စမတ်တီဗွီနှင့်ချိတ်ဆက်အသုံးပြုနိုင်သည့် SOUNDBAR တစ်မျိုး GOOGLE နှင့် JBL တို့ပူးပေါင်းထုတ်လုပ်

၉ မေ

စပီကာတစ်ခုအနေဖြင့်သာမက စမတ်တီဗွီနှင့်ချိတ်ဆက်ကာ ရုပ်သံများ ကြည့်ရှုနိုင်သော Soundbar တစ်မျိုးကို Google နှင့်ပူးပေါင်းကာ JBL ဖန်တီးထုတ်လုပ်လိုက်ပြီဟု သိရသည်။JBL Link Bar ဟု အမည်ပေးထားသော ၄င်း Soundbar တွင်ထိန်းချုပ်စေခိုင်းနိုင်ရန် Google Assistant နည်းပညာထည့်သွင်းပေးထားကာ အသံဖြင့် ထိန်းချုပ်စေခိုင်းမှုများ ပြုလုပ်နိုင်ပြီး ရီမုတ်ခလုတ်ပါဝင်ခြင်းမရှိဟု သိရသည်။ ၄င်း၏လုပ်ဆောင်မှု အသေးစိတ် အချက်အလက်များကို တရားဝင်ထုတ်ပြန်ကြေညာခြင်းမျိုး မရှိသေးဘဲ ယခုနှစ် ဆောင်းရာသီတွင် စတင်ရောင်းချပေးသွားမည် ဖြစ်ကြောင်း Google မှ ပြောကြားခဲ့သည်ဟု သိရသည်။

အဆိုပါ Soundbar တွင် Android TV စနစ်ပါဝင်ပြီး စမတ်တီဗွီများနှင့်ချိတ်ဆက်ကာ သီချင်းဖွင့်နိုင်ခြင်း၊ ရုပ်သံများ ကြည့်ရှုနိုင်ခြင်းနှင့် အင်တာနက်ချိတ်ဆက် အသုံးပြုမှုစနစ်ပါဝင်သောကြောင့် သတင်းအချက်အလက်များ၊ မိုးလေဝသအခြေအနေများကိုပါ မေးမြန်းကြည့်ရှုနိုင်မည်ဟု ဆိုသည်။ စမတ်တီဗွီများအပြင်အခြားအိမ်သုံးစမတ် အီလက်ထရွန်နစ်ပစ္စည်းများနှင့်ပါ ချိတ်ဆက်အသုံးပြုနိုင်ကာ အသံထွက်အထူးကောင်းမွန်စေရန် ဖန်တီးပေးထားပြီး ရုပ်ရှင်ကြည့်ရှုခြင်းနှင့် သီချင်းနားထောင်ရန်အတွက် အသင့်တော်ဆုံး Soundbar တစ်မျိုးဖြစ်လာနိုင်ဖွယ်ရှိကြောင်း သိရသည်။

နည်းပညာများ တိုးတက်ပြောင်းလဲလာသည့်နောက်တွင် ၄င်းကဲ့သို့ စမတ်အိမ်သုံး အီလက်ထရွန်နစ်ပစ္စည်းများကို နာမည်ကျော် အီလက်ထရွန်နစ်လုပ်ငန်းများနှင့် မိုဘိုင်းဖုန်းကုမ္ပဏီများပူးပေါင်းကာ ထုတ်လုပ်ရောင်းချလာနေကြပြီး ယခုနှစ်အတွင်း စမတ်အိမ်သုံး အီလက်ထရွန်နစ်ပစ္စည်းအများအပြား အသစ်ထပ်မံထွက်ပေါ်လာနိုင်ကြောင်းလည်း သိရသည်။ 

ဇာဏီ