ဆီမီးထိန်ထိန်ဝင်းလို့နော် သီတင်းကျွတ်မီးထွန်းပွဲတော်

လွန်းပိုးအိမ်

 

သီတင်းကျွတ်လသည် မိုးနှောင်းရာသီကာလဖြစ်၍ မြန်မာလများထဲတွင်လည်း သတ္တမမြောက်လဖြစ်သည်။ မိုးရာသီ ကုန်ဆုံးချိန်ဖြစ်သော်လည်း ဆောင်းရာသီသို့ မရောက်သေး၍ မိုးသားမိုးတိမ်တို့ကို မြင်နေရသည်။ တစ်မိုးလုံး မိုးဒဏ်၊ လေဒဏ် ပြင်းထန်ရာမှ လျော့ပါးလာခဲ့၏။ ကောင်းကင်ပြင်ဝယ် မှိုင်းပြပြ ညိုမှောင်နေသော တိမ်တောင်တိမ်လိပ်တို့ သည်ပင် ပျောက်ကွယ်လုနီးပါး ဖြစ်နေပါသည်။ စာရေးသူ၏ ရွာအနောက်ဘက်ရှိ ရေကန်ကြီးတွင် ကြာနီပန်းများဖြင့် ဖူးပွင့်ဝေဆာနေကြသည်။ ပလ္လင်ဆေးမိုးလောက်သာ ရွာသည်။

 

မိုးသားများတက်၍ လေရူးထန်လျှင် လျှပ်ပန်း လျှပ်နွယ်တို့လည်း ဖြတ်သန်းတတ်လေသည်။ မိုးနှောင်း၏ သင်္ကေတများသာတည်း။ ရာသီအ‌လျောက် ပေါက်ရောက် စမြဲဖြစ်သော သစ်ပင်ပန်းမန်လေးများမှာလည်း အရောင် စုံတို့ဖြင့် ယိမ်းကသည့်နှယ် လှပဝေဆာနေကြသည်။ မိုးနှောင်းကာလတွင် မိုးပုလဲတို့ ဖြိုးဖြိုးဖြိုင်ဖြိုင် မရွာ နိုင်ပေ။ မိုးသားတိမ်လိပ်တို့ကား အမြင့်စံကောင်းကင်တွင် ပြေးလွှားမြူးထူးနေတတ်သည်။ တစ်ခါတစ်ရံဝယ် မိုးရေ စက်အသွင်ဖြင့် လူ့လောကကို အလည်ရောက်လာတတ် သည်။ ၎င်း၏ ဓာတ်ကြောင့် အေးချမ်းမှုကို ရစေသည်။ ကမ္ဘာမြေပြင်ဝယ် ရေကွက်ရေအိုင်များအသွင် ဖန်တီး နေထိုင်သည်။

 

မြစ်ရေ၊ ချောင်းရေ၊ စမ်းရေအသွင်ဖြင့် ဖန်တီး၍ လှိုင်းထန်၊ ရေထန်ဘဝမှ လွတ်မြောက်ခဲ့ပြီဖြစ်၍ ရေစီးတို့ သာယာပြီး၊ ရေလည်းမများ၊ သဲဖြူဖြူပေါ်ဝယ် တွန့်လိမ် ကွေ့ဝိုက်ကာ စီးဆင်းနေသည်။

 

တေးသံတကြော်ကြော်နှင့် လုပ်ငန်းခွင်ဝင် ပျော်နေ သူတို့၏ အသံသည်လည်း ဆောင်းသီးပင်တို့ကို မျိုးချရန် ဆူညံနေကြသည်။ မိုးကြွင်းမိုးကျန်ဖြင့်သာ အပင်ပေါက် ရသည်။ ဆက်လက်ရှင်သန်ကြီးထွားရေးအတွက် နှင်းရည် နှင်းစက်တို့ကို အမှီပြုရစမြဲပေ။

 

မိုးသည် လူသားတို့၏ အေးမြမှု၊ သောက်သုံးရေရရှိမှု၊ ရေဒါနပြုမှု၊ သစ်ပင်ပန်းမန်၊ တိရစ္ဆာန်တို့အတွက် အဖိုး ထိုက်တန်သော အရာဖြစ်သည်။ ရေအေးဖြင့် ၎င်းတို့ အတွက် တိုက်ကျွေးပေးရှာသည်။ လူသားတို့ဆီမှ စေတနာ မေတ္တာများကို ရရှိထားသောအခါ သူရိန်နေမင်းက မကျေ နပ်၍ ငြိုးမာန်ဖွဲ့သည်။ သူ၏ နေရောင်ခြည်လက်နက် ဖြင့် နှင်ထုတ်လေသောအခါ မိုးများ အခိုးအငွေ့အဖြစ် ကောင်းကင်ရပ်ခွင်သို့ ထွက်ပြေးပုန်းရှောင်နေရသည်။ မဟာမိတ်ဖြစ်သော မြောက်လေပြည်များက သူရိန်နေမင်း ကို စစ်ကူပေးသည်။ ကောင်းကင်ယံတွင် မိုးမြင်လျှင်ပင် ငြိုးမာန်ကြီးစွာ တိုက်ခိုက်နေတော့သည်။ မိုးမင်းကြီး၏ ရင်ငွေ့ကြောင့် ဂျုံ၊ ကုလားပဲတို့၏ အစို့အညှောက်တို့ သည် မြစိမ်းရောင်နှင့် အစိမ်းရောင် တောက်ပနေတော့သည်။

 

လယ်ကွင်းပြင်တွင် စပါးပင်တို့သည် တောင်နှင့် မြောက်မှ တိုက်ခတ်သောလေတို့ကြောင့် ဘယ်ညာ ယိမ်းနွဲ့ကာ ကနေကြပုံမှာ လေအဝှေ့နှင့် လှပနေသည်။ လေပြည်လေးများက စပါးပင်တို့အပေါ်တွင် ဝှေ့ယမ်း တိုက်ခတ်ကာ ဆော့ကစားနေကြ၍ စပါးပင်တို့သည် လေအထိမှာ မခံသာ၍ အော်ဟစ်နေကြရရှာသည်။


သူ့ကို မကျေနပ်မှန်းသိသော မြောက်လေပြည်သည် တားဆီးတိုက်ခတ်ခဲ့သောမိုးကို သီးပင်ကလေးများ အတွက် ပြန်လည်ရွာသွန်းစေပြီး ယုယထွေးပွေ့ကာ မိခင် ရင်ငွေ့နှင့် မကင်းနိုင်သော ၎င်းတို့အတွက် နို့ချိုတိုက်ကျွေး စေသည်။ နို့ချိုစို့ရသော ကောက်ပင်ပျိုတို့သည်လည်း လေချိုတိမ်းယိမ်းနွဲ့ကာ နေလေတော့သည်။

 

ထိုအချိန်ဝယ် ကြာဖြူ၊ ကြာနီ၊ ကြာပြာပန်းတို့ ဝေဝေ ဆာဆာ ဖူးပွင့်လာကြသည်။ ထို့ကြောင့် စာဆိုတော် ဦးကြော့က ကြယ်အဿဝတီ၊ ရွှေကာကနှင့် ငွေတာရ စန်းဖြူ၊ ဘွေညာမြကြငှန်းငူမှာ တနန်းတူသာပေါ့၊ ငါးကြာနံ ကုဏ္ဍအိုင်မှာ၊ ဒုမ္မာခိုင် ခွေယိမ်လို့ပျော့ဟူ၍ ရေးဖွဲ့ထားပါသည်။ အမည်မသိ စာဆိုတစ်ဦးကလည်း မီးဖြူဝါထိန်လင်းလို့ သီတင်းကျွတ်ခါတော်ချိန် ဓာတ်ဝါ ယောမ မငြိမ်းတယ်၊ ထူးအိမ်ငယ်မယွင်း၊ စိတြသဏီ။ နေ့ညာဏ်မှီး၊ ထွန်းလျှံလို့လင်း၊ ကျီးတာရာ အနင်းမို့၊ အိုင်အင်းမှာ အထွေထွေ၊ ငါးကြာမျိုး ဝတ်ဆံကြွေသည်၊ ရေနဒီမောက်ဖြိုး၊ မြတ်ဗုဒ္ဓစွယ်တော်ကို ရှိဆော်ရော်ဦးချ လို့မိုးဟူ၍ ဖွဲ့ဆိုပြန်သည်။ ဖိုးသူတော်ဦးမင်းကလည်း စာဖွဲ့ထားပြန်ရာ ကြာငါးမည် ကြိုင်သင်းလို့၊ လျှံဝင်းတဲ့ ပြောင်ထိန်၊ ရွှေနန်းတောင်တော်ဦးမှာလေ၊ ကွန့်မြူး မြင်းမိုရ် မီးညီးတဲ့ခါချိန်၊ ရှိခိုးရယ်နှိမ်သုံးကြိမ်ရိုပြောင်း သက္ကစ္စဂါဝါနှင့် စဉ်အလာပူဇော်ပွဲကို နွှဲကြပေတောင်းဟု ဖွဲ့ဆိုခဲ့ပါသည်။

 

စာဆိုတော် ဖိုးဝဇီရကလည်း ပုထုဇဉ်တို့သဘာဝ အတိုင်း အလွမ်းဓာတ်ခံကာ စာပေနှင့် ကွန့်ထားပုံမှာ ပူပါပြီ တူရာသီခေါ်လေမို့ ပျော်မွေ့နေဘူး၊ လေစီးငယ်ခို၊ ရွှေကျေးငယ်ပျံလပေမို့ ဟန်ရအောင် ယဉ်သသူကြောင့်၊ သည်ငူမှာ ဘဝင်ဆူလှိုက်ပြန်တော့တယ်မေ၊ မောဟိုက် လို့မူးဟူ၍ ရေးဖွဲ့ထားပါသည်။ ညောင်ရမ်းခေတ် မီးပူဇော်ပွဲအခမ်းအနား တင့်တယ်ပုံကို ဆည်သည်ရွာစား ဦးအောင်ကြီးက မြတ်ကျင့်ခေါင်ထွဋ်၊ သီတင်းကျွတ်ကား၊ ရွှေလွှတ်တော်ပွဲတက် မြဲခင်းကျင်း၊ မြိုးတွင်းမြို့ပြင်၊ ထွန်းထင်ညီးဝါး၊ မြို့လယ်မှမူ၊ အချာဗဟို မီးမြင်းမိုရ်လည်း၊ မဂ်ဗိုလ်ရှေးရှု၊ ပူဇော်လှူ၍ လူတို့ထွက်ခွာစောနရာလျှင် ရတနာဒုရင်မကိုဋ်ဆင်လျက်၊ သဘင်ထွက်ကာစသည် ဖြင့် ပူဇော်ကန်တော့ပွဲခံ ကျင်းပပုံကို ‌ရေးဖွဲ့သီကုံးထား သည်။ ကုန်းဘောင်ခေတ်စာဆိုတော် ဦးယာကလည်း ကုန်းဘောင်ခေတ်မီးထွန်းပွဲတော်ကို ဖွဲ့ဆိုပုံမှာ ကြော်သဲ အုတ်အော် ပူဇော်မီး၊ ညီးညီးဝင်းဝင်း၊ ထွန်းလင်းရောင်ရှိန်၊ အာလိန်ငါးဆင့်၊ ရွှန်းရွှန်းတင့်သား၊ နတ်မင်းစံရာ ဝတိံ သာသို့၊ လေးဖြာရောင်ဆို မြင်းမိုရ်ပွဲကြီး၊ ယှဉ်မီးတဝ မြောက်လေသ၍၊ သက်မျှကြင်သူ၊ ဆင်းရွှေအူနှင့်၊ အတူတကွ၊ မောင်တတိုင်းမြောက်၊ မယ်ကဖောက်၍၊ နှစ်ယောက်စုံလင်၊ စွယ်တော်စင်တွင်၊ ပန်းတင်ရေသွန်း၊ ဆုယူညွှန်းသည်၊ ဖြောင်ရွှန်းဆီမီးတိုင်နှင့်လေး၊ ကြာခိုင် တဲ့လျှံဝင်း ကျွတ်သီတင်းဟူ၍ မြို့သူမြို့သား၊ လူ့လင်ပျို၊ လုံမပျိုတို့ မီးထွန်းပွဲသဘင်ဆင်နွှဲကြပုံကို စာပန်းချီ ခြယ်မှုန်းထားသည်။

 

သီတင်းကျွတ်မီးထွန်းပွဲတော်ကို မီးမြင်းမိုရ်၊ တာဝတိံသာဟု ခေါ်ဝေါ်ကြသည်။ သီတင်းကျွတ်ပွဲတော် သည် သာသနာတော်ကို အခြေပြုသော ဘာသာရေးပွဲ တော်ဖြစ်သည်။ မြတ်စွာဘုရားရှင်သည် ဝါတွင်းသုံးလ ပတ်လုံး နတ်ပြည်၌ သီတင်းသုံးတော်မူသည်။ တာဝတိံသာ နတ်ပြည် ကသစ်ပင်ရင်း၌ ခင်းအပ်သော ပဏ္ဍုကမ္ဗလာ မြကျောက်ဖျာ၌ သတ္တမဝါ ကပ်တော်မူသည်။

 

မြန်မာလူမျိုးတို့၏ သီတင်းကျွတ်လပြည့်နေ့သည် နေ့ထူးနေ့မြတ်ဖြစ်သည်။ အဘိဓမ္မာအခါတော်နေ့လည်း ဖြစ်ပါသည်။ သီတင်းကျွတ်လပြည့်နေ့တွင် ရဟန်းသံဃာ တော်တို့သည် ပဝါရဏာပြုပွဲများ ကျင်းပကြသည်။ မွန်မြတ်သော စိတ်နေသဘောထားဖြင့် ဂါရဝေါစ၊ နိဝါ တောစတရားကြီးမားပုံကို ပြသသောအနေဖြင့် ဘိုးဘွား၊ မိဘ၊ ဆရာသမားများကို ပူဇော်ဂါရဝပြုလေ့ရှိကြသည်။

 

မြတ်စွာဘုရားရှင် သက်တော်ထင်ရှားရှိစဉ် မယ်တော် ဖြစ်ခဲ့ဖူးသော နတ်သားကို မွေးကျေးဇူးဆပ်သည့်အနေ ဖြင့် တရားဟောရန် မယ်တော်နတ်သားရှိရာ တာဝတိံသာ နတ်ပြည်၌ ဝါတွင်းသုံးလပတ်လုံး မယ်တော်နတ်သား အမှူးပြုသော နတ်ဗြဟ္မာအပေါင်းတို့အား အဘိဓမ္မာ တရားတော်ကို ဟောကြားတော်မူသည်။ ထိုသို့ဟောကြား တော်မူပြီးနောက် သီတင်းကျွတ်လပြည့်နေ့တွင် နတ်ပြည် မှ လူ့ပြည်သို့ ပြန်လည်ကြွချီတော်မူမည်ဟု မိန့်ကြားသော အခါ အကြောင်းစုံသိသော သိကြားမင်းသည် ရွှေစောင်း တန်း၊ ငွေစောင်းတန်း၊ ပတ္တမြားစောင်းတန်းဟူ၍ စောင်း တန်းသုံးသွယ် ဖန်ဆင်းတော်မူသည်။ မြတ်ဗုဒ္ဓနှင့်အတူ နတ်၊ ဗြဟ္မာအပေါင်းတို့မှာလည်း လိုက်ပါဆင်းသက်ခဲ့ကြသည်။

 

မြတ်စွာဘုရားရှင်သည် တာဝတိံသာနတ်ပြည်မှ လူ့ပြည်သို့ ဆင်းသက်မည့်အချိန်၌ မြင်းမိုရ်တောင်ထိပ် တွင် ရပ်တော်မူကာ ရေမီးအစုံစုံ တန်ခိုးပြာဋိဟာတို့ ကို ပြတော်မူသည်။ သင်္ကဿနဂိုပြည်ရှိ စောင်းတန်း၌ ခြေတော်ကို ချမိလျှင်ပင် ဘုရားရှင်၏ တပည့်ကြီး ရှင်သာရိ ပုတ္တရာမထေရ်က ရှေးဦးစွာ ပူဇော်ကန်တော့သည်။ ထို့နောက်မှ မင်း၊ မိဖုရား၊ မှူးမတ်များနှင့်တကွ သာဝတ္ထိ ပြည်၊ ဝေသာလီပြည်၊ ရာဇဂြိုဟ်ပြည်၊ ဗာရာဏသီပြည် များမှ တိုင်းသူပြည်သားအပေါင်းတို့မှ စုရုံးကြိုဆိုကြ သည်။ မီးရှူးတိုင်များ၊ မီးပန်းများ၊ ဆီမီးများ ထွန်းညှိပြီး မြတ်စွာဘုရားရှင်ကို ပူဇော်၍ ကြိုဆိုကြသည်။

 

ဤသို့ မြတ်စွာဘုရားရှင်အား မီးရှူး၊ မီးပန်း၊ မီးပုံး၊ ဆီမီးများ ထွန်းညှိ၍ ဆီးကြိုပူဇော်ကြသည်ကို အကြောင်းပြု၍ သီတင်းကျွတ်လပြည့်နေ့ညတွင် ဆီမီး ထွန်းညှိပူဇော်ခြင်း အလေ့အထဖြစ်လာခဲ့တော့သည်။ မီးထွန်းပွဲတော် ဆင်ယင်ကျင်းပစဉ် စေတီပုထိုး၊ ကျောင်း ကန်ဇရပ်၊ လူနေ အိမ်ခြေများ၊ စပါးကျီ၊ မောင်းဆုံ၊ ဈေးဆိုင် များပါမကျန် ဆီမီးရောင်များနှင့် ဝင်းလက်နေသည်။ ဤဓလေ့သည် မြန်မာမင်းများလက်ထက် ပုဂံခေတ်မှသည် ယနေ့တိုင်ဖြစ်ပေသည်။ အင်းဝခေတ်မှ ကုန်းဘောင်ခေတ် တိုင်အောင် သီတင်းကျွတ်မီးထွန်းပွဲတော်ကို ဘုရင်မင်း မြတ်ကိုယ်တိုင် ဦးစီး၍ ပြုလုပ်ခဲ့သည်။ မင်းရင်ပြင်တော် ပေါ်တွင် ကြီးမားလှသော ပြာသာဒ်ကြီးများကို တည် ဆောက်ကာ လှေကားသုံးသွယ်ဆင်ယင်ပြီး ဆီမီးရောင် ရှိန်များ ထွန်းညှိပူဇော်ကြသည်။ ထိုနည်းတူစွာ အခြား မြို့ရွာ၊ ကျေးလက်များတွင်လည်း မီးထွန်းပွဲတော်ကို ကျင်းပခဲ့ကြသည်။

 

ထို့အပြင် နတ်ပြည်ရှိ စူဠာမဏိစေတီတော်ကို ပူဇော် သည့် အထိမ်းအမှတ်အဖြစ်လည်း မီးပုံးပျံများပြုလုပ်၍ ကောင်းကင်တွင် လွှတ်တင်ကြသည်။ သိဒ္ဓတ္ထမင်းသား တောထွက်တော်မူသောအခါ အနော်မာသောင်ကမ်းတွင် ဆံတော်ကို ရိတ်ပယ်တော်မူသည်။ ထိုဆံတော်ကို အဓိဋ္ဌာန်ပြု၍ ထက်ကောင်းကင်သို့ မြှောက်တင်လိုက်ရာ သိကြားမင်းက ရွှေပန်းတောင်းဖြင့် ခံယူထားလိုက်သည်။

 

သိကြားမင်းသည် ထိုဆံတော်များကို ဌာပနာ၍ စူဠာမဏိ စေတီတော်အဖြစ် တည်ထားကိုးကွယ်တော်မူခဲ့ရာ သီတင်းကျွတ်လပြည့်နေ့ည မီးပုံးပျံလွှတ်တင်ခြင်းမှာ စူဠာမဏိစေတီတော်ကို ရည်စူး၍ ပူဇော်ခြင်းသာ ဖြစ်ပါသည်။

 

စာရေးသူတို့နေထိုင်ရာ ရပ်ကွက်ထဲရှိ လမ်းထဲမှ ဆရာကြီး ဦးစောမောင်တို့အိမ်တွင် မီးပုံးပျံများကို ပုံသဏ္ဌာန်အမျိုးမျိုး ပြုလုပ်၍ လွှတ်တင်နေသည်ကို သိမြင်ရသည်မှာ အလွန်စိတ်ဝင်စား နှစ်သက်မိပါသည်။ ရွာအရှေ့ဘက်ရှိ ဘုန်းတော်ကြီးကျောင်းတွင် မီးထွန်းပွဲ ကို စောင်းတန်းများနှင့် ပြုလုပ်ထားပုံမှာ လာရောက် ကြည့်ရှုသူများနှင့် ကြိတ်ကြိတ်တိုး စည်းကားနေသည် ကို တွေ့မြင်ခံစားခဲ့ဖူးပါသည်။ မီးပုံးပျံများကို ပုံစံအမျိုးမျိုး ဖြင့် တစ်နှစ်တစ်မျိုး မရိုးအောင်၊ မတူအောင် ပြုလုပ်ကြ သည်။ အထူးသဖြင့် ကာလသားများက ဦးဆောင်ဦးရွက် ပြုလုပ်ကြသည်။

 

ဆရာမကြီး ဒေါ်ခင်ရင်အိမ်တွင်လည်း အရပ်ပြဇာတ် အတွက် ကျောင်းပိတ်ရက်များတွင် တီးလုံးတိုက်ရ၊ ပြဇာတ်တိုက်ရ၊ စကားလုံးရွေးရနှင့် တစ်ရွာလုံး အလုပ်ရှုပ် နေကြ သည်။ ရပ်ထဲရွာထဲတွင် သီတင်းကျွတ်ပွဲတော်ရောက် လျှင် အလှူအတန်းများ ပြုလုပ်ကြသည်။ သံဃာတော် အရှင်သူမြတ်တို့အား လှူဖွယ်ပစ္စည်း၊ ဝတ္ထုများကို ဆက်ကပ်လှူဒါန်းပူဇော်ကြသည်။

 

လူငယ်လေးများကလည်း သက်ကြီးရွယ်အိုများ၊ ဘိုးဘွားမိဘများ၊ ဆရာသမားများကိုလည်း ပူဇော် ကန်တော့ကြသည်။ ကန်တော့ခံလူကြီးမိဘများကလည်း ဆုမွန်ကောင်းများတောင်းပေးကာ ဆုံးမဩဝါဒပေးကြ သည်။ ကန်တော့ခြင်းသည် သက်ရှည်ဆင်းလှ၊ ချမ်းသာ ရပြီး၊ ဉာဏ်ပညာနှင့် ခွန်အားဗလတိုးပွားစေသည်ဟု လည်း ယုံကြည်ကြပါသည်။ ဂါရဝတရားရှေ့ထားခြင်းသည် ချစ်စရာအစဉ်အလာတစ်ရပ်ဖြစ်ပေသည်။ သာသနာ့ ဘောင်တွင်လည်း ရဟန်းငယ်များက ရဟန်းဝါကြီးသူ များကို ရှိခိုးကန်တော့ကာ တောင်းပန်ကြသည်။

 

မြန်မာနိုင်ငံသည် ဗုဒ္ဓဘာသာထွန်းကားသော နိုင်ငံ ဖြစ်၍ ဘုရားတရားနှင့် သံဃာတော်အရှင်မြတ်များကို ယုံကြည်ကိုးကွယ်သောဓလေ့မှာ ပုဂံခေတ် အနော်ရထာ မင်းလက်ထက် ရှင်အရဟံ၏ အဆုံးအမဖြင့် နူးညံ့သိမ်မွေ့ သော စိတ်ထားများ ကိန်းအောင်စေခဲ့သည်။ ဗုဒ္ဓဘာသာ တို့၏ ထုံးတမ်းစဉ်လာအရ ဝါတွင်းကာလတွင် အိမ်ထောင် ပြုခြင်း အလေ့အထမရှိခဲ့ပေ။

 

သီတင်းကျွတ်သည်နှင့် တစ်ပြိုင်နက် မင်္ဂလာအခမ်း အနားများကို ပြုလုပ်၍ အိမ်ထောင်သားမွေးပြုကြ သည်။
သီတင်းကျွတ်လသည် မြတ်စွာဘုရားရှင်၏ ပညတ် တော်အတိုင်း ရဟန်းသံဃာတော်များ ဝါဆိုပြီးနောက် သီတင်းသုံးသည့် နေရာများမှ လွတ်မြောက်ခဲ့ခြင်းကို ရည်ရွယ်၍ သီတင်းကျွတ်လဟူ၍ လည်းကောင်း၊ ဝါကျွတ် လဟူ၍လည်းကောင်း ခေါ်ဆိုကြသည်။


သီတင်းကျွတ်လပြည့်နေ့၌ ဘာသာယဉ်ကျေးမှုအရ မီးထွန်းပွဲတော်ကို ကျင်းပကြသည်။ အိမ်တိုင်းတွင်လည်း မုန့်ဖက်ထုပ်၊ မုန့်ဗိုင်းတောင့်၊ မုန့်ဆီကြော်၊ မုန့်လက် ကောက်၊ မုန့်စိမ်းပေါင်း စသည်များဖြင့် သဒ္ဓါကြည်ဖြူစွာ ဧည့်ခံကျွေးမွေး လှူဒါန်းကြသည်။

 

ဝါကျွတ်ကန်တော့ပွဲသည် ရဟန်းသံဃာများ ပူဇော် ကန်တော့ခြင်း၊ ရတနာသုံးပါးအား ပူဇော်ကန်တော့ခြင်း၊ ဘိုးဘွားမိဘ သက်ကြီးရွယ်အိုများအား ပူဇော်ကန်တော့ ခြင်းအပြင် သံဃာတော်များအချင်းချင်း ဖိတ်ကြား၍ ဆုံးမ ခြင်း၊ အဆုံးအမကို နာခံခြင်းဖြင့် ပဝါရဏာပြုကြသည် မှာ ဝါကျွတ်ကန်တော့အနှစ်သာရဖြစ်သလို မြန်မာတို့၏ စေတနာ၊ သဒ္ဓါတရားအလှ၊ မနောအလှဖြစ်ပေသည်။ သီတင်းကျွတ်ပွဲတော်တွင် စေတီပုထိုး၊ ကျောင်းကန်ဇရပ်၊ လူနေအိမ်ခြေ စသည်တို့ကို မီးထွန်းညှိခြင်းပြုကြသည် သာမက ရက်ကန်းစင်၊ မောင်းဆုံ၊ စပါးကျီ၊ နွားတင်းကုတ် စသည်များကိုပါ မီးထွန်းညှိစေပါသည်။ စာရေးသူမိခင် သည် ဆီမီးခွက်များ များများဝယ်ထား၍ ဆီမီးခွက်များ ကိုသာ အသုံးများပါသည်။ နောက်မှသာ ဖယောင်းတိုင် များကို အသုံးပြုလာပါသည်။ သီတင်းကျွတ်ရာသီတွင် ဘုရားကျောင်းကန်မကျန်၊ တစ်နယ်လုံး၊ တစ်ရွာလုံး မီးရောင်များ ထိန်ထိန်လင်းတော့မည်ဖြစ်၍ ဝမ်းသာ ကြည်နူးမိပါသည်။

 

အများအားဖြင့် ယခုခေတ် မီးထွန်းပွဲတော်ကျင်းပ ပုံသည် ရှေးခေတ်နှင့် မတူတော့ဘဲ တစ်မူခြားနားသွားပါ သည်။
မူလပထမ၌ မီးထွန်းပွဲတော်ကျင်းပခြင်းသည် မြတ် စွာဘုရားအား ပူဇော်ကန်တော့ခြင်း၊ မိရိုးဖလာထုံးတမ်း အစဉ်အလာကို စောင့်ထိန်းခြင်းဖြစ်၍ ပကတိရိုးရှင်းသော ပွဲတော်ဖြစ်သည်။ ပြိုင်ဆိုင်မှုများ မပါပေ။ ကျွန်မတို့ ငယ်စဉ်က မီးထွန်းပွဲတော်ကို သွား၍သတိရမိသည်။ မီးထွန်းပွဲတော် နီးလျှင်ပင် အလုပ်တွေ ရှုပ်ကြသည်။ နှမ်းကောင်းများကို ရွေး၍ ဆီမီးထွန်းရန် ဆီကြိတ် ရသည်။

 

မီးစာရရန်အလို့ငှာ စာရေးသူသည် ဝါခင်းသို့သွား၍ ဝါပွင့်ကောက်ရသည်။ ဝါကောက်ရာတွင် အမှိုက်သရိုက် များ မပါစေရန် ရွေးချယ်ရသည်။ ၎င်းဝါများကို နေပူလှန်း သည်။ ဝါဖန်၍ ဂွမ်းဖတ်စက်ဖြင့် ကြိတ်ရသည်။ ဂွမ်းများ ကို သေးသေးလေးဖြစ်အောင် လိပ်ရသည်။ ၎င်းကို တိုင်း၍ ဖြတ်တောက်ရသည်။ ဤဝါဂွမ်းဖတ်လေးများကို သုံးလေး ရက်ခန့်ကြို၍ ဆီထဲသို့ ဆီဝစေရန် စိမ်ထားပေးရသည်။ သို့မှသာ မီးထွန်းသည့်အခါ တာရှည်ခံနိုင်မည်ဖြစ်သည်။ ဆီမီးခွက်များထဲတွင် မီးစာလေးများ၏ တစ်ဖက်စွန်းကို အပြင်ထုတ်၍ ထည့်ထားပြီးမှ ဆီများကို လိုက်၍ လောင်း ထည့်သည်။ ပြီးလျှင် မီးစာများကို မီးလိုက်၍ ရှို့ရသည်။ အားလုံးမီးထွန်းပြီးသောအခါ မီးခွက်ကလေးများကို လပြည့်နေ့၌ အိမ်အဝင်ဝ တံခါးနှစ်ဖက်တိုင်ပေါ်တွင် အရင်ဆုံးတင်သည်။ ပြီးလျှင် အိမ်ဝိုင်းထဲရှိ ပြတင်းပေါက် ကလေးများပေါ်တွင် စီစီရီရီတင်ထားကာ တစ်အိမ်လုံး ဆီမီးရောင်စုံလေးများဖြင့် ထိန်လင်းနေပုံမှာ ကျက်သရေ ရှိလှပါသည်။

 

သို့ဖြစ်ပါ၍ မြန်မာ့ဆယ့်နှစ်လရာသီပွဲတော်ဖြစ်သော သီတင်းကျွတ်မီးထွန်းပွဲတော်တွင် ပျော်ရွှင်စွာ ပါဝင်ဆင်နွှဲ ကြပါရန် ဆန္ဒပြုရင်း ဆီမီးထိန်ထိန်ဝင်းလို့နော် သီတင်း ကျွတ်မီးထွန်းပွဲတော်အကြောင်းအား ရေးသားတင်ပြ အပ်ပါသည်။ မြန်မာ့အလင်း