စွန့်ပစ်တစ်ခါသုံး ပါးစပ်နှင့်နှာခေါင်းစည်းများနှင့် ပတ်ဝန်းကျင်ကျန်းမာရေးဆိုင်ရာ သိမှတ်ဖွယ်ရာ

(ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ လုပ်ငန်းခွင်နှင့်ပတ်ဝန်းကျင်ကျန်းမာရေးဌာနခွဲ)

တစ်ခါသုံး ပါးစပ်နှင့်နှာခေါင်းစည်း (Single–use surgical face mask) များသည် လူသားတို့၏ ကျန်းမာရေးစောင့်ရှောက်မှု အခန်းကဏ္ဍတွင် ကျန်းမာရေးစောင့်ရှောက်မှုပေးသူနှင့် လူနာတို့အကြား (ဥပမာ-တီဘီရောဂါ သည်များအား ကျန်းမာရေးစောင့်ရှောက်မှုပေးသည့်အချိန်၊ ခွဲစိတ်ခန်းတွင် ကုသမှု ပေးသည့်အချိန်)တွင် အသက်ရှူလမ်းကြောင်းမှတစ်ဆင့် ရောဂါကူးစက် ခြင်းကိုကာကွယ်နိုင်ရန်အတွက် အသုံးပြုလာခဲ့သည့် အရေးပါသော တစ်ကိုယ် ရေကာကွယ်ရေးသုံး ပစ္စည်းတစ်ခုဖြစ်သည်။ ၂၀၁၉ ခုနှစ်မှစတင်၍ ကိုဗစ်-၁၉ ရောဂါသည် အသက်ရှူလမ်းကြောင်းမှတစ်ဆင့် ကူးစက်ပြန့်ပွားနိုင်သော ရောဂါဖြစ်သည့်အလျောက် တစ်ကမ္ဘာလုံး၌ ကပ်ရောဂါအသွင်ဖြင့် ကူးစက် ပျံ့နှံ့လာသည့်အချိန်တွင် တစ်ခါသုံးပါးစပ်နှင့် နှာခေါင်းစည်းများသည် ကျန်းမာရေးစောင့်ရှောက်မှုပေးသူများအတွက်သာမက ပြည်သူလူထုအတွက် မဖြစ်မနေ တပ်ဆင်အသုံးပြုရသော အကာအကွယ်ပစ္စည်းတစ်ခု ဖြစ်လာခဲ့ သည်။ ကမ္ဘာတစ်ဝန်းလုံးတွင် လူထူထပ်သောနေရာများသို့ သွားလာလှုပ်ရှားခြင်းအတွက် တစ်ခါသုံး ပါးစပ်နှင့်နှာခေါင်း စည်းတပ်ဆင်ပြီးမှ သွားလာရခြင်းသည် မဖြစ်မနေလိုက်နာရမည့် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး စည်းကမ်းသတ်မှတ် ချက်တစ်ခုဖြစ်လာခဲ့သည်။ တစ်ဆက် တည်းမှာပင် တစ်ခါသုံး ပါးစပ်နှင့်နှာခေါင်း စည်း သန်းပေါင်းများစွာအား နေ့စဉ်အသုံးပြုနေကြသည်နှင့်အမျှ ၎င်းတို့၏ နေ့စဉ်စွန့်ပစ်မှုအတွက် သဘာဝပတ်ဝန်းကျင်နှင့် ပြည်သူ့ကျန်းမာရေးကိုထိခိုက် စေသောအခြေအနေတစ်ရပ် ဖြစ်ပေါ်လာခဲ့သည်။

တစ်ခါသုံး ပါးစပ်နှင့်နှာခေါင်းစည်းများ၏ ပျက်စီးမှုဖြစ်စဉ်

ကိုဗစ် - ၁၉ ကာလအတွင်း (က) တစ်ခါသုံး ပါးစပ်နှင့်နှာခေါင်းစည်း (Single-use surgical face mask)၊ (ခ) ချည်ဖြင့် ပြုလုပ်ထားသော ပြန်လည် အသုံးပြုနိုင်သည့် ပါးစပ်နှင့် နှာခေါင်းစည်း (Reusable cotton face mask)နှင့် (ဂ) တစ်ခါသုံး N95 ပါးစပ်နှင့် နှာခေါင်းစည်း (Single-use N95 mask) များကို အများဆုံးအသုံးပြုကြကြောင်း ကုလသမဂ္ဂ ပတ်ဝန်းကျင်ဆိုင်ရာ အစီအစဉ် (United Nations Environment Programme - UNEP) က ၂၀၂၂ ခုနှစ်တွင် ထုတ်ပြန်ခဲ့သည်။ ၎င်းတို့အနက်မှ တစ်ခါသုံး ပါးစပ်နှင့်နှာခေါင်းစည်းများမှာ ဖန်လုံအိမ်ဓာတ်ငွေ့နှင့် ရာသီဥတု ပြောင်းလဲမှုကို ထောက်ပံ့ပေးသော လောင်စာများဖြစ်သည့် ကျောက်မီးသွေး၊ ရေနံတို့မှ ထုတ်လုပ်ထားသော ပလတ်စတစ် အခြေခံဓာတုပစ္စည်းများ (Polypropylene၊ Stabilizers၊ Plasti-cizers) မှ ထုတ်လုပ်ထားခြင်းဖြစ်သည်။ 

ယင်းပလတ်စတစ် အခြေခံထုတ်လုပ်ထားသော တစ်ခါသုံးပါးစပ် နှင့်နှာခေါင်းစည်းများအား စနစ်တကျ မစွန့်ပစ်ပါက စွန့်ပစ်ရာမြေထု၊ ရေထု ပတ်ဝန်းကျင်တွင် နေရောင်ခြည် (UV rays)၊ စိုထိုင်းဆ၊ အပူချိန်၊ ချဉ်ဖန် ဓာတ်အချိုး (pH) ပြောင်းလဲခြင်းနှင့် အလင်းရောင်တို့နှင့် ထိတွေ့ရာမှ အချိန် ကြာမြင့်လာသောအခါ ငါးမီလီမီတာ အောက်သေးငယ်သော မိုက်ခရိုပလတ် စတစ်များအဖြစ် ပြိုကွဲ၍ ပတ်ဝန်းကျင်ရှိ ရေထုနှင့်မြေထုတွင် ပျံ့နှံ့သွားသည်။ ယင်းသို့ ပြိုကွဲပျက်စီးရာတွင် မိုက်ခရို ပလတ်စတစ်များသာမက သတ္တုဓာတ် များ (Heavy metals) များ ဖြစ်သည့် ခဲ၊ ခရိုမီယမ်နှင့် ကက်ဒမီယမ်ဓာတ်များနှင့် အော်ဂဲနစ်ဒြပ်ပေါင်းများဖြစ်သည့် ဆိုးဆေးများ၊ အငွေ့ပျံနိုင်သော အော်ဂဲနစ်ဒြပ်ပေါင်းများ (Volatile Organic Compounds) ပါ ထွက်ပေါ် လာပြီး သဘာဝပတ်ဝန်းကျင်သို့ ပျံ့နှံ့ညစ်ညမ်းလာစေသည်။

စွန့်ပစ်လိုက်သော မိုက်ခရို ပလတ်စတစ်များသည် လေထုနှင့်မြေထုအတွင်းသို့ ရောက်ရှိသွားသည့်အခါ ရေသတ္တဝါများ၊ ကြက်၊ ငှက်စသော တိရစ္ဆာန်လေးများက ၎င်းတို့စားသုံးသည့် အစာနှင့်အတူ မိုက်ခရိုပလတ် စတစ်များအား စားသုံးမိသဖြင့် သတ္တဝါများ၏ ခန္ဓာကိုယ်အတွင်းသို့ ရောက်ရှိသွားသည်။ ကမ္ဘာမြေကြီး၏ အစာ ကွင်းဆက် (Food chain) ဖြစ်စဉ်အရ ယင်းရေနှင့်ကုန်းသတ္တဝါများကို လူသားတို့က ပြန်လည်စားသုံးရာတွင် မိုက်ခရို ပလတ်စတစ်များ လူသားတို့၏ခန္ဓာ ကိုယ်အတွင်းသို့ ရောက်ရှိလာသည်။ ၎င်းအပြင် မိုက်ခရိုပလတ်စတစ်များသည် လေထုအတွင်း ပျံ့နှံ့နေသောကြောင့် ရှူရှိုက်မိခြင်း၊ အရေပြားနှင့် ထိတွေ့မိခြင်းတို့မှ လူ၏ခန္ဓာကိုယ် အတွင်းသို့ ဝင်ရောက်သည်။ ထိုသို့ မိုက်ခရိုပလတ်စတစ်များ လူ့ခန္ဓာကိုယ် အတွင်းသို့ ဝင်ရောက်လာခြင်းကြောင့် လူ့ခန္ဓာကိုယ်တွင် ဓာတ်တိုးခြင်း (Oxidative stress)၊ ဆဲလ်များ ရောင်ယမ်းခြင်း (Inflammation)၊ ဆဲလ် များသေဆုံးခြင်း (Cell death)၊ အစာအိမ် နံရံအကာများ ထိခိုက်ခြင်း (Destruct intestinal barrier) တို့ဖြစ်ပွားလာ နိုင်သည်။ ထို့အတူ တစ်ခါသုံး ပါးစပ်နှင့် နှာခေါင်းစည်းများတွင် ဓာတုပစ္စည်း တစ်မျိုးဖြစ်သည့် Polypropylene ပါဝင်သည့်အတွက် စနစ်တကျ မီးရှို့ဖျက်ဆီး ခြင်းမပြုပါက အဆိပ်ဓာတ်ငွေ့များ ဖြစ်သည့် (Oxygenated hydrocarbons၊ Aromatic hydrocarbon၊ Aliphatic hydrocarbon၊ Carbon၊ Carbon dioxide) တို့ ထွက်လာပြီး အဆိုပါမိုက်ခရို ပလတ်စတစ်များနှင့် အဆိပ်ဓာတ်ငွေ့များကြောင့် လူသားတို့၏ ဦးနှောက်နှင့် အာရုံကြောဆိုင်ရာအဖွဲ့အစည်း၊ အသက်ရှူလမ်းကြောင်းဆိုင်ရာ အဖွဲ့အစည်း၊ နှလုံး၊ အသည်း၊ အစာအိမ်၊ မျိုးပွားအင်္ဂါဆိုင်ရာ အဖွဲ့အစည်းများအပေါ် ဆိုးကျိုး များဖြစ်ပေါ်လာနိုင်သည်။ (ဥပမာ-မှတ်ဉာဏ်လျော့နည်းလာခြင်း၊ မူးဝေခြင်း၊ ခေါင်းခဏခဏကိုက်ခြင်း၊ ပန်းနာရင်ကျပ်ဖြစ်ခြင်း၊ အဆုတ်စွမ်းရည် ကျဆင်းခြင်း၊ အဆုတ်ကင်ဆာ၊ သွေးပေါင်ချိန်တက်ခြင်း၊ နှလုံးခုန်မမှန်ခြင်း၊ နှလုံးရောဂါကြောင့် အချိန်မတိုင်မီ သေဆုံးခြင်း၊ အသည်းအဆီဖုံးခြင်း၊ အသည်းကြီးခြင်း၊ မျိုးပွားအင်္ဂါ လုပ်ငန်း တာဝန်များလျော့နည်းလာခြင်း)။

ကမ္ဘာမြေနှင့် တစ်ခါသုံး ပါးစပ်နှင့် နှာခေါင်းစည်းအမှိုက်များ 

ကုလသမဂ္ဂဖွံ့ဖြိုးမှုဆိုင်ရာ အစီအစဉ် (United Nations Development Programme-UNDP)၏ တင်ပြချက်အရ အာရှနိုင်ငံများရှိ မြို့ကြီးငါးမြို့တွင် ကိုဗစ်-၁၉ ကပ်ရောဂါကာလ၌ ကျန်းမာ ရေးစောင့်ရှောက်မှုမှ ထွက်ရှိသောအမှိုက် များ (တစ်ခါသုံး ပါးစပ်နှင့် နှာခေါင်းစည်း အမှိုက်များ အပါအဝင်) ၁၀ ဆမြင့်တက် လာသည်ဟုလည်းကောင်း ကမ္ဘာ့ ကျန်းမာရေးအဖွဲ့(WHO) ၏ အစီရင်ခံစာ အရ တစ်ခါသုံး ပါးစပ်နှင့် နှာခေါင်းစည်းလိုအပ်ချက်သည် တစ်ကမ္ဘာလုံး အတိုင်းအတာဖြင့် တစ်လလျှင် ၈၉သန်း ရှိမည်ဟု ၂၀၂၀ ပြည့်နှစ် မတ်လတွင် ခန့်မှန်းထားခဲ့သော်လည်း ခန့်မှန်းချက် ထက်ကျော်လွန်ကာ တစ်လလျှင် ၁၂၉ သန်း အသုံးပြုခဲ့သည်ဟုလည်းကောင်း သိရသည်။

တစ်ကမ္ဘာလုံးတွင် ကိုဗစ်-၁၉ ကပ်ရောဂါကာလအတွင်း အသုံးပြုခဲ့သော တစ်ခါသုံး ပါးစပ်နှင့်နှာ ခေါင်းစည်းအရေအတွက်အနက် ၁ ဒသမ ၅၆ ဘီလီယံ (ပလတ်စတစ်တန်ချိန်အားဖြင့် တန် ၆၂၄၀) မှာ ပင်လယ်အတွင်းသို့ စွန့်ပစ်ခဲ့သည်ဟု ကုလသမဂ္ဂပတ်ဝန်းကျင်ဆိုင်ရာအစီအစဉ် (UNEP) မှ ထုတ်ပြန်ထားသော အစီရင်ခံစာအရ သိရသည်။

ဆေးရုံ၊ ဆေးခန်းများမှထွက်ရှိသော စွန့်ပစ်ပစ္စည်းများမှာ ဘေးအန္တရာယ်ရှိသော စွန့်ပစ်ပစ္စည်းများဖြစ်သည့်အလျောက် နိုင်ငံတိုင်းတွင် ပြဋ္ဌာန်းထားသည့် ဘေးအန္တရာယ်ရှိသော စွန့်ပစ်ပစ္စည်းများ စီမံခန့်ခွဲမှုဥပဒေ၊ နည်းဥပဒေ များနှင့် စည်းကျပ်ထားသောကြောင့် စနစ်တကျစီမံခန့်ခွဲမှုများ ရှိနေသော်လည်း လူထုအတွင်းအသုံးပြုပြီးသော တစ်ခါသုံး ပါးစပ်နှင့်နှာခေါင်းစည်း စွန့်ပစ်အမှိုက်များ စီမံခန့်ခွဲမှုများအတွက် နိုင်ငံတိုင်းတွင် စနစ်တကျထုတ်ပြန်ထား သော လမ်းညွှန်ချက်များ မရှိသေးပါ။ အထူးသဖြင့် ဖွံ့ဖြိုးဆဲနိုင်ငံများတွင်  ယခင်ကတည်းက အမှိုက်များကို မြေမြှုပ်စွန့်ပစ်နေရသောကြောင့် ကိုဗစ်-၁၉ ကာလအတွင်း မြင့်တက်လာသော စွန့်ပစ်အမှိုက် ပမာဏများအတွက် အမှိုက်စွန့်ပစ်မှုကဏ္ဍမှာ စိန်ခေါ်မှု တစ်ရပ်ဖြစ်လာခဲ့သည်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO)အနေဖြင့်လည်း တစ်ခါသုံး ပါးစပ်နှင့် နှာခေါင်းစည်းအမှိုက်များ စီမံခန့်ခွဲမှု နှင့်ပတ်သက်၍ သဘာဝပတ်ဝန်းကျင်နှင့် လိုက်လျောညီထွေဖြစ်သော နည်းစဉ် ဖြစ်သည့် အကန့်နှစ်ခုပါဝင်သည့် မီးရှို့ စက် (Dual-Chamber Incineration) ဖြင့် သတ်မှတ်အပူချိန်များအတိုင်း မီးရှို့ သည့်စနစ်ကို ကျင့်သုံးသင့်ကြောင်းနှင့် သဘာဝပတ်ဝန်းကျင်နှင့် လိုက်လျော ညီထွေဖြစ်သည့်နည်းစဉ် မကျင့်သုံးနိုင်သည့် ကြားကာလအတွင်း ယင်းအမှိုက်များအား စနစ်တကျမြေမြှုပ်ခြင်း (သို့) စနစ်တကျမီးရှို့ခြင်းတို့ကို ဆောင်ရွက်သင့်ပါကြောင်း တိုက်တွန်းပြောဆိုထားသည်။

အနာဂတ်ကာလနှင့် တစ်ခါသုံးပါးစပ်နှင့် နှာခေါင်းစည်းများ

ကိုဗစ်-၁၉ ရောဂါ အပါအဝင် အသက်ရှူ လမ်းကြောင်းမှတစ်ဆင့် ကူးစက်ပျံ့နှံ့သော ပြည်သူ့ကျန်းမာရေး ပြဿနာများအတွက် တစ်ခါသုံး ပါးစပ် နှင့်နှာခေါင်းစည်းများအား မဖြစ်မနေ အသုံးပြုရန်လိုအပ်နေသကဲ့သို့ တစ်ဖက် တွင်လည်း ယင်းစွန့်ပစ်အမှိုက်များ ကြောင့် သဘာဝပတ်ဝန်းကျင်နှင့် ပြည်သူ့ကျန်းမာရေးအပေါ် ထိခိုက်စေနိုင်သည်။ ကျန်းမာရေးဝန်ကြီးဌာန ပြည်သူ့ကျန်းမာရေးဦးစီးဌာနအနေဖြင့်လည်း ယင်းတစ်ခါသုံး ပါးစပ်နှင့်နှာခေါင်းစည်း စွန့်ပစ်အမှိုက်များ၏ သဘာဝပတ်ဝန်းကျင်နှင့် ပြည်သူ့ကျန်းမာရေးအပေါ် သက်ရောက်မှုများနှင့်စပ်လျဉ်း၍ ၂၀၂၃ ခုနှစ် မတ်လတွင် ကျင်းပခဲ့သော မြန်မာနိုင်ငံ ကျန်းမာရေးပညာရပ်ဆိုင်ရာ နှီးနှောဖလှယ်ပွဲတွင် “ကိုဗစ်-၁၉ ကပ်ရောဂါ နောက်ဆက်တွဲ ပတ်ဝန်းကျင်ညစ်ညမ်းမှုပြဿနာ၊ တစ်ကိုယ်ရေ ကာကွယ်ရေးပစ္စည်းများ ထုတ်လုပ်မှုနှင့် ပတ်ဝန်းကျင်ညစ်ညမ်းမှုအခြေအနေ” (Pandemic Inherited Environmental Stressor: PPE Production and Pollution) ခေါင်းစဉ်ဖြင့် ဆွေးနွေးအဖြေရှာခဲ့ကြသည်။ 

ထို့အတူ ကိုဗစ်-၁၉ ကပ်ရောဂါကာလအတွင်း စွန့်ပစ်ပလတ်စတစ် အမှိုက်တန်ချိန် မြင့်မားလာမှုအပေါ် နိုင်ငံတကာက စိုးရိမ်လာပြီး စွန့်ပစ်ပစ္စည်း စနစ်တကျ စီမံခန့်ခွဲမှုအရ ယင်းတစ်ခါသုံး ပါးစပ်နှင့်နှာခေါင်းစည်းများတွင် ပါဝင်သော ပလတ်စတစ် များအား အစားထိုးအသုံးပြုနိုင်မည့် နည်းလမ်းများကို ရှာဖွေလာကြရာတွင် အပင်များ (လျှော်ပင်၊ ကြံပင်၊ ကော်ဖီပင် စသည်) မှ ထွက်ရှိသော အမျှင်များဖြင့် ပြုလုပ်ထားသည့် ပါးစပ်နှင့် နှာခေါင်းစည်းများကို အစားထိုးအသုံးပြုရန် နိုင်ငံတကာတွင် သုတေသနများ ပြုလုပ်ထားပြီးဖြစ်သည် ဟု သိရသည်။ 

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) အနေဖြင့်လည်း ၂၀၂၃ ခုနှစ် မေလ ၄ ရက်နေ့တွင် ကိုဗစ်-၁၉ ရောဂါအား Public Health Emergency of International Concern (PHEIC) အဖြစ်မှ ရုပ်သိမ်းကြောင်း ထုတ်ပြန် ကြေညာခဲ့ပြီး ဖြစ်ပါသောကြောင့် ပြည်သူလူထုအကြားတွင် တစ်ခါသုံး ပါးစပ်နှင့်နှာခေါင်းစည်းများ အသုံးပြုမှု လျော့နည်းသွားနိုင်သော်လည်း ထပ်မံ ဖြစ်ပွားလာနိုင်ခြေရှိသည့် အသက်ရှူ လမ်းကြောင်းနှင့် ပတ်သက်သည့် ကူးစက်ရောဂါများ ကာကွယ်ထိန်းချုပ် ရေးအတွက် တစ်ခါသုံး ပါးစပ်နှင့် နှာခေါင်းစည်းများကို ဆက်လက် အသုံးပြုနေရဦးမည်ဖြစ်သည်။ သို့ဖြစ်ပါ ၍ မြန်မာနိုင်ငံတွင် တစ်ခါသုံး ပါးစပ်နှင့် နှာခေါင်းစည်းများကြောင့် ပြည်သူ့ ကျန်းမာရေးနှင့်သဘာဝပတ်ဝန်းကျင် ထိခိုက်မှုကို တတ်နိုင်သလောက် ထိန်းသိမ်းလျှော့ချရမည်ဖြစ်ရာ သဘာဝပတ်ဝန်းကျင်နှင့် လိုက်လျောညီထွေ ဖြစ်သည့် တစ်ခါသုံး ပါးစပ်နှင့်နှာခေါင်း စည်းအမှိုက်များ စနစ်တကျစီမံခန့်ခွဲမှု စနစ်အတွက် ပူးပေါင်းအဖြေရှာကြရန် လိုအပ်ပါကြောင်း တင်ပြလိုက်ရပါ သည်။ ။ 

ကိုးကားချက်

1. United Nations Environment Programme: Single-use face masks and their alternatives: Recommendations from Life Cycle Assessments (2022)

2. World Health Organization: Global analysis of health care waste in the context of COVID-19; Status, impacts and recommen- dation
3. World Health Organization, 2021, Waste management of used personal Protective equipment during the COVID-19 pandemic in the Eastern Mediterranean Region

4. World Health Organization, 2020: Water, sanitation, hygiene and waste management for SARS CoV-2, the virus that causes COVID-19

5. World Health Organization, 2023: Statement on the fifteenth meeting of the IHR (2005) Emergency Committee on the COVID-19 pandemic