စေတုတ္တရာမြို့တွင် သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်ရန်အတွက် အဘိတ်ဆေးခပ်ခြင်းနှင့် အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်

စေတုတ္တရာ  ၂၃ မေ          

 

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့အမှတ် (၁) ရပ်ကွက်တွင် သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်ရန်အတွက် အဘိတ်ဆေးခပ်ခြင်းနှင့် အသိပညာပေးလုပ်ငန်းများကို ယနေ့ နံနက် ၇နာရီက  မြို့နယ်ကျန်းမာရေးဌာနနှင့် ဌာနဆိုင်ရာများ၊ NGO အဖွဲ့များပူးပေါင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 

စေတုတ္တရာမြို့နေပြည်သူများအား ခြင်ကျားကြောင့် ဖြစ်တတ်သော သွေးလွန်တုပ်ကွေး ရောဂါ၊ ဆင်တုပ်ကွေးရောဂါ၊ ဇီကာရောဂါ များမဖြစ်ပွားစေရန် ဖုံး၊ သွန်၊ လဲ၊ စစ်လုပ်ငန်း ဆောင်ရွက်ခြင်း၊  အဘိတ်ဆေးခပ်ခြင်းနှင့် အသိပညာပေး လုပ်ငန်းများအား  မြို့နယ်ကျန်းမာရေး ဌာနနှင့် ဌာနဆိုင်ရာများ၊ NGO အဖွဲ့များ ပူးပေါင်းဆောင်ရွက်ခဲ့ကြသည်။ 

 

အဆိုပါ လုပ်ငန်းများဆောင်ရွက်ရာတွင် မြို့နယ်ကျန်းမာရေးဌာနမှဝန်ထမ်းများနှင့် ဌာနဆိုင်ရာများ၊ NGO အဖွဲ့များမှ အုပ်စု(၄)စုခွဲ၍ စေတုတ္တရာမြို့ အမှတ်(၁)ရက်ကွက်ရှိ နေအိမ်များ၌ သောက်သုံးရေသိုလှောင်ထားမှု၊ ရေစည် ရေအိုးများတွင် အဖုံးများ စနစ်တကျ သိုလှောင်မှုရှိ/ မရှိစစ်ဆေးခြင်း၊ ဘုရားပန်းအိုးများလဲလှယ်ခြင်း ရှိ/မရှိစစ်ဆေးခြင်း၊ အဘိတ်ဆေးခပ်ခြင်း၊ အသုံးမပြုတော့သည့် ရေအိုးများအား မှောက်ထားစေခြင်း၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ထုတ်ပြန်ချက်များအား Hand Speaker များဖြင့် လှည့်လည်အသိပညာပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်းနှင့် အဆိုပါလုပ်ငန်းများအား အပတ်စဉ်(စနေနေ့)တိုင်း အောက်တိုဘာလကုန်အထိ မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာများ၌ ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

 

ခင်သန်းလှိုင်(ပြန်/ဆက်)