူညီမှုတစ်ခုရ အောင်လုပ်ဖို့ အတော်လေးခက်ခဲလိမ့်မယ်လို့ အာရ်တီအီး အသံလွှင့်ဌာနသို့ ပြောကြားခဲ့ပါတယ်။


နောက်ဆုံးအချိန်အထိကြိုးစားလို
ဒါပေမယ့် ခေါင်းဆောင်နှစ်ဦးဟာ အခုရက်သတ္တပတ် နှောင်းပိုင်းမှာ နောက်ထပ်စကားပြောဆို ဆွေးနွေးဖို့အတွက် တွေ့ဆုံကြဦးမယ်လို့ မျှော်လင့်ရပါတယ်။ မစ္စတာဗာရက်ကာက ၎င်းအနေနဲ့ သဘောတူညီမှုတစ်ခု ရရှိရေးကို နောက်ဆုံးကျန်ရှိတဲ့ မိနစ်တွေ၊ စက္ကန့်တွေအထိ ကြိုးစားသွားချင်တာပဲလို့ အိုင်ယာ လန်ပါလီမန်သို့ ပြောကြားခဲ့တာကိုလည်း တွေ့ရပါတယ်။ ။


ကိုးကား- ဆင်ဟွာ၊ ဘီဘီစီ