၂၂ ဇူလိုင်
ဆုံးရှုံးနေသေးသော အခွင့်အရေးများဆိုတာကို အင်္ဂလိပ်ဘာသာဖြင့် Missed Opportunities ဟု ပြောလိုက်တာနှင့် ဆရာဝန်တွေကတော့ ကာကွယ်ဆေးထိုးသည့် ကိစ္စကိုဆိုလိုမှန်း တန်းသိကြသည်။
ကာကွယ်ဆေးမထိုးလိုက်တာကို ဘာဖြစ်လို့ အခွင့်အရေးဆုံးရှုံးခြင်းဆိုသည့် ခမ်းနားကြီးကျယ်သည့်အသုံးအနှုန်းကြီး သုံးရပါသနည်းဟုဆိုလျှင် ဒါတော်တော်အရေးကြီးသည့်ကိ်စ္စပါဟု ဖြေရမည်ဖြစ်သည်။
ကမ္ဘာ့ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာ ကလေးတွေသေလျှင်သေ၊ မသေလျှင် ဒုက္ခိတဖြစ်ကျန်အောင်လုပ်နေတာက ထိပ်ဆုံးက “ကူးစက်ရောဂါများ”ဖြစ်သည်။ ကူးစက်ရောဂါဆိုတာက ဆေးပညာမဖွံ့ဖြိုး မတိုးတက်ခင်ခေတ်ကဆိုလျှင် ရောဂါကပ်ကြီးများကိုဖြစ်ပွားစေ၍ ကမ္ဘာ့လူဦးရေ ရာခိုင်နှုန်းတော်တော်များများကို ပြုတ်ပြုတ်ပြုန်းအောင် လုပ်ပစ်ခဲ့သည့်ပြဿနာတစ်ရပ်ဖြစ်သည်။
ခေတ်မီတိုးတက်သော ကမ္ဘာကြီးမှာတော့ကူးစက်ရောဂါကိ်ု တော်တော်ဦးချိုးပစ်လိုက်နိုင်ခဲ့ပြီဖြစ်သည်။ အဲဒီလို ဦးချိုးနိုင်ခဲ့တာကလည်း လက်နက်နှစ်မျိုးကြောင့်ဖြစ်သည်။
တစ်မျိုးက ခပ်ပျော့ပျော့ ပဋိဇီဝဆေးဝါးများဟုခေါ်သည်။ ဒါတွေပေါ်လာတော့ ကူးစက်ပိုးမွှားတွေကိုသေအောင် သတ်နိုင်လာသည်။ ခပ်ပျော့ပျော့ဟု ပြောရတာက ဆေးမနိုင်သည့်၊ ဆေးယဉ်ပါးသည့် ပြဿနာ တွေလည်း ရှိနေ၍ဖြစ်သည်။ ပြီးတော့ ကိုယ့်ဘက်က ထိပြီးမှ ပြန်တိုက်ရတာဆိုတော့ လူနာမှာ ဒဏ်ရာ ဒဏ်ချက်က ကျန်ခဲ့တတ်သည်။
ပိုမိုထိရောက်သောလက်နက်က ကာကွယ်ဆေးပါ။ ကာကွယ်ဆေးမှာတော့ ဆေးယဉ်ပါးသည့်ပြဿနာမရှိ။ စကတည်းက ရောဂါမဖြစ်တော့တာမို့ ဒဏ်ရာဒဏ်ချက်လည်းမကျန်။ ကာကွယ်ဆေးမှာလည်း ရှားရှားပါးပါး တစ်ခါတလေ ဘေးထွက်ဆိုးကျိုးတွေ ရှိတတ်သော်လည်း ကုသရသည့်ဆေးများ၏ ဘေးထွက်ဆိုးကျိုးနှင့်စာလျှင် အများကြီးပိုနည်းသည်။
ကာကွယ်ဆေးများ၏အောင်ပွဲတွေထဲမှာ သမိုင်းတွင်ခဲ့တာက ၁၉၇၀ ပြည့်လွန်နှစ်တွေမှာ ကျောက်ကြီးခေါ် small pox ရောဂါကို ကမ္ဘာ့မျက်နှာပြင်ပေါ်က အပြီးတိုင်ကွယ်ပျောက်သွားအောင် ချေမှုန်းနိုင်ခဲ့တာပင်ဖြစ်သည်။ ယနေ့ခေတ် လူငယ်တွေဆိုလျှင် “ကျောက်ပေါက်မာနှင့်မျက်နှာ” ဆိုသည့်စကား၏အဓိပ္ပာယ်ကိုပင် သိတော့မှာ မဟုတ်။
မြန်မာနိုင်ငံတွင်လည်း အဲဒီအချိန်လောက်ကစပြီး ကလေးတွေကို နိုင်ငံတော်အစီအစဉ်ဖြင့် ကာကွယ်ဆေး ထိုးပေး၊ တိုက်ပေးလာခဲ့တာ အသက်ပေါင်းမြောက်မြားစွာ ကယ်တင်နိုင်ခဲ့ပြီဖြစ်သည်။
စိတ်မကောင်းစရာကောင်းတာက အဲဒီလို အခမဲ့ထိုးပေးနေသော ကာကွယ်ဆေးကိုပင်လျှင် အကြောင်း အမျိုးမျိုးကြောင့် မထိုးလိုက်ရသည့် Missed Opportunities တွေက ရှိနေသေးတာဖြစ်သည်။
တိုးချဲ့ကာကွယ်ဆေးထိုးလုပ်ငန်းထဲမှာ ကျွန်တော်ထဲထဲဝင်ဝင် စပါဝင်ခဲ့သည့် ၂၀ဝ၄ ခုနှစ်က အဖြစ်အပျက်ကိုပဲ ကြည့်ကြပါဦးစို့။ ကာကွယ်ဆေးထိုးပြီး သေဆုံးသူကလေးသူငယ် ဆယ်ဂဏန်းလောက်ရှိလာသောအခါ ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ ပညာရှင်များကိုယ်တိုင်ကျွန်တော်တို့နှင့် လာရောက်ပူးပေါင်းပြီး စစ်ဆေးကြသည်။ ကာကွယ်ဆေးကြောင့် သေဆုံးခြင်းမဟုတ်ဘဲ အခြားရောဂါများကြောင့် သေဆုံးမှုတွေ လာတိုက်ဆိုင်တာ ဆိုသည့်အဖြေထွက်သည်။ ရှင်းပြသော်လည်း ပြည်သူလူထုက လက်မခံတာမျိုးရှိလာသည်။ တချို့နေရာတွေမှာ ဆေးပညာရှင်မဟုတ်သော အာဏာပိုင်အဖွဲ့အစည်း တွေကိုက လက်မခံတာတွေလည်းရှိခဲ့သည်။ ကာကွယ်ဆေးထိုးလုပ်ငန်းကြီး လနှင့်ချီ ရပ်တန့်သွားခဲ့သည်။ ဆိုးကျိုးကတော့ နှစ်အနည်းငယ်အကြာမှာ အဲဒီဆေးတွေနှင့် ကာကွယ်ထားရမည့် ‘ဆုံဆို့နာ’၊ ‘ဝက်သက်’ အစရှိသည့် ရောဂါတွေ ပြန်ရောက်လာတာပါပဲ။ အသေအပျောက်တွေလည်း ရှိခဲ့သည်။
နောက်ပိုင်းတော့ ကျွန်တော်တို့ အင်တိုက်အားတိုက်ပညာပေးနိုင်လို့လားတော့မသိ။ ပြည်သူလူထုက ကာကွယ်ဆေးတွေကို လိုလိုလားလားတောင်းဆိုလာ ကြသည်။
Missed Opportunities တွေက ရှိနေတုန်းပါပဲ။ ကာကွယ်ဆေးထိုးမထားသည့် ကလေးတွေကတစ်ဆင့် ကူးစက်ရောဂါတေ ပြန်ပြန်ဖြစ်တာ ခဏခဏရင်ဆိုင်နေရဆဲ။ အထူးသဖြင့်တော့ ခသညူ် hconfl ict area ခေါ် စစ်မက် ဖြစ်ပွားနေသည့် နေရာတွေ၊ လူမျိုးရေး၊ ဘာသာရေး ပဋိပက္ခဖြစ်ပွားနေသည့် နေရာတွေပေါ့။ မြို့ကြီးတွေလည်း မလွတ်ပါ။ စစ်ဘေးရှောင်မိဘမဲ့ကလေးတွေက မြို့ကြီးတွေပေါ်မှာရှိသည့် ဘုန်းကြီးကျောင်းအစရှိသည့် စောင့်ရှောက်ရေးစခန်းတွေကို ရောက်နေကြတာကိုး။
ဒါနဲ့ပဲ ကလေးဆရာဝန်တွေခမျာ ဆုံဆို့တွေတွေ့ရလိုက်၊ ဝက်သက်တွေတွေ့ရလိုက်။
နောက်ဆုံးမတော့ ပိုလီယို။
ပိုလီယိုဆိုတာ အလွယ်ကူဆုံးကာကွယ်ဆေးပါ။ ထိုးစရာတောင်မလို။ ပါးစပ်ကတိုက်ရတာပါ။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ပိုလီယိုကို ကျောက်ရောဂါလို ကမ္ဘာ့မျက်နှာပြင်ပေါ်က ပျောက်သွားအောင်လုပ်ဖို့ စအိပ်မက်မက်ခဲ့တာ ခရစ်နှစ် ၂၀ဝ၀ ကတည်းကပါ။ မြန်မာနိုင်ငံဆိုလျှင် ပိုလီယိုကင်းစင်နိုင်ငံအဖြစ် နှစ်ကြိမ်တောင်အသိအမှတ်ပြုခံရဖူးသည်။ ၂၀ဝ၃ ခုနှစ်က တစ်ခါ၊ ၂၀၁၉ ခုနှစ်မှာ တစ်ခါ ဘာဖြစ်လို့ နှစ်ခါဖြစ်ရသလဲဆိုတော့ကြားထဲမှာ wild virus ခေါ် အရိုင်းပိုးပြန်ဝင်တာကို။
ယခုထက်တိုင်လည်း ပိုလီယိုကင်းစင်နိုင်ငံအဆင့်မှာ ရှိနေဆဲပါ။ အရိုင်းပိုးထပ်မဝင်ပါ။ သို့သော် cVDPV ခေါ် ကာကွယ်ဆေးကနေ အသွင်ပြောင်း လှည့်လည်လာသည့်ပိုးက မြန်မြန်ခေါင်းထောင်ထနေသည်။ ၂၀၁၇ ခုနှစ်က ရခိုင်ပြည်နယ်မှာ ဖြစ်ခဲ့သည်။ ရခိုင်ရော ဆက်စပ်နေသည့် ပဲခူးတိုင်းတို့၊ ဧရာဝတီတိုင်း တို့မှာပါ အားဖြည့်ကာကွယ်ဆေးတွေ ဝင်တိုက်တော့ပြန်ငြိမ်သွားသည်။ cVDPV ၏သဘောတရားက ကာကွယ်ဆေးကနေ အသွင်ပြောင်းတာဖြစ်သော်လည်း ကာကွယ်ဆေးတိုက်မထားသူမှာဖြစ်တာ ဖြစ်သည်။ ကာကွယ်ဆေးတိုက်မထားသူများလေလေ အဲဒီပိုး ပေါ်လေလေ။
ယခုလည်း ကရင်ပြည်နယ်မှာ ပေါ်ပြန်ပြီ။ အနေအထားကိုက ကိုယ့်ကျန်းမာရေးဝန်ထမ်း ဝင်၍မရသော နေရာမှာဖြစ်တာဖြစ်သည်။ အဲဒီနေရာကို ထိန်းချုပ်နိုင်သူတွေကလည်း ကာကွယ်ဆေးဝင်တိုက်နိုင်ဖို့ကို တော်တော်ညှိနှိုင်းနေရသည်။
တိုးချဲ့ကာကွယ်ဆေးထိုးလုပ်ငန်းက ဆရာဝန်တွေရော ကျွန်တော့်ဆီက ကလေးဆရာဝန်တွေပါ အဲဒီဝေးလံခေါင်ဖျားနေရာတွေအထိ ကွင်းဆင်း၍ ညှိနှိုင်းနေရဆဲ။
ကျွန်တော်တို့ရင်သွေးလေးတွေမှာ ဆုံးရှုံးနေသော အခွင့်အရေးလေးတွေမရှိစေချင်တော့ပါ။
လင်္ကာရည်ကျော်