Black Peter ရုပ်ရှင်ဇာတ်ကားအပေါ် ခွဲခြမ်းစိတ်ဖြာလေ့လာခြင်း၊ သုံးသပ်ဆွေးနွေးခြင်း အစီအစဉ်ကျင်းပ

ရန်ကုန်  ၆  ဇန်နဝါရီ 

 

Cinematheque Program ၏ ကဏ္ဍခွဲတစ်ခုဖြစ်သည့် ရုပ်ရှင်ဇာတ်ကားအပေါ် ခွဲခြမ်းစိတ်ဖြာလေ့လာခြင်းဖြင့် လာရောက်ကြည့်ရှုသူများအား အပြန်အလှန်ဆွေးနွေးခြင်း၊ ဝိုင်းဝန်းစဉ်းစားခြင်းတို့မှတစ်ဆင့် ခွဲခြမ်းစိတ်ဖြာ လေ့လာသည့်အပိုင်းကို ပိုမိုဖွံ့ဖြိုးစေရန်ရည်ရွယ်ထားကြောင်း ဒါရိုက်တာ ဦးသိဒ္ဓိ က ပြောသည်။

 

ယနေ့မွန်းလွဲပိုင်းက ရန်ကုန်မြို့ ဗဟန်းမြို့နယ် ရွှေတောင်ကြားလမ်း အမှတ် ၅၀ ရှိ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရုပ်ရှင်မြှင့်တင်ရေးဌာနခွဲ (ရုပ်ရှင် အနုပညာရပ်ဝန်း) ရုပ်ရှင်ပြခန်းမ၌ ကျင်းပသည့် ဒါရိုက်တာ Milos Forman ၏ Black Peter ရုပ်ရှင်ဇာတ်ကားအပေါ် ခွဲခြမ်းစိတ်ဖြာလေ့လာခြင်း၊ သုံးသပ်ဆွေးနွေးခြင်း အစီအစဉ်တွင် ၎င်းက ထိုသို့ပြောကြားခြင်းဖြစ်သည်။

 

ယနေ့သုံးသပ်ဆွေးနွေးရာတွင် ဒါရိုက်တာ ဦးသိဒ္ဓိ က ဇာတ်ကားနှင့်ပတ်သက်၍ မိတ်ဆက်စကားပြောကြားပြီး တက်ရောက်လာသူများနှင့်အတူ ရုပ်ရှင်ဇာတ်ကားကို ကြည့်ရှုကာ ဇာတ်ကားအပေါ် သုံးသပ်သည့်အမြင်များကို မေးမြန်းဆွေးနွေးခဲ့ကြသည်။

 

“ရုပ်ရှင်တွေကိုကြည့်တဲ့အခါ အပြန်အလှန်စဉ်းစားတဲ့အပိုင်း ပိုပြီးဖွံ့ဖြိုးလာ စေချင်တယ်။ ကျွန်တော်က ချက်နိုင်ငံ ရုပ်ရှင်ကျောင်းမှာ တက်ရောက်ခဲ့ပါတယ်။ ဒီတော့ အဲဒီက လူနေမှုပုံစံကို နည်းနည်းပိုသိတယ်။ သူတို့ရဲ့ တွေးခေါ်ပုံ၊ ချက်နိုင်ငံ ရုပ်ရှင်လှုပ်ရှားမှုအကြောင်း၊ ဟာသပုံစံဖန်တီးမှုအပိုင်းတွေကို ဆွေးနွေးတာပါ။ စကားလုံးတွေနဲ့ ဟာသလုပ်တာမဟုတ်ဘဲ လူ့ဘဝရဲ့ လှောင်ရယ်စရာအဖြစ်အပျက်တွေကို ဇောင်းပေးရိုက်ကူး ထားတာပါ။ ဒီလိုတင်ပြတာက ပိုပြီးထူးခြားပြီး ခက်ခဲတယ် ဆိုတာ ဆွေးနွေးတာပါ ”ဟု ဒါရိုက်တာ ဦးသိဒ္ဓိ က ပြောသည်။

 

ယနေ့သုံးသပ်ဆွေးနွေးပွဲကို ပြန်ကြားရေးဝန်ကြီးဌာနနှင့် ရုပ်ရှင်ဖွံ့ဖြိုးတိုးတက် ရေးစင်တာတို့ပူးပေါင်း၍ ပြုလုပ်ခြင်းဖြစ်ပြီး ရုပ်ရှင်ဖွံ့ဖြိုးရေးစင်တာမှ တာဝန်ရှိသူများ၊ အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်မှ စိတ်ဝင်စားသူ ကျောင်းသူ၊ ကျောင်းသားများ၊ ရုပ်ရှင်ပညာကို စိတ်ဝင်စားသည့် လူငယ်များ၊ ပြင်ပမှ စိတ်ပါဝင်စား သည့်ပုဂ္ဂိုလ်များ တက်ရောက်ကြသည်။

 

ဒါရိုက်တာ ဝင်းထွန်းထွန်းက “ ဒီဂျစ်တယ်နည်းပညာတွေ ပြောင်းလဲသွားချိန်မှာ စက်ပစ္စည်းတွေက ငွေနဲ့ဝယ်လို့ရပါတယ်။ နည်းပညာပေါ်လိုက်ပြီး ဖန်တီးနိုင်စွမ်းက ကျွန်တော်တို့ဆီမှာ အားနည်းနေသေးတယ်။ အခုလိုမျိုး လူငယ်တွေက စိတ်ပါဝင်စားစွာ လေ့လာကြတာတွေ့တော့ မြန်မာ့ရုပ်ရှင်လောကအတွက် အထောက်အပံ့တွေ ပိုမို ရရှိမယ်လို့မျှော်လင့်ပါတယ်”  ဟုပြောသည်။

 

ယနေ့ပြသဆွေးနွေးသည့် ရုပ်ရှင်ဇာတ်ကားသည် ၁၉၆၄ ခုနှစ်က ချက်နိုင်ငံရှိ ဆယ်ကျော်သက်လူငယ်တစ်ဦး၏ အလုပ်၌တွေ့ကြုံရသည့်အခက်အခဲများ၊ ဖခင်ကြီး၏ အုပ်ထိန်းမှုအောက်တွင်နေထိုင်ရသည့်အနေအထား၊ ၎င်းစိတ်ဝင်စားသည့် မိန်းမပျိုကို ပိုးပန်းမှုများ စသည့် လူ့အဖွဲ့အစည်းတွင်နေထိုင်ဖြတ်သန်းသည့်အခါ ဖြစ်ပေါ်လာသည့် အကြောင်းအရာများကို ဟာသနှောကာ ရိုက်ကူးပုံဖော်ထားခြင်းဖြစ်သည်။

 

အဆိုပါရုပ်ရှင်ဇာတ်ကားများနှင့်ပတ်သက်သည့် ကြည့်ရှုလေ့လာဆွေးနွေးမှုများကို လစဉ် ဒုတိယပတ်နှင့် တတိယပတ်တို့၏ တနင်္ဂနွေနေ့တိုင်း ပြုလုပ်ရန်စီစဉ်ထားကြောင်း မြန်မာနိုင်ငံနှင့်ကိုက်ညီမှုရှိသည့် ရုပ်ရှင်ဇာတ်ကားများကို အလှည့်ကျ ရွေးချယ်ကာ ပြသဆွေးနွေးမှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

 

သတင်း-မြတ်စန္ဒီ

 

ဓာတ်ပုံ-ရဲထွဋ်

 

DSC_6422.JPG