စီးပွားရေးအခွင့်အလမ်း ပိုမိုခိုင်မာ

နေပြည်တော် ၈ ဇွန်

ဒုတိယအကြိမ်မြောက် မြန်မာ-အီးယူစီးပွားရေးဖိုရမ် ဖွင့်ပွဲ အခမ်းအနားကို ဇွန် ၆ ရက်က နေပြည်တော်တွင် ကျင်းပခဲ့သည်။ အခမ်းအနားသို့ ဒုတိယသမ္မတ ဦးမြင့်ဆွေ တက်ရောက်ပြီး မိန့်ခွန်း ပြောကြားခဲ့ရာ မြန်မာနိုင်ငံ၏ လက်ရှိစီးပွားရေး တိုးတက်မှု အခြေအနေများကို သိရှိလိုက်ရသည်။

မြန်မာနိုင်ငံ၏ စီးပွားရေးတိုးတက်မှုနှုန်းသည် ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်တွင် ၅ ဒသမ ၉ ရာခိုင်နှုန်း ရှိခဲ့ရာမှ ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်တွင် ၆ ဒသမ ၈ ရာခိုင်နှုန်းရှိသဖြင့် တစ်ရာခိုင်နှုန်းနီးပါး တိုးတက်လာခဲ့သည်။ ယင်းသို့ တိုးတက်လာခြင်းသည် မြန်မာနိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုအခြေအနေ ဆက်လက် ကောင်းမွန်လာခြင်းနှင့်အတူ စိုက်ပျိုးရေးလုပ်ငန်း ပိုမိုခိုင်မာလာခြင်း၊ ပို့ကုန်တိုးတက်လာခြင်းနှင့် ပုဂ္ဂလိက ကဏ္ဍ စွမ်းဆောင်နိုင်မှု ပိုမိုအားကောင်းလာခြင်းကြောင့်ဖြစ်သည်ဟု သိရသည်။

မြန်မာနိုင်ငံသည် ရင်းနှီးမြှုပ်နှံမှု ဝန်းကျင်ကောင်း ဖန်တီးနိုင်ရေးအတွက် ပြုပြင်ပြောင်းလဲမှုများ တိုးတက်ဆောင်ရွက်ပေးနိုင်ခဲ့သည်။ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ဥပဒေသစ်နှင့် မြန်မာနိုင်ငံ ကုမ္ပဏီများ ဥပဒေကို ပြဋ္ဌာန်းခဲ့ပြီးဖြစ်သည်။ ထို့အပြင် စိုက်ပျိုးရေး၊ အခြေခံအဆောက်အအုံနှင့် ကုန်ထုတ်လုပ်ရေး လုပ်ငန်းများတွင် ရင်းနှီးမြှုပ်နှံမှုများ ပိုမိုရရှိရန်နှင့် တာဝန်ယူမှုရှိသော စီးပွားရေး လုပ်ငန်းဆောင်ရွက်မှုများ ဖြစ်လာစေရန် ရင်းနှီးမြှုပ်နှံမှု ဝန်းကျင်တစ်ရပ် တည်ဆောက်ရန်အတွက် ပြုပြင်ပြောင်းလဲမှုများစွာတို့ကို ဆောင်ရွက်ခဲ့သည်ကို တွေ့ရသည်။

ထို့အပြင် မြန်မာနိုင်ငံသို့ နိုင်ငံခြားခရီးသွား ဧည့်သည်များ ၂၀၁၇ ခုနှစ်တွင် ၁၈ ရာခိုင်နှုန်း တိုးတက်လာခဲ့ပြီး ဧည့်သည် ၃ ဒသမ ၄ သန်း ရှိခဲ့သည်။ မြန်မာနိုင်ငံတွင် နိုင်ငံခြား တိုက်ရိုက် ရင်းနှီးမြှုပ်နှံမှု အခြေအနေကောင်းများ ရှိလာသောကြောင့် ဝယ်လိုအား မြင့်မားလာခြင်းသည် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူဖြစ်စေသည်။ ထို့ကြောင့် လာမည့်နှစ်များတွင် မြန်မာနိုင်ငံ၏ GDP  ဖွံ့ဖြိုးတိုးတက်မှုနှုန်းသည် ခုနစ်ရာခိုင်နှုန်းကျော်အထိ ရှိလာမည်ဟု မျှော်မှန်းထားသည်။

မြန်မာနိုင်ငံရှိ ရင်းနှီးမြှုပ်နှံသူများတွင် ဥရောပသမဂ္ဂ အဖွဲ့ဝင် နိုင်ငံအချို့လည်းပါဝင်ပြီး ထိုနိုင်ငံများ၏ ရင်းနှီးမြှုပ်နှံမှု စုစုပေါင်းသည် ၂၀၁၈ ခုနှစ် ဧပြီလကုန်အထိ အမေရိကန်ဒေါ်လာ ၆ ဒသမ ၆ ဘီလီယံခန့်ရှိသည်။ မြန်မာနိုင်ငံရှိ ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံများ၏ နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုသည် မြန်မာနိုင်ငံ နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု စီးဝင်မှု စုစုပေါင်းတန်ဖိုး၏ ၈ ဒသမ ၆၈ ရာခိုင်နှုန်းခန့်ရှိသည်။ ထို့အပြင် မြန်မာနိုင်ငံကုမ္ပဏီများ အက်ဥပဒေနှင့်အညီ မြန်မာနိုင်ငံတွင် ဖွဲ့စည်းထူထောင်လည်ပတ်နေသည့် ဥရောပသမဂ္ဂ ကုမ္ပဏီများမှာ စုစုပေါင်း ၃၀ဝ ကျော်နေပြီဖြစ်သည်။

မြန်မာနိုင်ငံကုမ္ပဏီများ ဥပဒေသစ်သည် လာမည့်ဩဂုတ်လ ၁ ရက်နေ့တွင် စတင် အသက်ဝင်တော့မည်ဖြစ်သည်။ သို့ဖြစ်ရာ မြန်မာနိုင်ငံ၏  စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် လက်တွေ့ကျပြီး  အခြေအနေ ဖန်တီးခွင့်ရှိသည့် လမ်းကြောင်းများကို ယခုကဲ့သို့ ခင်းကျင်းပေးထားပြီဖြစ်၍ မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံကြမည့်  စီးပွားရေးလုပ်ငန်းအားလုံးမှာ ပိုမိုကောင်းမွန်သည့် အခြေအနေများနှင့်အတူ ပိုမိုခိုင်မာ ထိရောက်လာမည်ဟု အပြည့်အဝ ယုံကြည်ထားပါကြောင်း။

ကြေးမုံ