Diabetes Mellitus Type 2 (ဆီးချိုသွေးချို အမျိုးအစား -၂)

၂ ဇန်နဝါရီ

Diabetes Mellitus Type 2 (ဆီးချိုသွေးချို အမျိုးအစား (၂)) ကဘာလဲ။

ဆီးချို အမျိုးအစား၂ ဆိုသည်မှာ ခန္ဓာကိုယ်က သကြား(ဂလူးကို့စ်)

ဓာတ်ကိုချေဖျက်သောလုပ်ငန်းစဉ်ကို ထိခိုက်စေသော နာတာရှည် အခြေအနေတစ်ခု ဖြစ်ပါသည်။ ဆီးချို အမျိုးအစား ၂ ရှိပါက သင်၏ ခန္ဓာကိုယ်သည် ကိုယ်တွင်းသကြား ပမာဏကို ထိန်းညှိပေးသော ဟော်မုန်းတစ်မျိုးဖြစ်သည့် အင်ဆူလင်ကို ခုခံတွန်းလှန်ခြင်း (သို့) ပုံမှန်သကြားပမာဏကို ထိန်းပေးဖို့ လုံလောက်တဲ့ အင်ဆူလင်ပမာဏကို မထုတ်လုပ်နိုင်ခြင်း ဖြစ်နေပါသည်။

 

ဆီးချိုအမျိုးအစား ၂ ကို ပျောက်ကင်းအောင် ကုသနိုင်ခြင်းမရှိသေးသော်လည်း အစာကောင်းစွာစားခြင်း၊ လေ့ကျင့်ခန်း လုပ်ခြင်းနှင့် ကိုယ်အလေးချိန်ထိန်းခြင်းဖြင့် ရောဂါအခြေအနေကို ထိန်းချုပ်နိုင်ပါသည်။ လေ့ကျင့်ခန်းနှင့် အစားအသောက်က သွေးတွင်းသကြားကို မထိန်းသိမ်းနိုင်ပါက ဆီးချိုဆေးသောက်ခြင်း (သို့) အင်ဆူလင်ဆေးထိုးဖို့ လိုအပ်ပါမည်။

 

Diabetes Mellitus Type 2 (ဆီးချိုသွေးချို အမျိုးအစား (၂)) က ဘယ်လောက်အဖြစ်များသလဲ

ဆီးချိုအမျိုးအစား ၂ သည် အရွယ်ရောက်ပြီးသူများတွင် အဖြစ်များပါသည်။ သို့သော် ကလေးများတွင်လည်း အဝလွန်ခြင်းကြောင့် ရောဂါဖြစ်ပွားမှု တိုးမြင့်လာပြီဖြစ်သည်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်းမှ အောက်ပါအချက်များကို ထုတ်ပြန်ထားပါသည်။

 

• ၂၀၁၄ ခုနစ် ကမ္ဘာလုံးဆိုင်ရာဆီးချိုဖြစ်ပွားမှုသည် အရွယ်ရောက်ပြီးသူများ၏ ၉ ရာခိုင်နှုန်း ဖြစ်ပါသည်။

 

• ဆီးချိုရှိသူများ၏ ၉၀ ရာခိုင်နှုန်းလောက်သည် ဆီးချို အမျိုးအစား ၂ ဖြစ်သည်။

 

• ၂၀၁၂ တွင် ဆီးချိုကြောင့် ကမ္ဘာတစ်ဝန်းသေဆုံးသူ ၁.၅ သန်းရှိပါသည်။

 

• ဆီးချိုရှိသူများ၏ ထက်ဝက်သည် နှလုံးရောဂါ၊ လေဖြတ်ရောဂါစသော နှလုံးနှင့် သွေးကြောရောဂါများကြောင့် သေဆုံးကြပါသည်။

 

• ဆီးချိုသည် ကျောက်ကပ်ပျက်စီးခြင်းကိုလည်း ဦးတည်ဖြစ်ပွားစေပါသည်။

 

အန္တရာယ် ရှိသောအချက်များကိုလျော့ချခြင်းအားဖြင့် ရောဂါကိုထိန်းချုပ် နိုင်ပါသည်။ ပိုမိုသောအချက်အလက်များ အတွက် ဆရာဝန်နှင့် တိုင်ပင်ပါ။

 

လက္ခဏာများ

Diabetes Mellitus Type 2 (ဆီးချိုသွေးချို အမျိုးအစား (၂)) ရဲ့လက္ခဏာတွေကဘာတွေလဲ

ဆီးချိုအမျိုးအစား ၂ ၏ ရောဂါလက္ခဏာများသည် တဖြည်းဖြည်းချင်း ဖြစ်ပွားပါသည်။ ဆီးချိုအမျိုးအစား ၂ ကိုနှစ်အတန်ကြာ ဖြစ်နေသော်လည်းမသိဘဲ ဖြစ်နေနိုင်ပါသည်။ အချို့အဖြစ်များသော ရောဂါလက္ခဏာများမှာ

 

• ရေငတ်လွယ်ခြင်းနှင့် မကြာခဏဆီးသွားခြင်း။ သွေးစီးကြောင်းထဲတွင် သကြားများပိုလျှံလာခြင်းသည် တစ်ရှူးများထဲမှ အရည်များကို ဆွဲယူပါသည်။ ထို့ကြောင့် ရေငတ်စေပါသည်။ ထို့ကြောင့် ရေသောက်ရခြင်းကြောင့် သာမန်ထက်ပို၍ ဆီးသွားရပါသည်။

 

• ဆာလောင်လွယ်ခြင်း။ ဆဲလ်များထဲသို့ သကြားများသွင်းရန် လုံလောက်သောအင်ဆူလင် မရှိသောကြောင့် ကြွက်သားများနှင့် ကိုယ်အင်္ဂါများသည် စွမ်းအင်ကုန်ဆုံးမှု ဖြစ်လာပါသည်။ ထို့ကြောင့် ဆာလောင်ခြင်းကို မြင့်တက်စေပါသည်။

 

• ကိုယ်အလေးချိန်ကျခြင်း။ ဆာလောင်ခြင်းသက်သာရန် သာမန်ထက်ပို၍ စားသုံးသော်လည်း ကိုယ်အလေးချိန် ကျနေပါမည်။ ဂလူးကို့စ်ကိုဖြိုခွဲနိုင်ခြင်း မရှိသောကြောင့် ခန္ဓာကိုယ်သည် စွမ်းအင်ရဖို့ ကြွက်သားနှင့် အဆီများတွင် သိုလှောင်ထားသော အခြားလောင်စာများကို အသုံးပြုရပါသည်။ ပိုလျှံနေသော ဂလူးကို့စ်များသည် ဆီးထဲတွင် ပါသွားခြင်းကြောင့် ကယ်လိုရီများလည်းဆုံးရှုံးပါသည်။

 

• မောပန်းနွမ်းနယ်ခြင်း။ ဆဲလ်များသည် သကြားမရှိသောကြောင့် သင်သည် မောပန်းလွယ်ပြီး ဒေါသထွက်လွယ် နိုင်ပါသည်။

 

• အမြင်ဝါးခြင်း။ သွေးတွင်းသကြားသည် အလွန်များနေပါက မျက်စိမှန်ဘီလူးမှ အရည်များအား ဆွဲယူပါသည်။ ထို့ကြောင့် အာရုံစိုက်၍ ကြည့်ရန် ခက်ခဲလာပါသည်။

 

• အနာကျက်ကြာခြင်းနှင့် မကြာခဏ ရောဂါပိုးဝင်ခြင်း။ ဆီးချို အမျိုးအစား ၂ သည် အနာကျက်နိုင်စွမ်းနှင့် ခုခံတိုက်ခိုက်နိုင်စွမ်းကို ကျဆင်းစေပါသည်။

 

• အသားရည်များညိုမဲခြင်း။ ဆီးချိုအမျိုးအစား၂ ရှိသူအချို့သည် လည်ပင်းနဲ့ အရေပြားကဲ့သို့သော အရေပြား အတွန့်အခေါက်ကြားနေရာများတွင် ညိုမဲသောအကွက်များ ဖြစ်တတ်ပါသည်။

 

ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ

စောစီးစွာ ရောဂါအဖြေရှာခြင်းနှင့် ကုသခြင်းသည် အခြေအနေပိုမဆိုးအောင် တားဆီးပေးပြီး အရေးပေါ် အခြေအနေ မဖြစ်အောင် ကာကွယ်ပေးနိုင်ပါသည်။ ထို့ကြောင့် ဤပြင်းထန်သော အခြေအနေကို ကာကွယ်ရန် ဆရာဝန်နှင့် မြန်မြန် ပြသပါ။

 

သင့်ဆီတွင် အထက်ဖော်ပြပါ ရောဂါလက္ခဏာများထဲမှ တစ်ခုခုများရှိနေပါက သို့မဟုတ် မေးခွန်းတစ်ခုခုရှိနေပါက ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။ လူတိုင်းရဲ့ ခန္ဓာကိုယ်တုံ့ပြန်မှုသည် မတူညီနိုင်ပါ။ ဆရာဝန်နှင့် တိုင်ပင် ဆွေးနွေးခြင်းသည် သင်၏အခြေအနေကောင်းမွန်ရန်အတွက် အကောင်းဆုံး ဖြစ်ပါသည်။

 

အကြောင်းရင်းများ

Diabetes Mellitus Type 2 (ဆီးချိုသွေးချို အမျိုးအစား (၂)) ကိုဘာတွေကဖြစ်စေသလဲ

ခန္ဓာကိုယ်က အင်ဆူလင်ကိုခုခံ တွန်းလှန်သောအခါနှင့် ပန်ကရိယမှ လုံလောက်သောအင်ဆူလင်ကို မထုတ်လုပ်နိုင်သောအခါ ဆီးချိုအမျိုးအစား ၂ ကိုဖြစ်စေပါသည်။ ကိုယ်အလေးချိန်များခြင်း၊ လှုပ်ရှားမှုနည်းခြင်း စသောပတ်ဝန်းကျင်အချက်များနဲ့ မျိုးရိုးဗီဇကြောင့် ဖြစ်စေပုံပေါ်သော်လည်း အမှန်တကယ် ဘာကြောင့် ဖြစ်တယ်ဆိုတာ မသိရှိပါ။

 

Risk factors

ငါ့ဆီမှာ Diabetes Mellitus Type 2 (ဆီးချိုသွေးချို အမျိုးအစား (၂)) ဖြစ်နိုင်ခြေကိုဘာတွေက မြင့်တက်စေသလဲ

အောက်ပါအချက်များရှိပါက ဆီးချို အမျိုးအစား ၂ ဖြစ်ပွားနိုင်မှုကို မြှင့်တက်စေပါသည်။

• ကိုယ်အလေးချိန်။ အဝလွန်ခြင်းသည် ဆီးချိုအမျိုးအစား ၂ ကိုဖြစ်စေသောအဓိက ဖြစ်သောအကြောင်းရင်းဖြစ်သည်။ အဆီတစ်ရှူးများ ပိုရှိလေသင်၏ဆဲလ်များက အင်ဆူလင်များကို တွန်းခံလေဖြစ်သည်။ သို့သော် အဝမလွန်သူများလည်း ဆီးချိုသွေးချို ဖြစ်နိုင်ပါသည်။

 

• အဆီသိုလှောင်သောနေရာ။ အဆီများကို ဝမ်းဗိုက်ပိုင်းတွင် အဓိကသိုလှောင်ပါက ဆီးချိုအမျိုးအစား ၂ ဖြစ်နိုင်ခြေနှုန်း သည် ခါးနှင့် ပေါင်တွင် အဆီသိုလှောင်တာထက် ပို၍ များပါသည်။

 

• လှုပ်ရှားမှုနည်းခြင်း။ လှုပ်ရှားမှုနည်းလေဆီးချို အမျိုးအစား ၂ ကို ပိုဖြစ်လေဖြစ်သည်။ ကိုယ်ခန္ဓာလှုပ်ရှားမှုသည် ကိုယ်အလေးချိန် ထိန်းညိှရန် ကူညီပေးပြီး ဂလူးကို့စ်များကို စွမ်းအင်အဖြစ် ကုန်ဆုံးစေပါသည်။ သင်၏ ဆဲလ်များကို အင်ဆူလင်ဖြင့်ပို၍ ထိတွေ့စေပါသည်။

 

• မိသားစုမှတ်တမ်း။ မိဘနှင့် မောင်နှမများတွင် ဆီးချိုအမျိုးအစား ၂ ရှိခြင်းသည် သင့်တွင် ရောဂါဖြစ်ပွားနိုင်ခြင်းကို မြင့်တက်စေပါသည်။

 

• လူမျိုး။ ဘာကြောင့်လဲ မရှင်းလင်းသော်လည်း လူမည်းများ၊ စပိန်လူမျိုးများ၊ အမေရိကန် အင်ဒီယန်းနှင့် အာရှအမေရိကန် လူမျိုးများသည် လူဖြူများထက်ဆီးချို အမျိုးအစား ၂ ပို၍ ဖြစ်ပွားပါသည်။

 

• အသက်အရွယ်။ အသက်ကြီးလေ (အထူးသဖြင့် အသက် ၄၅ နောက်ပိုင်း) ဆီးချိုအမျိုးအစား ၂ ဖြစ်ပွားမှု ပိုဖြစ်လေဖြစ်သည်။ အသက်ကြီးလာသည်နှင့်အမျှ လှုပ်ရှားမှုနည်းခြင်း၊ ကြွက်သားထုနည်းခြင်း၊ဝလာခြင်းတို့ကြောင့် ဖြစ်နိုင်သည်။ သို့သော် ဆီးချို အမျိုးအစား ၂ ဖြစ်ပွားမှုသည် ကလေးငယ်များနှင့် လူငယ်များတွင်လည်း တိုးမြင့်လာပါသည်။

 

ရောဂါအဖြေရှာခြင်းနှင့် ကုသမှု

ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန် မသင့်တော်ပါ။ ပိုမိုသော အချက်အလက်များ ရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ။

 

Diabetes Mellitus Type 2 (ဆီးချိုသွေးချို အမျိုးအစား (၂)) ကို ဘယ်လိုအတည်ပြုပါသလဲ

ဤရောဂါရှိသည်ဟု သံသယဖြစ်မိပါက ခန္ဓာကိုယ်စစ်ဆေးမှုများနှင့် ဆရာဝန်ညွှန်ကြားသော အချို့စမ်းသပ်မှုများကို လုပ်ဆောင်ပါ။ ရောဂါအဖြေရှာစစ်ဆေးခြင်းများတွင် အောက်ပါတို့ပါဝင်ပါသည်။

 

• Hemoglobin A1C test ကို glycosylated hemoglobin test ဟုလည်းခေါ်ပါသည်။ ၎င်းသည် လွန်ခဲ့သော ၂လ၊ ၃ လအတွင်း သွေးထဲဂလူးကို့စ် ပမာဏကို တိုင်းတာပေးပါသည်။ ဤစစ်ဆေးခြင်းအတွက် အဆာခံရန် မလိုပါ။ သင့်၏ ဆရာဝန်သည် စစ်ဆေးချက်ရလဒ် အဖြေမှ ရောဂါအဖြေရှာနိုင်ပါသည်။

 

• Fasting plasma glucose test မလုပ်မီရှစ်နာရီလောက် အဆာခံရန် လိုအပ်ပါသည်။ ဤစစ်ဆေးမှုသည် သွေးရည်ကြည်တွင်းဂလူးကို့စ် ဘယ်လောက်ရှိသလဲကိုတိုင်းတာပေးပါသည်။

 

• Oral glucose tolerance test တွင် သင်သည် ဂလူးကို့စ် ကိုမသောက်သုံးမီနှင့် သောက်သုံးပြီး ၂ နာရီ နောက်တွင် သွေးကိုထုတ်ယူရပါမည်။ စစ်ဆေးမှုရလဒ်သည် မသောက်သုံးမီနှင့် သောက်သုံးပြီးဂလူးကို့စ်ကို ခန္ဓာကိုယ်က ဘယ်လိုကောင်းကောင်းတုံ့ပြန်လဲဆိုသည်ကို ပြသပါသည်။

 

သင့်တွင် ဆီးချိုသွေးချိုရှိပါက ရောဂါကိုဘယ်လို ထိန်းချုပ်မလဲဆိုသော အချက်အလက်များကို ဆရာဝန်က ပေးပါလိမ့်မည်။

 

Diabetes Mellitus Type 2 (ဆီးချိုသွေးချို အမျိုးအစား (၂)) ကို ဘယ်လိုကုသပါသလဲ

ကံကောင်းစွာပင် ဆီးချိုအမျိုးအစား ၂ ကို ထိထိရောက်ရောက် ထိန်းချုပ်နိုင်ပါသည်။ ဆရာဝန်သည် သင့်အားသွေးတွင်း ဂလူးကို့စ် ပမာဏကိုဘယ်နှစ်ကြိမ် စစ်ဆေးရမည်ကို သင့်အားပြောပြပါလိမ့်မည်။ ရည်ရွယ်ချက်က ရှိသင့်သော ပမာဏအတွင်း ဆီးချိုကို ထိန်းထားနိုင်ရန်ဖြစ်သည်။

 

သင့်ဆရာဝန်သည် သွေးတွင်းသကြားများလွန်းခြင်းသို့မဟုတ် နည်းလွန်းခြင်း၏ လက္ခဏာများကိုသတိပြုရန်နှင့် အခြေအနေ တစ်ခုစီတွင် ဘာလုပ်ရမည် ဆိုသည်ကို ရှင်းပြပါလိမ့်မည်။ သင့်ဆရာဝန်သည် ဘယ်အစားအစာတွေက ကျန်းမာရေးနှင့် ညီညွတ်ပြီး ဘယ်အစားအစာတွေက မညီညွတ်သည်ကိုရှင်းပြပါလိမ့်မည်။

 

ဆီးချို အမျိုးအစား ၂ ရှိသူတိုင်းအင်ဆူလင် သုံးရန် မလိုအပ်ပေ။ သင်၏ ပန်ကရိယသည် လုံလောက်သောအင်ဆူလင်ကို မထုတ်လုပ်နိုင်သောကြောင့် သာအသုံးပြုရခြင်းဖြစ်သည်။ ညွှန်ကြားသည့် အတိုင်းအင်ဆူလင် အသုံးပြုရန် အရေးကြီးပါသည်။ အခြားကူညီနိုင်သော ဆေးပေးခြင်းများလည်း ရှိပါသည်။

 

လူနေမှုပုံစံပြောင်းလဲခြင်းနဲ့ အိမ်သုံးကုထုံးတွေ အသုံးပြုခြင်းက ဆီးချိုအမျိုးအစား ၂ ကို ကုသရာမှာဘယ်လို အထောက်အကူပြုနိုင်မလဲ။

 

အောက်ဖော်ပြပါ လူနေမှုပုံစံများနဲ့ အိမ်သုံးကုထုံးများသည် ဆီးချို အမျိုးအစား ၂ ကို ကုသသောနေရာတွင် အကူအညီ ပေးနိုင်ပါသည်။

 

• အမျှင်များနှင့် ကျန်းမာသော ကာဗွန်ဟိုက်ဒရိတ် ပါဝင်သော အစားအစာများကို စားသုံးပါ။ အသီးများ ဟင်းသီးဟင်းရွက်များနှင့် ဂျုံနှင့်လုပ်သော အစေ့များစားခြင်းသည် သွေးတွင်းဂလူးကို့စ် ပမာဏကိုတည်မြဲအောင် ထိန်းသိမ်းထားနိုင်သည်။

 

• အစာကိုအချိန်မှန်မှန်စားသုံးပါ။

 

• ဗိုက်ပြည့်ရုံသာစားသုံးပါ။

 

• ကိုယ်အလေးချိန်အားထိန်းသိမ်း၍ နှလုံးကျန်းမာရေးအား ဂရုစိုက်ပါ။ ဆိုလိုသည်မှာ သန့်စင်ထားသော ကာဗွန်ဟိုက်ဒရိတ်၊ ချိုချဉ်နှင့် တိရစ္ဆာန် လျှော့စားပါ။

 

• နှလုံးကျန်းမာအောင် အေရိုးဗစ်လေ့ကျင့်ခန်းများကို နေ့စဉ်နာရီဝက်လောက် ကစားပေးပါ။ လေ့ကျင့်ခန်းများသည် သွေးတွင်းဂလူးကို့စ်ကိုလည်း ထိန်းညှိပေးပါသည်။

 

အောက်ပါအသုံးဝင်သောအချက်များသည် ဆီးချိုအမျိုးအစား ၂ကို ရှောင်ရှားရန် ကူညီနိုင်ပါသည်။

• အစားအစာ။ အာဟာရပြည့်ဝသော ကာဗွန်ဟိုက်ဒရိတ်နှင့် အမျှင်များ ကြွယ်ဝသည့် အစားအစာများကိုစားပါ။ နှလုံးကို ကျန်းမာစေသောအချို့ငါးများမှ ရရှိသောအိုမီဂါ ၃ နဲ့ မပြည့်ဝဆီများလည်း စားသင့်ပါသည်။ နို့ထွက်ပစ္စည်းများသည် အဆီနည်းရန် လိုအပ်ပါသည်။ ဘာစားသလဲအပေါ် မူတည်သကဲ့သို့ ဘယ်လောက်များများစားသလဲအပေါ်လည်း မူတည်ပါသည်။ အစားအစာပမာဏကို ဂရုစိုက်သင့်ပါသည်။ အစားအသောက်ကိုနေ့စဉ် အချိန်မှန်မှန်စားပါ။

 

• လေ့ကျင့်ခန်း။ ဆီးချို အမျိုးအစား ၂ သည် လှုပ်ရှားမှုနည်းခြင်းနှင့် သက်ဆိုင်ပါသည်။ အေရိုးဗစ် လေ့ကျင့်ခန်း များနေ့စဉ် မိနစ် ၃၀ ခန့် ပြုလုပ်ခြင်းသည် ကျန်းမာရေးကို ကောင်းမွန်စေပါသည်။ နေ့စဉ်လုပ်ငန်းများတွင်လည်း အပိုလှုပ်ရှားမှုများကိုထည့်ပေါင်းနိုင် ရန် ကြိုးစားပါ။

 

• ကိုယ်အလေးချိန် ထိန်းသိမ်းပါ။

သင်သည် အဝလွန်နေပါကဆီးချို အမျိုးအစား ၂ ဖြစ်နိုင်ပါသည်။ ကျန်းမာသော မျှတသော စားသောက်ပုံနှင့် နေ့စဉ် လေ့ကျင့်ခန်းလုပ်ခြင်းသည် ကိုယ်အလေးချိန် ထိန်းသိမ်းရန် ကူညီပါသည်။ ဤပြောင်းလဲမှုများ အလုပ်မဖြစ်ပါက သင့်ဆရာဝန်သည် ဘေးကင်းစွာဝိတ်ချနိုင်သော နည်းလမ်းများကိုပြောပြပေးပါလိမ့်မည်။

 

အကယ်၍ သင့်မှာမေးခွန်းတွေရှိပါက သင့်အတွက်သင့်တော်တဲ့ အဖြေရှာဖွေနိုင်ရန် ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင် သင့်ပါသည်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win

ရေးသားသူ Dr. Zin Wai Yan Lin

“ယခုဆောင်းပါးကို Myanmar Digital News ၏ မိတ်ဖက်ဖြစ်သည့် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် Hello ဆရာဝန် https://hellosayarwon.com မှ ကူးယူဖော်ပြခြင်းဖြစ်ပါသည်”