ဆီဆိုင်မြို့နယ်အတွင်းရှိ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအဖွဲ့များအား (ပထမအကြိမ်)ထောက်ပံ့ငွေပေးအပ်

ဆီဆိုင် ၁၀ စက်တင်ဘာ

 

တိုင်းရင်းသားတို့၏ စာပေနှင့်ယဉ်ကျေးမှုများ ဖွံ့ဖြိုးတိုးတက်ရန်အတွက် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဆီဆိုင်မြို့နယ်၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ စက်တင်ဘာ ၁၀ ရက် နံနက် ၁၀ နာရီက ဆီဆိုင်မြို့နယ်အတွင်းရှိ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုအဖွဲ့များအား ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့မှ (ပထမအကြိမ်) ထောက်ပံ့ငွေပေးအပ်ပွဲ ကျင်းပခဲ့ကြောင်းသိရသည်။

 

 

 

ရှေးဦးစွာ ဆီဆိုင်မြို့နယ် မဲဆန္ဒနယ်အမှတ်(၂)ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးခွန်မောင်ပယ်က တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှု တိုးတက်မြင့်မားရေးအတွက် ထောက်ပံ့ပေးအပ်ခြင်းဖြစ်ပါကြောင်း အမှာစကား ပြောကြားပြီး တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအဖွဲ့များအား ထောက်ပံ့ငွေပေးအပ်ရာ ပအိုဝ်းစာပေနှင့် ယဉ်ကျေးမှုအဖွဲ့အား ငွေကျပ်(၅)သိန်း၊ ရှမ်းစာပေနှင့်ယဉ်ကျေးမှုအဖွဲ့အား ငွေကျပ်(၅)သိန်း၊  လီဆူစာပေနှင့် ယဉ်ကျေးမှုအဖွဲ့အား ငွေကျပ်(၃)သိန်းနှင့် ကယန်းစာပေနှင့်ယဉ်ကျေးမှုအဖွဲ့အား ငွေကျပ်(၃)သိန်းတို့ကို ဆီဆိုင်မြို့နယ် မဲဆန္ဒနယ်အမှတ်(၁)ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးခွန်လှသိန်း၊ ဆီဆိုင်မြို့နယ် မဲဆန္ဒနယ်အမှတ်(၂) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးခွန်မောင်ပယ်နှင့် မြို့နယ်စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်နိုင်တို့က ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။  

 

 

 

“ယခုလိုဒေသဦးစီးအဖွဲ့မှ ပအိုဝ်းစာပေနှင့်ယဉ်ကျေးမှုအတွက် လိုအပ်ချက်ရှိတဲ့နေရာမှာ သုံးစွဲဖို့ခွင့်ပြု ထောက်ပံ့ပေးတဲ့အတွက် ဝမ်းသာကြည်နူးပီတိဖြစ်ရပါကြောင်း ၄င်းငွေကိုလည်း  မြို့နယ်ပအိုဝ်းစာပေနှင့် ယဉ်ကျေးမှုရုံးအတွက် အကျိုးရှိရှိအသုံးပြုသွားမှာဖြစ်ကြောင်း စာပေနှင့်ယဉ်ကျေးမှု မပျောက်ကွယ်သွားအောင် ထိန်းသိမ်းလုပ်ဆောင်သွားမည်ဖြစ်ပါကြောင်း ပအိုဝ်းစာပေနှင့်ယဉ်ကျေးမှုအဖွဲ့ ဥက္ကဋ္ဌ ဦးမောင်း က ပြောကြားသည်။

 

 

ခွန်ရဲထွေး(ဆီဆိုင်)