စိုက်ပျိုးရေးသိပ္ပံများအား စိုက်ပျိုးရေးကောလိပ်အဖြစ် အဆင့်မြှင့်တင်ဖွင့်လှစ်နိုင်ရန် ထည့်သွင်းဆောင်ရွက်ထားပြီးဖြစ် 

နေပြည်တော် ၂၃ သြဂုတ်

 

ဖွင့်လှစ်ပြီးသော စိုက်ပျိုးရေးသိပ္ပံများအား ဒေသန္တရဆိုင်ရာ စိုက်ပျိုးရေး ကောလိပ်များအဖြစ်သို့ အဆင့်မြှင့်တင်ခြင်းနှင့် လူသားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း အဆိုပြုလွှာကိုလည်း တင်ပြထားပြီး ဖြစ်သည့်အပြင် ရေးဆွဲထားပြီးဖြစ်သည့် မြန်မာ့စိုက်ပျိုးရေး ဖွံ့ဖြိုးတိုးတက်မှု မဟာဗျူဟာ (Agricultural Development Strategy – ADS) ၂၀၁၈-၂၀၁၉ ခုနှစ်မှ ၂၀၂၂ - ၂၀၂၃ ခုနှစ်တွင်လည်း စိုက်ပျိုးရေးသိပ္ပံများအား စိုက်ပျိုးရေးကောလိပ်အဖြစ် အဆင့်မြှင့်တင် ဖွင့်လှစ်နိုင်ရန် ထည့်သွင်းဆောင်ရွက်ထားပြီးဖြစ်ကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလှကျော်က ပြောသည်။

 

ဒုတိယအကြိမ် အမျိုးသားလွှတ်တော် နဝမ ပုံမှန်အစည်းအဝေး ၁၂ ရက်မြောက်နေ့ကို ယနေ့နံနက် ၁၀ နာရီတွင် ကျင်းပခဲ့ပြီး မွန်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၉)မှ ဒေါက်တာဇော်လင်းထွဋ်၏ “စိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရန် စိုက်ပျိုးရေး အတတ်ပညာရှင်များ ပိုမိုမွေးထုတ်ပေးနိုင်စေရန် စိုက်ပျိုးရေးသိပ္ပံ(သထုံ)ကို အောက်မြန်မာပြည်၏ စိုက်ပျိုးရေးကောလိပ် သို့မဟုတ် စိုက်ပျိုးရေး တက္ကသိုလ်အဖြစ် အဆင့်မြှင့်တင်ပေးရန် အစီအစဉ် ရှိ/မရှိ” မေးမြန်းမှုကို ဒုတိယဝန်ကြီးက ပြန်လည်ဖြေကြားခဲ့ခြင်း ဖြစ်သည်။

 

ဒုတိယဝန်ကြီး ဦးလှကျော်က “တစ်နိုင်ငံလုံး ဖွံ့ဖြိုးတိုးတက်ရန် TVET (Technical and Vocational Education and Training) နည်းပညာနှင့် သက်မွေးပညာ ပိုမိုလိုအပ်လာမှု ရှိသည့်အတွက် နည်းပညာနှင့် သက်မွေးပညာကဏ္ဍကို အရှိန မြှင့်တင် ဆောင်ရွက်သွားရမည် ဖြစ်ပါကြောင်း၊ တရုတ်-မြန်မာစီးပွားရေး စြင်္ကန်တစ်လျှောက် Agricultural Higher Education နှင့် TVET အစီအစဉ်များ ပူးပေါင်းဆောင်ရွက်ခြင်း၊ ဖွင့်လှစ်ပြီးသော စိုက်ပျိုးရေးသိပ္ပံများအား ဒေသန္တရဆိုင်ရာ စိုက်ပျိုးရေး ကောလိပ်များအဖြစ်သို့ အဆင့်မြှင့်တင်ခြင်းနှင့် လူသားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်း အဆိုပြုလွှာကိုလည်း တင်ပြထားပြီးဖြစ်သည့်အပြင် ရေးဆွဲထားပြီးဖြစ်သည့် မြန်မာ့စိုက်ပျိုးရေး ဖွံ့ဖြိုးတိုးတက်မှု မဟာဗျူဟာ (Agricultural Development Strategy – ADS) ၂၀၁၈-၂၀၁၉ ခုနှစ်မှ ၂၀၂၂ - ၂၀၂၃ ခုနှစ်တွင်လည်း စိုက်ပျိုးရေးသိပ္ပံများအား စိုက်ပျိုးရေးကောလိပ်အဖြစ် အဆင့်မြှင့်တင် ဖွင့်လှစ်နိုင်ရန် ထည့်သွင်းဆောင်ရွက်ထားပြီး ဖြစ်ကြောင်း။

 

အဆိုပါ ဖွံ့ဖြိုးရေးမဟာဗျူဟာနှင့်အညီ တင်ပြခွင့်ပြုချက် ရယူပြီးသည့်အခါတွင် အဆင့်မြှင့်တင်ရန် သင့်တော်သည့် စိုက်ပျိုးရေးသိပ္ပံများအား သတ်မှတ်ရွေးချယ်ပြီး စိုက်ပျိုးရေးကောလိပ်အဖြစ် အဆင့်မြှင့်တင်နိုင်ရေးအတွက် အဆင့်ဆင့် ဆက်လက်တင်ပြ ခွင့်ပြုချက်ရယူခြင်း၊ စိုက်ပျိုးရေး ကောလိပ်အတွက် လိုအပ်သည့် အခြေခံအဆောက်အဦ၊ သင်ကြားမှု အထောက်အကူပြု ပစ္စည်းများ ထပ်မံဖြည့်ဆည်းခြင်း၊ ဘတ်ဂျက်များ ဖြည့်ဆည်းခြင်းနှင့် ဝန်ထမ်းများ၊ ဆရာ/ဆရာမများ၏ အရည်အသွေး မြှင့်တင်ခြင်းလုပ်ငန်းများ ဆောင်ရွက်ပြီး စိုက်ပျိုးရေး ကောလိပ်များအဖြစ် အဆင့်မြှင့်တင်နိုင်ရေးတို့ကို စီမံအကောင်အထည်ဖော် ဆောင်ရွက်သွားရန် ဖြစ်သည့်အတွက် မေးခွန်းပါ ကိစ္စရပ်သည် အဆိုပါ အစီအမံ ဖြစ်မြောက်လာမှုနှင့်အတူ ပေါ်ထွက်လာမည့် အခြေအနေ ဖြစ်ပါကြောင်း” ပြန်လည်ဖြေကြားခဲ့သည်။

 

MDN