စိတ်ခံစားမှုနှင့် အဝတ်အစားအရောင်အတိုင်း ပြောင်းလဲကိုင်ဆောင်နိုင်သော အမျိုးသမီးစမတ်လက်ကိုင်အိတ်

နေပြည်တော် ၁၉ မေ

နည်းပညာများတိုးတက်ပြောင်းလဲမှုမြန်ဆန်လာခြင်းက လူသုံးကုန်ပစ္စည်းများအပေါ်တွင်သာမက ဖက်ရှင်ပစ္စည်းများအပေါ်တွင်ပါ သက်ရောက်မှုများရှိလာနေသည်။ လက်ကိုင်အိတ်၊ ဘေးလွယ်အိတ်အစရှိ သောအိတ်အမျိုးမျိုးကို မကြာခဏပြောင်းလဲကိုင်ဆောင်လေ့ရှိသော အမျိုးသမီးများအတွက် မိမိစိတ်ကြိုက်အရောင် ပြောင်းလဲအသုံးပြုနိုင်သော လက်ကိုင်အိတ်သုံးမျိုးကို VanDer Waals အမည်ရလက်ကိုင်အိတ်လုပ်ငန်းမှ ထုတ်လုပ်ပေးလိုက်ပြီဖြစ်ကြောင်းသိရသည်။

အဆိုပါလက်ကိုင်အိတ်ကို စိတ်ကြိုက်အရောင်ပြောင်းရန်အတွက် စမတ်ဖုန်းအက်ပလီကေးရှင်းတစ်ခုသာလိုအပ်ပြီး စမတ်ဖုန်းနှင့်အခြားပစ္စည်းများကိုလည်း အဆိုပါအိတ်မှ စွမ်းအင်ပြန်လည်သွင်းယူနိုင်ခြင်းမှာ ကောင်းမွန်သည့် အချက်တစ်ချက်ပင်ဖြစ်သည်။ စမတ်ဖုန်းနှင့်ချိတ်ဆက်ထားကာ အက်ပလီကေးရှင်း သို့ဝင်ရောက်ပြီး စိတ်ကြိုက်အရောင်များကို ပြောင်းလဲနိုင်ခြင်း၊ စမတ်ဖုန်းမှသီချင်းဖွင့်ကာ သီချင်းသံစဉ်ကိုလိုက်၍ ရောင်စုံပြောင်းလဲပေးနိုင်ခြင်း၊ ပတ်ဝန်းကျင်ရှိအရာများကို ဓာတ်ပုံရိုက်၍ထိုပုံထဲမှအရောင်အတိုင်း ပြောင်းလဲနိုင်ခြင်းစသည်များအပြင် ဖုန်းအဝင်နှင့် စာတိုသတိပေးချက်ပေးပို့မှုများကို အရောင်မှတ်သားထားကာ ပြောင်းလဲပေးနိုင် သောကြောင့် အလွယ်တကူသိရှိနိုင်ခြင်းများကို ပြုလုပ်ထားနိုင်သည်ဟု သိရသည်။

၎င်းစမတ်လက်ကိုင်အိတ်များကို အကောင်းစားသားရေနှင့် အပိုပစ္စည်းများအသုံးပြုကာ အမျိုးအစားသုံးမျိုး ထုတ်လုပ်ထားပြီး Caroline အမျိုးအစားလက်ကိုင်အိတ်အကြီးကို ဒေါ်လာ ၇၀ဝ ဝန်းကျင်၊ Elena အမျိုးအစား လက်ကိုင်အိတ်အလတ်ကို ဒေါ်လာ ၅၀ဝ ဝန်းကျင်နှင့် Flora အမျိုးအစား ဘေးလွယ်အိတ်အသေးကိုဒေါ်လာ ၃၀ဝ ဝန်းကျင်ခန့်ဖြင့် ဝယ်ယူရရှိနိုင်ပြီဖြစ်ကြောင်းသိရသည်။

ALEX