စင်ကာပူနိုင်ငံ၌ ကျင်းပပြုလုပ်ခဲ့သည့် အိမ်ထောင်ရှင်အလှမယ်ပြိုင်ပွဲတွင် အသက်(၅၄)နှစ်အရွယ် မြစ်ကြီးနားသူ ရရှိ

မြစ်ကြီးနား    ၂၆       အောက်တိုဘာ

 

စင်ကာပူနိုင်ငံ Hotel Jurong ၌ အောက်တိုဘာ (၁၈) ရက်မှ (၂၀) ရက်အထိ ကျင်းပပြုလုပ်ခဲ့သော Miss & Mrs.Inter Nations Global Empowered Women ပြိုင်ပွဲတွင် အသက် (၅၄) နှစ်အရွယ်ရှိ ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နေသူ ဒေါ်နီနီအောင်က မြန်မာနိုင်ငံကိုယ်စားပြု ပါဝင်ယှဉ်ပြိုင်ခဲ့ပြီး အဆိုပါ ပြိုင်ပွဲတွင် Mrs. South East Asia , MRS.INTER-NATIONS 2018-2019 သရဖူဆုကို ဆွတ်ခူးရရှိခဲ့သည်။

 

ဆုရရှိခဲ့သူ ဒေါ်နီနီအောင်က “ဒီပြိုင်ပွဲမှာ နိုင်ငံပေါင်း (၂၃) နိုင်ငံက လူဦးရေ (၃၄)ဦး ပါဝင် ယှဉ်ပြိုင်ခဲ့တာပါ။ မြန်မာနိုင်ငံ ကိုယ်စားပြုကတော့ ကျွန်မတစ်ယောက်ထဲပါ။ ကျွန်မကိုကျွန်မ ယုံကြည်မှုရှိရှိနဲ့ ယှဉ်ပြိုင်ခဲ့တဲ့အတွက် ဒီဆုကို ရရှိခဲ့ပါတယ်၊ ကျွန်မ အသက်အရွယ်နဲ့ သူများနိုင်ငံမှာ ဘာသာစကား အခက်အခဲတွေကို ကျော်လွှားပြီးတော့ ဒီလို သရဖူဆုကို ရရှိခဲ့သလို ကျွန်မလိုပဲ နောက်နောင် ယှဉ်ပြိုင်ကြမယ့်သူတွေလည်း ကျွန်မတို့ နိုင်ငံအတွက် ဂုဏ်ဆောင်နိုင်အောင်ကြိုးစားကြပါလို့” ပြောသည်။

 

သရဖူဆုဆွတ်ခူးရရှိသူ အိမ်ထောင်ရှင်အလှမယ် ဒေါ်နီနီအောင်သည် ပြည်တွင်းအိမ်ထောင်ရှင် အလှမယ်ပြိုင်ပွဲများတွင် သရဖူဆု (၆) ဆုရရှိထားပြီး နိုင်ငံတကာ ပြိုင်ပွဲအနေဖြင့် မြန်မာနိုင်ငံ ကိုယ်စားပြု ပထမဆုံးအကြိမ် ပြိုင်ပွဲဝင်ရောက်ခဲ့ကာ သရဖူဆုကို ဆွတ်ခူးနိုင်ခဲ့သဖြင့် စုစုပေါင်း (၇) ဆုရရှိ ထားသူဖြစ်သည်။  ၎င်းအနေဖြင့် လာမည့် ၂၀၁၉ ခုနှစ် (၃) လပိုင်းတွင် စင်ကာပူနိုင်ငံ၌ ထပ်မံကျင်းပမည့် အလှမယ်ပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ရန် ဖိတ်ကြားခံခဲ့ရကြောင်း သိရှိရသည်။

 

“ကျွန်မအသက် (၅၄)နှစ်ပါ။ ကျန်းမာအောင် အားကစားလိုက်စားပြီး အသက်အရွယ်ကြီးမြင့်သော်လည်း သူများနိုင်ငံမှာ အခက်အခဲတွေ ကျော်လွှားပြီး ယှဉ်ပြိုင်နိုင်ခဲ့သလို ကျွန်မရဲ့ အဓိကရည်ရွယ်ချက်ကတော့ အမျိုးသမီး တစ်ယောက်ဟာ ဘယ်အသက်အရွယ်ပဲဖြစ်ဖြစ် အားကစား လိုက်စားခြင်းဖြင့် ကျန်းမာရေးကောင်းမွန်ပြီး ယခုလို အောင်မြင်မှုတွေ ရရှိနိုင်ပါတယ်၊ နောက်ပြီး ကျန်တဲ့အမျိုးသမီးတွေလည်း အားကစားလိုက်စားပြီး ကျန်းမာရေးကောင်းမွန်အောင် ကြိုးစားနေထိုင်ကြပါလို့” ၎င်းက တိုက်တွန်းပြောကြားသည်။

 

၎င်း၏ခင်ပွန်းဖြစ်သူ ဦးစိန်မြင့်ဇော်သည်လည်း ကိုယ်ကာယကြံ့ခိုင်မှု နည်းပြတစ်ယောက်ဖြစ်ပြီး သားသမီး (၆) ယောက်ရှိကာ မြစ်ကြီးနားမြို့တွင် အားကစားလေ့ကျင့်ရေးခန်းမ ဖွင့်လှစ်ထားပြီး အလှမယ်များနှင့် ကာယဗလမောင်များကို မွေးထုတ် လေ့ကျင့်ပေးလျက်ရှိသည်။ 

 

ပြည်နယ်ပြန်/ဆက်