ဓမ္မဓိဋ္ဌာန်ကျကျ ရှုမြင်သုံးသပ်

၅ ဇွန်

 

ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး အမျိုးသား လုံခြုံရေးဆိုင်ရာအကြံပေးပုဂ္ဂိုလ် ဦးသောင်းထွန်း သည် စင်ကာပူနိုင်ငံတွင် ဇွန် ၁ ရက်မှ ၃ ရက်အထိ ကျင်းပခဲ့သည့် (၁၇)ကြိမ်မြောက် အာရှလုံခြုံရေးဆိုင်ရာ ထိပ်သီးအစည်းအဝေးသို့ တက်ရောက်ခဲ့ပြီး အစည်းအဝေးကာလအတွင်း နိုင်ငံတကာ အသိုင်းအဝိုင်းအနေဖြင့် ရခိုင် ပြည်နယ်အရေးကိစ္စကို ဓမ္မဓိဋ္ဌာန်ကျကျ ရှုမြင်သုံးသပ်ရန် အလွန်အရေးကြီးကြောင်း ပြောကြားခဲ့သည်။ 

 

 

ရခိုင်ပြည်နယ်အရေးကိစ္စနှင့် ပတ်သက်၍ မြန်မာနိုင်ငံအစိုးရအနေ ဖြင့် ဥပဒေနှင့်အညီ ကိုင်တွယ်ဆောင်ရွက်ခဲ့ပြီး လူသားချင်းစာနာ ထောက်ထားမှု အကူအညီများအား အလေးထားဆောင်ရွက်ပေးနေသည်ကို တွေ့ရမည်ဖြစ်သည်။ သို့ရာတွင် အချို့သော နိုင်ငံတကာအသိုင်းအဝိုင်း အနေဖြင့် မြန်မာနိုင်ငံအပေါ် ဓမ္မဓိဋ္ဌာန်ကျကျ ရှုမြင်သုံးသပ်ခြင်းမရှိဘဲ တစ်ဖက်သတ်ဆောင်ရွက်နေမှုများ ရှိနေဆဲဖြစ်သည်။ ရခိုင်ပြည်နယ်တွင် လတ်တလောဖြစ်ပေါ်နေသည့် ပဋိပက္ခ၏ အဓိကအကြောင်းအရင်းမှာ အကြမ်းဖက်ဝါဒကြောင့် ဖြစ်ပွားရခြင်းဖြစ်သည်။ 

 

 

အကြမ်းဖက်ဝါဒမှာ မြန်မာနိုင်ငံတွင်သာမက နိုင်ငံတကာအသိုင်းအဝိုင်းတွင်ပါ စိုးရိမ်ပူပန်နေရသော ပြဿနာဖြစ်သည်။ အနောက်နိုင်ငံ များတွင်သာမက အရှေ့တောင်အာရှ နိုင်ငံအချို့တွင်ပင် အကြမ်းဖက်မှု၏ ခြိမ်းခြောက်ခြင်းကို ခံလာရသည့် အနေအထားရှိလာသည်။ အကြမ်းဖက်မှုသည် အလွန်ကြီးမားသော ခြိမ်းခြောက်မှု ဖြစ်သည်ကို နိုင်ငံ့ခေါင်းဆောင်များက ပြောကြားလာကြပြီး အကြမ်းဖက်မှုဆန့်ကျင်ရေး ဥပဒေ၊ အကြမ်းဖက်မှု တိုက်ဖျက်ရေးအစီအမံများကို ရေးဆွဲပြင်ဆင်နေကြသည်ကို ကြားသိနေရသည်။ 

 

 

စင်ကာပူနိုင်ငံတွင်ကျင်းပသည့် အာရှလုံခြုံရေးဆိုင်ရာ ထိပ်သီး အစည်းအဝေးတွင် “မြန်မာနိုင်ငံ ရခိုင်ပြည်နယ် လုံခြုံရေးနှင့် လူသားချင်း စာနာထောက်ထားမှုဆိုင်ရာပြဿနာ” ခေါင်းစဉ်ဖြင့် အထူးကဏ္ဍဆွေးနွေးပွဲကို ပြုလုပ်ခဲ့သည်။ ဆွေးနွေးပွဲတွင် ပြည်ထောင်စုဝန်ကြီးက ပွင့်ပွင့် လင်းလင်း ရှင်းလင်းပြောကြားခဲ့သည်။ ရခိုင်ပြည်နယ်ပြဿနာမှာ ဗျွှဗ ခေါ်သော အကြမ်းဖက်အဖွဲ့က ကျေးရွာများရှိ အုပ်ချုပ်ရေးမှူးများ၊ အပြစ်မဲ့ပြည်သူများအား စနစ်တကျစီမံ၍ ရက်စက်စွာသတ်ဖြတ်ခဲ့သည့် လုပ်ရပ်များကြောင့် အစ္စလာမ်ဘာသာဝင်များနှင့် တိုင်းရင်းသားလူနည်းစုများ နေရပ်စွန့်ခွာသွားခဲ့ရခြင်း ဖြစ်သည်။ ထို့အပြင် အကြမ်းဖက်အဖွဲ့က မမှန်မကန် ဝါဒဖြန့်မှုများကြောင့် အခြေအနေမှာ အလွန်ဆိုးရွားသွားခဲ့ ရခြင်းဖြစ်သည်။ ရခိုင်ပြည်နယ်ရှိ မတူညီသော လူ့အသိုက်အဝန်းများ ထိခိုက်ခံစားခဲ့ကြရသည်။ 

 

 

ယင်းအခြေအနေကြောင့် နိုင်ငံတကာအသိုင်းအဝိုင်းအနေဖြင့် ရခိုင်ပြည်နယ်အရေးကိစ္စကို ဓမ္မဓိဋ္ဌာန်ကျကျ ရှုမြင်သုံးသပ်ရန် အလွန်အရေးကြီးကြောင်း၊ အမည်ဖျက်ခြင်း၊ အရှက်ရစေရန် ရည်ညွှန်းပြောဆိုခြင်းများသည် လက်ရှိတင်းမာမှုကို ပိုမိုဆိုးရွားစေသည့်အပြင် ရခိုင်ပြည်နယ်အရေးကိစ္စနှင့်ပတ်သက်၍ ငြိမ်းချမ်းစွာနှင့် ရေရှည် တည်တံ့နိုင်မည့် အဖြေရှာနေမှုများအပေါ် ဆိုးကျိုးသက်ရောက်စေမည်ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီးက ရှင်းလင်းစွာပြောကြားခဲ့သည်။

 

 

လက်ရှိတွင် အကြမ်းဖက်သမားများက ၎င်းတို့၏ ရည်ရွယ်ချက်အောင်မြင်စေရေးအတွက် မဟုတ်မမှန် ဝါဒဖြန့်မှုများ၊ ဒုက္ခသည်များအား ခုတုံးလုပ် အသုံးချနေမှုများ၊ အကြမ်းဖက်အဖျက်လုပ်ရပ်များ လုပ်ဆောင်ရန် ကြံစည်အားထုတ်နေမှုများကို မြင်တွေ့နေရပြီး မြန်မာနိုင်ငံအနေဖြင့်လူသားချင်းစာနာထောက်ထားမှုများကို တစ်ဖက်ကလုပ်ဆောင်ရင်း အကြမ်းဖက်သမားများ၏ အန္တရာယ်များအား မျက်ခြည်မပြတ်စောင့်ကြည့် ကာကွယ်ပေး လျက်ရှိသည်။

 

 

သို့ဖြစ်ရာ မြန်မာနိုင်ငံသာမက နိုင်ငံတကာအသိုက်အဝန်းတွင် ရင်ဆိုင်ကြုံတွေ့နေရသည့် အကြမ်းဖက်မှု အန္တရာယ်များအား ဓမ္မဓိဋ္ဌာန်ကျကျ ရှုမြင်သုံးသပ်ပြီး ဝိုင်းဝန်းလက်တွဲ ပူးပေါင်းဆောင်ရွက်ကြရန်လိုအပ်ပါကြောင်း။ ။