စိတ်ဓါတ်ကျနေတာက ဆောင်းရာသီကြောင့်များလား

ရာသီဥတုအေးအေးလေးက ဆွေးစရာလေးနော်။ အနုပညာသမားတွေအတွက် ခံစားလို့ကောင်းတဲ့ ရာသီဥတုပါနော်။ ဒါပေမယ့်အေးတဲ့ရာသီဥတုက လွမ်းမောလွန်း ရင်တော့ စိတ်ဓါတ်ကျတဲ့အထိ ဖြစ်သွားနိုင်ပါတယ်။ အခုတလောစိတ်ဓါတ်ကျနေတာက သင့်မှာစိတ်ဖိစီးနေတာထက် အေးမြတဲ့ ရာသီဥတုကြောင့်လည်း ဖြစ်နေနိုင်ပါတယ်နော်။

ရာသီဥတုအေးရင် တကယ်စိတ်ဓါတ်ကျသလား

ရာသီဥတုအခြေအနေပေါ်မှာမူတည်ပြီး စိတ်အခြေအနေပြောင်းလဲနိုင်ပါတယ်။ ဒီအခြေအနေကို ရာသီဥတုအခြေအနေကြောင့်ဖြစ်တဲ့ စိတ်အခြေအနေပြောင်းလဲမှုလို့ ခေါ်ပါတယ်။ ဒီအခြေအနေကို ရာသီဥတုပြောင်းလဲမှုဖြစ်တဲ့ အချိန်တိုင်းမှာ ခံစားရနိုင်ပါတယ်။ ဆောင်းတွင်းဝင်စမှာ ခံစားရနိုင်သလို ဆောင်းကုန်ခါနီးမှာလည်း ခံစားရနိုင်ပါတယ်။ ဒါက ဘာကြောင့်ဖြစ်ရတာလဲဆိုတော့ အအေးပိုကဲလာပြီး နေရောင် ကို ထိတွေ့ရချိန် နည်းသွားတာကြောင့် ဖြစ်နိုင်ပါတယ်။

လူအများစုက ရာသီဥတုအေးတဲ့အချိန်မှာ ချမ်းအေးမှုနဲ့ နေရောင်နွေးနွေးနဲ့ ထိတွေ့ခွင့်ရတာ နည်းတာကြောင့် လူကစိတ်ဓါတ်ကျနိုင်ပါတယ်။ စိတ်ဓါတ်ကျရောဂါ အခံရှိသူတွေက ဒီအချိန်မှာ ပိုပြီးစိတ်ဓါတ်ကျနိုင်ပါတယ်။ ရာသီဥတုအေးတာက လူကိုပျင်းရိစေပြီး စိတ်ခံစားမှုကို ထိုင်းမှိုင်းစေတာတော့အမှန်ပါ။ အအေးဒဏ် ပိုခံရလေလေ ရာသီဥတုကြောင့် စိတ်ဓါတ်ကျမှု ဝေဒနာကို ပိုခံစားရနိုင်လေလေပါ။

ဘယ်လိုလက္ခဏာတွေတွေ့ရနိုင်လဲ

•    အချိန်တော်တော်များများမှာ စိတ်ဓါတ်ကျနေနိုင်တယ်။ နေ့တိုင်းနီးပါး စိတ်ဓါတ်ကျ နေနိုင်ပါတယ်။
•    အရင်က စိတ်ဝင်စားတဲ့အလုပ်တွေကို မလုပ်ချင်မကိုင်ချင်ဖြစ်နေမယ်။
•    အားမရှိသလိုခံစားနေရမယ်
•    အိပ်မပျော်ဘူးဖြစ်နေမယ်
•    စားချင်စိတ်မရှိတာမျိုးဖြစ်နေမယ်
•    ကိုယ်အလေးချိန် အပြောင်းအလဲဖြစ်နေမယ်။
•    အရမ်းအိပ်နေမိမယ်။
•    ကာဗိုဟိုက်ဒရိတ်တွေ ပိုစားချင်မိနေတာမျိုး ဖြစ်နိုင်တယ်။
•    ကိုယ်အလေးချိန်တက်လာနိုင်တယ်။
•    ခြေကုန်လက်ပမ်းကျ နေနိုင်တယ်။
•    ထိုင်းမှိုင်းလေးကန်နေမယ်။ စိတ်တိုစိတ်ဆတ်လွယ်နေမယ်။
•    အာရုံစိုက်ရခက်နေမယ်။
•    မျှော်လင့်ချက်မဲ့သလိုဖြစ်နေမယ်။ ကိုယ့်ကိုကိုယ် အပြစ်ရှိသူလိုခံစားနေရမယ်။
•    တစ်ခါတလေ အရာရာကို စိတ်ကုန်ပြီး ကိုယ့်ကိုကိုယ် သတ်သေချင်စိတ်တောင် ဖြစ်မိနိုင်ပါတယ်။

ဘယ်လိုတွန်းလှန်မလဲ

ပြဿနာသိရင် အဖြေရှိပါတယ်။ တကယ်လို့ သင့်အနေနဲ့ဆောင်းအေးတာကြောင့် စိတ်ဓါတ်ကျနေရင် အခုပြောမယ့်နည်းလေးတွေကို လက်တွေ့အသုံးချပြီး တွန်းလှန်လိုက်ပါ။

လှုပ်လှုပ်ရှားရှားလေးနေပါ

ကိုယ်လက်လှုပ်ရှားမှုက စိတ်ဓါတ်ကျတာကို သက်သာစေနိုင်ပါတယ်။ မနက်ခင်း အပြေးလေ့ကျင့်တာ မျိုး၊ အေရိုးဗစ်ဆော့တာမျိုးက အထောက်အကူဖြစ်မှာ အသေအချာပါ။ ကိုယ်လုပ်နိုင်မယ့် လေ့ကျင့်ခန်းတစ်ခုခုကို ပုံမှန်လုပ်ပေးပါ။

နေရောင်ထိတွေ့ပါ

ဆောင်းအေးအေးနဲ့ ခွေမနေပါနဲ့။ တောင်တောင်မြောက်မြောက်လျှောက်တွေးရင်း စိတ်ဓါတ်ပိုကျသွားနိုင်ပါတယ်။ သဘာဝကပေးတဲ့ ဗီတာမင်D အရင်းအမြစ် နေရောင် နွေးနွေးလေး နဲ့ ထိတွေ့ပေးလို့ ကျနေတဲ့ စိတ်ဓါတ်လေးကို ကောက်တင်ရအောင်လား။

အချိန်ဇယားဆွဲပါ

အလုပ်တွေကို လက်နဲ့မပြတ်လုပ်နေရင် လူက စိတ်ဓါတ်ကျနိုင်ခြေ တော်တော်လေး နည်းသွားပါပြီနော်။ ဒါကြောင့် ကိုယ့်အတွက် အကောင်းဆုံးဖြစ်မယ့် အချိန်ဇယား တစ်ရပ်ကို ကိုယ်တိုင်ရေးဆွဲပါ။ အိပ်ချိန်နဲ့ စားချိန်ကိုလည်း သေချာလေးထည့်ဆွဲပါနော်။

ခရီးထွက်ပါ

ခရီးထွက်တာက စိတ်ဖိစီးမှုတွေကို အဝေးကိုလွှင့်ပစ်နိုင်မယ့် နည်းလမ်းကောင်း တစ်ရပ်ပါ။ ဒါကြောင့် ခရီးရှည်မဟုတ်ရင်တောင် တစ်ညအိပ်လောက်ဖြစ်ဖြစ် အလုပ်တွေ ကို မေ့ပြီး ပျော်ပျော်ရွှင်ရွှင် ခရီးထွက်လိုက်ပါ။

ရယ်စရာရုပ်ရှင်ကြည့်ပါ

ပိတ်ရက်မှာ သူငယ်ချင်းတွေနဲ့ဖြစ်ဖြစ် ချစ်သူနဲ့ဖြစ်ဖြစ် ရယ်စရာကောင်းတဲ့ ရုပ်ရှင်မျိုးကြည့်ပြီး စိတ်လက်ပေါ့ပါးစွာ ရယ်ချလိုက်ပါ။ ဒါကလည်း စိတ်လက်ပေါ့ပါး သွားစေပြီး စိတ်ခံစားမှု ကောင်းမွန်လာစေနိုင်ပါတယ်။

ကဲ စိတ်ဓါတ်ကျနေလား၊ ရာသီဥတုကြောင့်လား၊ အပေါ်မှာပြောခဲ့တဲ့ နည်းလမ်းလေး တွေကို အကောင်အထည်ဖော်လို့ စိတ်ဓါတ်လေးကို မြှင့်တင်လိုက်ရအောင်နော်။ စိတ်ဖိစီးမှု ကင်းပြီးပျော်ရွှင်စရာကောင်းတဲ့ နေ့ရက်တိုင်းကို ပိုင်ဆိုင်နိုင်ကြပါစေကြောင်း…

ရေးသားသူ Aye Thi Monဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
“ယခုဆောင်းပါးကို Myanmar Digital News ၏ မိတ်ဘက်ဖြစ်သည့် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် Hello ဆရာဝန် https://hellosayarwon.com မှ ကူးယူဖော်ပြခြင်းဖြစ်ပါသည်”