စံပယ်ဖြူလေးများ အချိန်မီ ပွင့်ဖို့ဆိုလျှင်ဖြင့်

မောင်နွေလွမ်း(ကချင်မြေ)

 

ကျွန်တော်တို့ခြံတွင်းရှိ စံပယ်ရုံမှ ငွေစံပယ်ဖူးလေးများမှာ မြစိမ်းရွက်တို့ကြားမှတိုးထွက်ကာ ပွင့်အာဖို့တာစူနေကြပြီ ဖြစ်သည်။

မကြာခင် ကျွန်တော်တို့ ခြံတွင်းတွင် စံပယ်ပန်းလေး များဖြင့် လှပဝေဆာနေပေဦးတော့မည်။

 

စံပယ်ပန်းလေးများမှာ သူ့ရာသီရောက်လျှင် ပုံမှန် အတိုင်းပွင့်လာကြမြဲ။

သင်းပျံ့သောရနံ့ကို ယူဆောင်လာကြမြဲ။ သူတို့ အဆင်း သူတို့ရနံ့တို့ဖြင့် ပတ်ဝန်းကျင်ကို အလှဆင်ကြ မြဲ။ ထိုအခါ စံပယ်ပန်းကလေးများကြောင့် ကျွန်တော်တို့ ပတ်ဝန်းကျင်သည်လည်း သာယာလှပစမြဲဖြစ်သည်။

 

စံပယ်ပန်းလေးများကဲ့သို့ နှစ်စဉ်ဇွန်လထဲသို့ ချဉ်းနင်း ဝင်ရောက်ပြီဆိုသည်နှင့် လောကကိုအလှဆင်ကြသူများလည်းရှိသေးသည်။ မြို့တိုင်း ရွာတိုင်းမှာ သူတို့ကိုမြင်တွေ့ရ သည်။ သူတို့၏အလှမှာ နံနက်ခင်းနေခြည်နုနုအောက်တွင် ကျက်သရေရှိလှပါပေသည်။ တင့်တယ်လှပါပေသည်။ ထိုမြင်ကွင်းမျိုးမှာ မည်သည့်အခါမျှ ရိုးနိုင်မည်မထင်ပါ။ ထိုသူတို့မှာ တခြားမဟုတ်ကြပါ။

 

ကျောင်းစိမ်းထဘီ၊ အင်္ကျီဖြူများနှင့် လန်းဆန်းတက် ကြွစွာလှုပ်ရှားနေကြသည့် ကျွန်တော်တို့ပတ်ဝန်းကျင်ကို အလှဆင်ကြမည့် ကျောင်းသား ကျောင်းသူလေးများပင် ဖြစ်ပါသည်။

 

ယခုအခါ ကမ္ဘာ့ကပ်ရောဂါ ကိုဗစ်-၁၉ ရောဂါကြောင့် ကျောင်းဖွင့်ရက်မှာ မသေမချာမရေရာသေးသော အခြေ အနေဖြစ်နေသည်။ ကိုရိုနာဗိုင်းရပ်စ်ပိုးတွေ့ရှိသည့်သူ အရေ အတွက် တစ်နေ့တခြား လျော့ပါးပျောက်ကွယ်သွားရန် ဆုတောင်းနေကြရသည်။ သို့သော် ဆုတောင်းနေရုံမျှဖြင့် ကိုရိုနာဗိုင်းရပ်စ်ပိုးမှာ ပျောက်ကွယ်မသွားနိုင်ပါ။ လူတစ်ဦး ချင်းမှသည် လူတိုင်းလူတိုင်း ကျန်းမာရေးဌာနက ထုတ်ပြန် ထားသော လက်ဆေးခြင်း၊ အပြင်ထွက်လျှင် မက်စ်တပ်ခြင်း၊ တစ်ဦးနှင့်တစ်ဦး ခပ်ခွာခွာနေထိုင်ခြင်း၊ စတေးဟုမ်းနေထိုင် ခြင်း စသည့်အခြေခံအချက်များကို လိုက်နာဆောင်ရွက် သင့်ကြပေသည်။ သို့မှသာ ကျွန်တော်တို့နိုင်ငံမှ ကိုရိုနာ ဗိုင်းရပ်စ်ပိုးမှာ လျင်မြန်စွာ ပျောက်ကွယ်သွားနိုင်ပေ

မည်။

 

ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးအတွက် မဖြစ်မနေလုပ်ဆောင်ရမည့်အချက်များအား အားကစားနှင့် ကျန်းမာ ရေး ဝန်ကြီးဌာနက ထုတ်ပြန်ထားပြီးဖြစ်ပါသည်။ အတတ် နိုင်ဆုံး မိမိအိမ်ထဲမှာ နေကြရန်၊ မဖြစ်မနေအပြင်ထွက်မည် ဆိုလျှင် မက်စ်တပ်ကြရန်၊ တစ်ဦးနှင့်တစ်ဦး ခြောက်ပေခွာ နေကြရန် စနစ်တကျလက်ဆေးကြရန် စသည်ဖြင့် တစ်ဦး တစ်ယောက်ချင်းစီမဖြစ်မနေ လိုက်နာဆောင်ရွက်ကြရန် နှိုးဆော်ထားပါသည်။ အမှန်တကယ်လည်း ကိုယ့်အသိစိတ် နဲ့ကိုယ် လေးလေးစားစားနှင့် ဂရုတစိုက်လုပ်ဆောင်သင့် ကြပါသည်။ မက်စ်တပ်ခြင်းအားဖြင့် မိမိကိုယ်ကိုကာကွယ် ရာရောက်သကဲ့သို့ ကိုယ့်ဆီမှာရောဂါပိုးရှိခဲ့လျှင်လည်း တခြားသူများထံ မကူးစက်နိုင်ပေ။ ထို့ကြောင့် တခြား တစ်ယောက်အတွက် စောင့်ရှောက်ထားပြီးသားလည်း ဖြစ်ပါသည်။

 

ဆိုခဲ့သည့်အချက်များအား လေးလေးစားစား လိုက်နာဆောင်ရွက်ကြမည်ဆိုလျှင် ကိုဗစ်-၁၉ ရန်ကို ကျွန်တော်တို့ အမြန်ဆုံး တွန်းလှန်နိုင်မည်ဖြစ်ပါသည်။ ထိုအချက်များအား တစ်ဦးတစ်ယောက်တည်း လုပ်နေလို့ မရပါ။ နိုင်ငံသားအားလုံးက လေးလေးစားစားနှင့် ဂရု တစိုက်လုပ်ဆောင်ကြမှသာလျှင် အောင်မြင်နိုင်ပေမည်။ ထိုသို့မဟုတ်ဘဲ လျော့တိလျော့ရဲလုပ်နေကြမည်ဆိုလျှင် ကျွန်တော်တို့၏ လူမှုဘဝများလည်း ကျဉ်းကျပ်နေရဦးမည် ဖြစ်ပါသည်။ စိုးရိမ်သောက ပွားနေရဦးမည်ဖြစ်ပါသည်။ အသွားအလာကန့်သတ်ရက်များ ရှည်ကြာလာသည်နှင့်အမျှ စက်ရုံ၊ အလုပ်ရုံများပြန်ဖွင့်ရန်၊ ဈေးများပြန်ဖွင့်ရန် ဝေးနေဦးမည် ဖြစ်ပါသည်။ ပုံမှန်အတိုင်း ကျောင်းပြန်ဖွင့်ရ မည့်ရက်များ ဝေးနေဦးမည်ဖြစ်ပါသည်။

 

ယခုအခါ ရက်ကြာလာသည်နှင့်အမျှ မက်စ်တပ်ကြ သူများ လျော့ရဲလာနေသည်ကို တွေ့နေရပါသည်။ "ပူကပူ အိုက်ကအိုက်နဲ့ မတပ်ချင်ပါဘူး" ဆိုသူက ဆိုကြသည်။ အသက်ရှူမဝလို့ဆိုပြီး မေးသိုင်းထားသူများလည်း တွေ့မြင် နေရပါသည်။ လူတိုင်းလိုလို လွတ်လွတ်လပ်လပ်နေချင်ကြ သည်မှာ ပြောစရာမလိုပေ။ သို့သော်လည်း အသက်ဉာဏ် စောင့်ဟု ဆိုသည်မဟုတ်ပါလား။ အသိတရားနှင့် သတိ ထား ဆင်ခြင်သင့်လှပေသည်။ အကြံတစ်ခုပေးလိုသည်မှာ ကိုယ်မတ်စ်တပ်ရမှာပျင်းတိုင်း ကျန်းမာရေးဝန်ထမ်း ဆရာ ဆရာမများအား သတိရလိုက်ပါ။ သူတို့မှာ မက်စ်တပ်ထား တာသည်နှင့်ပင် မလုံလောက်ပါဘူး။ ပူအိုက်ပေမယ့် ရောဂါ ကာကွယ်ရေးဝတ်စုံကြီးများပါ ဝတ်ထားကြရပါသည်။ ရောဂါပိုးတွေ့ရှိထားသူများနှင့် ကိုယ်ထိလက်ရောက် ကိုင်တွယ် ပြုစုနေကြရပါသည်။ ထိုသူများအား ကျွန်တော် တို့ အားနာသင့်ကြပါသည်။ ထို့ကြောင့် ကိုယ့်မှာ သည်မက်စ် တပ်တာလေးလောက်ကို ငြင်းဆန်နေရန်မသင့်ပါ။ သို့အတွက်ကြောင့်လည်း ကိုယ့်ကိုယ်ကိုယ်ချစ်သည်ဆိုလျှင် ကိုယ့်မိသားစုကိုချစ်သည်ဆိုလျှင် မက်စ်ကိုမဖြစ်မနေ တပ်သင့်ကြပါသည်။

 

ယနေ့ကမ္ဘာမှာ ကိုဗစ် -၁၉ ရောဂါပိုး စတင်ဖြစ်ပွားခဲ့ ရာ တရုတ်နိုင်ငံ ဝူဟန်မြို့မှ မြို့သူ မြို့သားများ အလုပ်ပြန်ဝင် နေကြပါပြီ။ ကျောင်းသား ကျောင်းသူများလည်း စည်းကမ်း တကျ ကျောင်းပြန်တက်နေကြပါပြီ။ တောင်ကိုရီးယား နိုင်ငံမှာလည်း လုပ်ငန်းများ ပြန်လည်စတင်နေကြပြီ ဖြစ်သည်။ ထိုကဲ့သို့ ကိုဗစ်-၁၉ ရောဂါဆိုးမှ မြန်မြန်ဆန်ဆန် ရုန်းထွက်လာနိုင်ကြသည်မှာ လူတစ်ဦးချင်းစီ အသိရှိရှိနှင့် စည်းကမ်းလိုက်နာကြသောကြောင့် ဖြစ်ပါသည်။ အာရှတွင် တရုတ်နိုင်ငံပြီးလျှင် တောင်ကိုရီးယားနိုင်ငံမှာ ကိုရိုနာ ဗိုင်းရပ်စ်ကူးစက်ခံရမှု အများဆုံးနိုင်ငံဖြစ်သည်။ ဖေဖော်ဝါရီ လကုန်ပိုင်း၌ တစ်ရက်လျှင် လူပေါင်း ၉၀၀ ကျော် ကူးစက် ခံခဲ့ရသည်။ သို့သော်လည်း ရက်အနည်းငယ်အတွင်း တစ်ရက်လျှင် လူပေါင်း ၁၀၀ အောက်ရောက်အောင် ပြုလုပ် နိုင်ခဲ့ပါသည်။ "ဘယ်လိုနည်းစနစ်တွေကြောင့် ဒီလောက် မြန်မြန်ဆန်ဆန် ထိန်းချုပ်နိုင်ခဲ့တာလဲ"ဟု ဘီဘီစီအကြီး တန်းသတင်းထောက် စောရန်နိုင်မေးမြန်းရာမှာ မြန်မာနိုင်ငံ ဆိုင်ရာ ကိုရီးယားသံအမတ်ကြီး မစ္စတာလီဆန်းဟွာက “Social Distancing နဲ့ နိုင်ငံသားများရဲ့ ဆန္ဒအလျောက် ပါဝင်မှုမြင့်မားလို့”ဟု ဖြေကြားခဲ့ပါသည်။ တကယ့်ကို လေးစားအတုယူစရာ ကောင်းလှပါသည်။

 

ပြန်ချုပ်၍ပြောရပါလျှင် "မက်စ်တပ်ရမှာ ပျင်းလေလေ ရောဂါပျံ့ပွားနိုင်လေလေ၊ မလိုအပ်ဘဲ အပြင်ခဏခဏထွက် လေလေ စတေးဟုမ်းနေရမယ့်ရက် ကြာကြာနေရလေ၊ လက်ဆေးရမှာပျင်းလေလေ ကိုယ့်မိသားစု ကိုဗစ်-၁၉ ရန်နဲ့ နီးကပ်လေလေ" ဖြစ်နေမှာပါပဲ။ ထို့ကြောင့် ဇွန်လ ဆန်းသည်နှင့် ခေါင်းလောင်းသံများ ကြားရစေရန်၊ စံပယ် ပွင့်လေးများ အချိန်မီ ပွင့်လန်းခွင့်ရကြစေရန် ကျွန်တော်တို့ အားလုံး မတ်စ်တပ်ကြရမည်။ ခပ်ခွာခွာနေကြရမည်။ စတေးဟုမ်းနေကြရမည်။ တစ်ခုခုကိုင်တွယ်ပြီးတိုင်း လက်ကိုစနစ်တကျဆေးကြရမည်။ ထိုသို့ စည်းကမ်းတကျ ပြုမူနေထိုင်ကြမည်ဆိုပါလျှင် ကျွန်တော်တို့ပတ်ဝန်းကျင် တွင် စံပယ်ပွင့်လေးများ ရာသီကိုက်ဖူးပွင့်ခွင့် ရနိုင်ပေ လိမ့်မည်။

ကြေးမုံ (မျိုးဆက်သစ်ရင်ပြင်)