ဒေါက်တာအေးမောင်အား ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ်မှ ပယ်ဖျက်ကြောင်း ကြေညာ

ဒေါက်တာအေးမောင်အား ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ်မှ ပယ်ဖျက်ကြောင်း ကြေညာ

 

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် 

 

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် 

 

ကြေညာချက်အမှတ် ( ၉၆ / ၂ဝ၂ဝ)

 

၁၃၈၂ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၁၂ ရက်

 

(၂၀၂၀ ပြည့်နှစ်၊ မေလ ၁၈ ရက်)

 

ဒေါက်တာအေးမောင်သည် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် ဆက်လက် ရပ်တည်ပိုင်ခွင့် မရှိတော့ကြောင်းနှင့် ယင်းအား ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးကောက်တင်မြှောက်ခံထားရသူအဖြစ်မှ ပယ်ဖျက်လိုက်ကြောင်း ကြေညာခြင်း


၁။ ၂၀၁၇ ခုနှစ်၊ ဧပြီလ၁ရက်နေ့တွင် ကျင်းပခဲ့သော ကြားဖြတ်ရွေးကောက်ပွဲ၌ ရခိုင်ပြည်နယ်၊ အမ်းမြို့နယ် ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးကောက်တင်မြှောက်ခံခဲ့ရသော ဒေါက်တာအေးမောင်သည် ရာဇသတ်ကြီးပုဒ်မ ၁၂၂(၁) နှင့် ရာဇသတ်ကြီးပုဒ်မ ၅၀၅(ခ) တို့အရ ၂၀၁၉ ခုနှစ်၊ မတ်လ ၁၉ရက်နေ့တွင် စစ်တွေခရိုင်တရားရုံး၏ ပြစ်မှုထင်ရှားစီရင်ခြင်းခံရပြီး တရားရုံးအဆင့်ဆင့်သို့ အယူခံဝင်ရောက်ခဲ့သော်လည်း စစ်တွေခရိုင်တရားရုံး၏အမိန့်ကို အတည်ပြုခဲ့သဖြင့် တည်ဆဲဥပဒေအရ ထောင်ဒဏ်ကျခံရသူဖြစ်ကြောင်း စိစစ်တွေ့ရှိရပါသည်။ 

 

၂။ သို့ဖြစ်ပါ၍ ဒေါက်တာအေးမောင်သည် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးကောက်တင်မြှောက်ခံရပြီးနောက် ပြည်သူ့လွှတ်တော်ရွေးကောက်ပွဲ ဥပဒေ ပုဒ်မ ၁၁၊ ပုဒ်မခွဲ (ဃ) ပါ ပြဋ္ဌာန်းချက်နှင့် ငြိစွန်းသဖြင့် စစ်တွေခရိုင် တရားရုံးမှ စီရင်ချက်ချမှတ်သည့် ၂၀၁၉ ခုနှစ်၊ မတ်လ ၁၉ ရက်နေ့မှစ၍ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် ဆက်လက်ရပ်တည်ပိုင်ခွင့် မရှိတော့ကြောင်းနှင့် ယင်းအား ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးကောက်တင်မြှောက်ခံထားရသူအဖြစ်မှ ပယ်ဖျက်လိုက်ကြောင်း ကြေညာအပ်ပါသည်။

 

၃။ ယင်းသို့ ရွေးကောက်တင်မြှောက်ခံထားရသူ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အဖြစ်မှ ပယ်ဖျက်ခြင်းခံရသော ဒေါက်တာအေးမောင် (နိုင်ငံသားစိစစ်ရေးကတ်ပြားအမှတ်၊ ၁၃)နခန (နိုင်) ၀၀၉၉၉၉ သည် ပြည်သူ့လွှတ်တော်ရွေးကောက်ပွဲဥပဒေပုဒ်မ ၈၈၊ ပုဒ်မခွဲ(က)အရ ယနေ့မှစ၍ နောင်တွင်ပြုလုပ်သည့် ရွေးကောက်ပွဲများတွင် ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် လောင်းအဖြစ် ပါဝင်ယှဉ်ပြိုင်ခွင့်မရှိကြောင်း ကြေညာအပ်ပါသည်။

 

(လှသိန်း)

ဥက္ကဋ္ဌ 

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်