ဒုတိယအကြိမ် အမျိုးသားလွှတ်တော် (၁၃)ကြိမ်မြောက် ပုံမှန်အစည်းအဝေး ၂၂ ရက်မြောက်နေ့ကျင်းပ

နေပြည်တော် ၁၈ စက်တင်ဘာ 

ဒုတိယအကြိမ် အမျိုးသားလွှတ်တော် (၁၃)ကြိမ်မြောက် ပုံမှန်အစည်းအဝေး ၂၂ ရက်မြောက်နေ့ကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ အမျိုးသားလွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပသည်။

 

a1

 

အစည်းအဝေးတွင် ကယားပြည်နယ် မဲဆန္ဒနယ်အမှတ်(၄)မှ ဦးစောစိန်ထွန်း၏ ဟိုတယ်နှင့် ခရီးသွားလုပ်ငန်း တိုးတက်လာစေရေးအတွက် အခွန်ဆိုင်ရာ ကောက်ခံနှုန်းထားများ ဖြေလျှော့ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းမောင်က ဒေသခံဟိုတယ် လုပ်ငန်းရှင်များအား သက်သာခွင့်များ မနှုတ်မီ အခွန်နှုန်းထားအရ ၃၀ ရာခိုင်နှုန်း စည်းကြပ်ကောက်ခံနေမှုများ ဆောင်ရွက်မှု အစီအစဉ်သည် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပြည်တွင်းအခွန်များဦးစီးဌာနက စည်းကြပ်ကောက်ခံသည့် အခွန်အမျိုးအစားဖြစ်ပြီး ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနအနေဖြင့် ဟိုတယ်နှင့် တည်းခိုရိပ်သာ လုပ်ငန်းအပါအဝင် ခရီးသွားလာရေးလုပ်ငန်းများ၏ လိုင်စင်ကြေး၊ လိုင်စင်အသစ် လဲလှယ်ခြင်း၊ လိုင်စင်ဒဏ်ကြေးများနှင့် ဝန်ဆောင်ကြေးများကိုသာ ကောက်ခံခဲ့ပါကြောင်း၊ ထိုသို့ ကောက်ခံမှုများကိုလည်း ၂၀၁၆ ခုနှစ် အောက်တိုဘာ ၁ ရက်မှစတင်၍ ယခင်(၂)နှစ် တစ်ကြိမ် ပေးသွင်းရသော လိုင်စင်ကြေးများအားလုံး၏ ၅၀ ရာခိုင်နှုန်းကို ဖြေလျော့ထားပြီး ဖြစ်သည့်အတွက် လုပ်ငန်းရှင်များအနေဖြင့် ယခင်ကထက် တစ်ဝက်သက်သာစေခဲ့ပါကြောင်း။

ယခု ၂၀၁၈ ခုနှစ် စက်တင်ဘာ ၁၇ ရက်တွင် ပြဋ္ဌာန်းခဲ့သည့် မြန်မာနိုင်ငံခရီးသွား လုပ်ငန်းဥပဒေနှင့်အညီ ၂၀၁၉ ခုနှစ် ဧပြီ ၃၀ ရက်မှစ၍ လိုင်စင်ကြေး၊ လိုင်စင်အသစ် လဲလှယ်ကြေး၊ လိုင်စင်ဒဏ်ကြေးနှင့် ဝန်ဆောင်ကြေးများကို (၂)နှစ်တစ်ကြိမ်အစား (၃)နှစ်တစ်ကြိမ်သာ ပေးသွင်းရန် ပြောင်းလဲပြင် ဆင်သတ်မှတ်ဖြေလျှော့ပေးခဲ့သည့်အတွက် လုပ်ငန်းရှင်များအနေဖြင့် များစွာသက်သာခွင့်ရရှိပြီး ဖြစ်ပါကြောင်း၊ ထို့ပြင် မြန်မာနိုင်ငံခရီးသွားလုပ်ငန်းဥပဒေအရ ဝန်ကြီးချုပ်များ ဥက္ကဋ္ဌအဖြစ် ပါဝင်သည့် တိုင်းဒေသကြီးနှင့် ပြည်နယ် ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းကော်မတီများ ဖွဲ့စည်းပြီး ဖြစ်ပါကြောင်း၊ ၂၀၁၉ခုနှစ် ဧပြီ ၁၂ ရက်မှ စတင်၍ အဆိုပါ လိုင်စင်ကြေး၊ ဝန်ဆောင်ကြေးများကို သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင်သာ ပေးသွင်းဆောင်ရွက်နိုင်ပါကြောင်း ဖြေကြားသည်။

မန္တလေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၂)မှ ဦးထွန်းထွန်းဦး၏ ပြည်တွင်း ပြည်ပမှ ထုတ်လုပ်တင်သွင်းရောင်းချဖြန့်ဖြူးနေသော လျှပ်စစ်ဆိုင်ရာ ပစ္စည်းကိရိယာများ၏ အရည်အသွေးနှင့် စံချိန်စံညွှန်းဆိုင်ရာ စစ်ဆေးခြင်းတို့ကို မည်ကဲ့သို့ စီမံဆောင်ရွက်နေသည်ကို သိရှိလိုခြင်း မေးခွန်းနှင့် စပ်လျဉ်း၍ စက်မှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ မင်းရဲပိုင်ဟိန်းက လျှပ်စစ်ဆိုင်ရာပစ္စည်း ကိရိယာများအပါအဝင် နယ်ပယ်ကဏ္ဍအသီးသီးအတွက် မြန်မာစံချိန်စံညွှန်းများ အတည်ပြုသတ်မှတ်ခြင်းကို ပညာရေးဝန်ကြီးဌာန၊ အမျိုးသားစံချိန်စံညွန်းကောင်စီက ဆောင်ရွက်လျက်ရှိပါကြောင်း၊ ပြည်တွင်း/ ပြည်ပမှ ထုတ်လုပ်/ တင်သွင်း ဖြန့်ဖြူးရောင်းချလျက်ရှိသည့် လျှပ်စစ်ပစ္စည်းများနှင့် ပတ်သက်၍ စစ်ဆေးပေးပါရန် လျှောက်ထားလာပါက စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာန၊ လျှပ်စစ်စစ်ဆေးရေးဌာနမှ အရည်အသွေးစစ်ဆေးပေးလျက် ရှိပါကြောင်း၊ လျှပ်စစ်နှင့် အီလက်ထရောနစ်ပစ္စည်းများနှင့် ပတ်သက်၍ မဖြစ်မနေလိုက် နာဆောင်ရွက်ရမည့် စံချိန်စံညွှန်းများကို အမျိုးသားစံချိန်စံညွှန်းကောင်စီမှ သတ်မှတ်ပြီးပါက စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနရှိ စားသုံးသူရေးရာဦးစီးဌာန အပါအဝင် သက်ဆိုင်ရာဝန်ကြီးဌာနများ ပူးပေါင်း၍ လျှပ်စစ်ဆိုင်ရာပစ္စည်းကိရိယာများ၏ အရည်အသွေးများနှင့် စံချိန်စံညွှန်းဆိုင်ရာ စစ်ဆေးခြင်းများကို စီမံဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း ဖြေကြားသည်။

ပဲခူးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၁၁)မှ ဒေါက်တာဝင်းမြင့်၏ ရာသီဥတု ပြောင်းလဲခြင်းနှင့် သဘာဝဘေးအန္တရာယ် ကျရောက်ခြင်းများကို လျှော့ချနိုင်သည့် မြန်မာ့ရေတိမ်ဒေသများကို ရေရှည်တည်တံ့စေရေး မည်သို့ထိန်းသိမ်းကာကွယ်ထားသည်ကို သိရှိလိုခြင်း မေးခွန်းနှင့် စပ်လျဉ်း၍ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်း သိမ်းရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာရဲမြင့်ဆွေက ရေဝပ်ဒေသဂေဟစနစ် ရေရှည်တည်တံ့စေရေးအတွက် ထိန်းသိမ်းရေးလုပ်ငန်းများကို သစ်တောဦးစီးဌာန၊ အစိုးရဌာနများ၊ ဒေသခံပြည်သူများ၊ ပြည်တွင်း၊ ပြည်ပအစိုးရမဟုတ်သော အဖွဲ့အစည်းများနှင့် ပူးပေါင်း၍ ဆောင်ရွက်လျက်ရှိပါကြောင်း၊ ဆက်လက်၍ သဘာဝထိန်းသိမ်းရေး နယ်မြေများကို ဒေသခံများကိုယ်တိုင် မိရိုးဖလာနည်းဖြင့် ရေရှည်ထိန်းသိမ်းမှုများကို ပိုမိုတိုးတက်စေရန် မြှင့်တင်ပေးခြင်းနှင့် ဒေသခံများပါဝင်စီမံအုပ်ချုပ်သည့် စနစ်ကို ဖော်ဆောင်သွားနိုင်ရေး ကြိုးပမ်းဆောင်ရွက်လျက် ရှိပါကြောင်းနှင့် ရေဝပ်ဒေသများသည် ဖွံ့ဖြိုးတိုးတက်ရေးအတွက် များစွာအရေးပါသည့် သယံဇာတများနှင့် ဂေဟစနစ်ဝန်ဆောင်မှုများကို ပံ့ပိုးပေးနေသည့်အတွက် ထုတ်ယူအသုံးပြုခြင်းနှင့် ထိန်းသိမ်းကာကွယ်ခြင်းတို့ကို ဟန်ချက်ညီညီဆောင်ရွက်လျက်ရှိပါကြောင်း  ဖြေကြားသည်။

အလားတူ မွန်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၂)မှ ဒေါ်သီရိရတနာ၏ မွန်ပြည်နယ်၊ ဘီးလင်းမြို့ရှိ စက်မှု(၁)မှ သိမ်းယူထားခဲ့ပြီး ပုဂ္ဂလိကကို ပေးထားသော ဘိုးလှကြီးရပ်ကွက်ရှိ ဝန်ထမ်းအိမ်ရာနှင့် ဘောလုံးကွင်းတို့ပါဝင်သည့် မြေနေရာအား ပြန်လည်စွန့်လွှတ်ပေးရန် အစီအစဉ် ရှိ/မရှိမေးခွန်းနှင့် စပ်လျဉ်း၍ စက်မှုဝန်ကြီးဌာန ဒုတိယဝန်ကြီးဒေါက်တာ မင်းရဲပိုင်ဟိန်းက လည်းကောင်း၊ မန္တလေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၃)မှ ဒေါက်တာကျော်သန်းထွန်း (ကန်တုန်)၏ မန္တလေးတိုင်းဒေသကြီး၊ မတ္တရာမြို့နယ်၊ စကျင်ကျေးရွာအနီးရှိ စကျင်တောင်ကြီးမှ Pacific Bold Paragon Co.,ltd မှ စကျင်ကျောက်များ ထုတ်ယူနေခြင်း အားရပ်ဆိုင်းပြီး နိုင်ငံတော်မှ ပြန်လည်ကွပ်ကဲထုတ်လုပ်နိုင်ခြင်း ရှိ/မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်း သိမ်းရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာရဲမြင့်ဆွေက လည်းကောင်း၊ ကရင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၂)မှ စောယှားဖောင်အွာ၏ ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ကြာအင်းဆိပ်ကြီးမြို့နယ် (သက္ကော) သံဖြူဇရပ် - ဘုရားသုံးဆူ လမ်းပေါ်ရှိ တံတား(၄)ခုအား ၂၀၁၉ - ၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် အပြီးသတ်တည်ဆောက်ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့် စစ်ကိုင်းတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၄)မှ ဦးလှဦး၏ စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ ဘုတလင်မြို့နယ်ရှိ ချင်းတွင်းကျေးရွာနှင့် ဝက်ပုတ်ကျေးရွာသို့ ဆက်သွယ်ထားသော မြေသားလမ်းအား (၁၈)ပေအကျယ် မြေသားလမ်းအဖြစ် မည်သည့် ဘဏ္ဍာရေးနှစ်တွင် လျာထားဆောင်ရွက်ပေးမည်ကို သိရှိလိုခြင်း မေးခွန်းတို့နှင့် စပ်လျဉ်း၍ ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်လင်းက လည်းကောင်း ပြန်လည်ရှင်းလင်း ဖြေကြားခဲ့ကြသည်။

ထို့နောက် အမျိုးသားလွှတ်တော် ဥပဒေကြမ်းကော်မတီဝင် ဦးကျော်ကျော်က ပြည်သူ့လွှတ်တော်က ပြင်ဆင်ချက်ဖြင့် အတည်ပြုပြီး ပေးပို့လာသော မြန်မာနိုင်ငံ ဆေးပညာရပ်များဆိုင်ရာ ဘွဲ့၊ ဒီပလိုမာနှင့် လက်မှတ်များ ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ ဥပဒေကြမ်းကော်မတီ၏ အစီရင်ခံစာကို ပြန်လည်ဖတ်ကြားရှင်းလင်းသည်။

ယင်းနောက် အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်းက အဆိုပါ ပြင်ဆင်ချက် ဥပဒေကြမ်းကို အမျိုးသားလွှတ်တော်၏ အဆုံးအဖြတ်ရယူ အတည်ပြုသည်။

ဆက်လက်၍ အမျိုးသားလွှတ်တော်  အစိုးရ၏ အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များ စိစစ်ရေးကော်မတီ၏ ဒုတိယအကြိမ် အမျိုးသားလွှတ်တော် ပထမပုံမှန်အစည်းအဝေးမှ (၁၂)ကြိမ်မြောက် ပုံမှန်အစည်းအဝေးအထိ တင်သွင်းမေးမြန်းခဲ့သည့် အဆို၊ မေးခွန်းများနှင့် စပ်လျဉ်းသည့် အစီရင်ခံစာကို လွှတ်တော်ကိုယ်စားလှယ်များက ဆွေးနွေးကြသည်။

ချင်းပြည်နယ် မဲဆန္ဒနယ်အမှတ်(၉)မှ ဒေါ်ခင်ဆွေလွင်က ကတိကဝတ်ကို အကောင်အထည်ဖော်ရာတွင် မေးခွန်းရှင်လွှတ်တော် ကိုယ်စားလှယ်များနှင့် သက်ဆိုင်ရာ ပြည်နယ်၊ တိုင်းဒေသကြီး အစိုးရ၊ သက်ဆိုင်ရာဌာန၊ မြို့နယ်စီမံခန့်ခွဲမှု ကော်မတီများအနေဖြင့် ဒေသခံပြည်သူလူထု၏ တောင်းဆိုမှုကြောင့်လည်းကောင်း၊ နေရာဒေသအခက်အခဲ ကြောင့်လည်းကောင်း၊ သဘာဝဘေးကြောင့်သော်လည်းကောင်း ပြောင်းလဲဆောင်ရွက်ရမည့် ကိစ္စရပ်များရှိပါက မှန်ကန်စွာ သုံးသပ်ဆုံးဖြတ်၍ ကော်မတီသို့ သီးသန့်တင်ပြထားမည်ဆိုပါက မြေပြင်တွင် လက်တွေ့ ကွင်းဆင်းသည့်အခါတွင် မလိုလားအပ်သည့် ကိစ္စရပ်များကို လျှော့ချနိုင်မည်ဟု ယူဆမိသည့်အတွက် သက်ဆိုင်ရာ ပြည်နယ်၊ တိုင်းဒေသကြီးအစိုးရနှင့် ဌာနမှတာဝန်ရှိ ပုဂ္ဂိုလ်များအနေဖြင့် မေးခွန်းရှင်လွှတ်တော် ကိုယ်စားလှယ်များနှင့် ညှိနှိုင်းပူးပေါင်း၍ ပြည်သူတို့၏ လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ရေး ကော်မတီမှ တိုက်တွန်းပေးပါရန် အကြံပြုအပ်ပါကြောင်း ထောက်ခံဆွေးနွေးသည်။

ယင်းအစီရင်ခံစာကို ဧရာဝတီတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၅)မှ ဦးမောင်မောင်အုန်း၊ ကယားပြည်နယ် မဲဆန္ဒနယ်အမှတ်(၂)မှ ဦးရှေးရယ်ရှုမောင်၊ ချင်းပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၂)မှ ဦးမျိုးထပ် (ခ) ဆလိုင်း မျိုးထိုက်နှင့် ရခိုင်ပြည် နယ် မဲဆန္ဒနယ်အမှတ်(၅)မှ ဦးမြင့်နိုင်တို့က ဆက်လက်ဆွေးနွေးကြသည်။

ယင်းနောက် အမျိုးသားလွှတ်တော် အစိုးရ၏ အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များ စိစစ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးသိမ်းဆွေက ကော်မတီ၏ အစီရင်ခံစာကို ဆွေးနွေးပေးခဲ့ကြပြီး အကြံပြုတင်ပြပေးခဲ့ကြသည့် လွှတ်တော်ကိုယ်စားလှယ်များကို ကော်မတီမှ လှိုက်လှိုက်လှဲလှဲ ကြိုဆိုပါကြောင်း၊ နောင်ပုံမှန်အစည်းအဝေးဖြစ်သည့် ဒုတိယအကြိမ် အမျိုးသားလွှတ်တော် ၁၄ ကြိမ်မြောက်ပုံမှန်အစည်းအဝေး ကျင်းပသည့် ရက်များတွင် ကော်မတီဝင်များနှင့် ဆွေးနွေးခဲ့ကြသည့် လွှတ်တော်ကိုယ်စားလှယ်များ၊ တာဝန်ရှိသည့် ဝန်ကြီးဌာနများ၊ တာဝန်ရှိသူများကို ခေါ်ယူဆွေးနွေးညှိ နှိုင်းဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်းနှင့် လွှတ်တော်ကိုယ်စားလှယ်များကလည်း နောင်ပုံမှန်အစည်းအဝေးများတွင် ကော်မတီ၏ အစီရင်ခံစာကို အကြံပြု ဆွေးနွေးပေးကြရန် ဖိတ်ခေါ်အပ်ပါကြောင်း ပြန်လည်ရှင်းလင်းဆွေးနွေးသည်။

ထို့နောက် ကော်မတီဥက္ကဋ္ဌ ဦးသိမ်းဆွေက ကော်မတီ၏ အစီရင်ခံစာကို လွှတ်တော်က သဘောတူလက်ခံရန် အဆိုတင်သွင်းသည်။

ယင်းနောက် အမျိုးသားလွှတ်တော် ဥက္ကဋ္ဌက အဆိုကို အတည်ပြုရန် လွှတ်တော်၏ သဘောထားရယူရာ သဘောမတူသူမရှိသည့်အတွက် အမျိုးသား လွှတ်တော်အစိုးရ၏ အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များ စိစစ်ရေးကော်မတီ၏ ဒုတိယအကြိမ် အမျိုးသားလွှတ်တော် ပထမပုံမှန်အစည်းအဝေးမှ (၁၂)ကြိမ်မြောက် ပုံမှန်အစည်းအဝေးအထိ တင်သွင်းမေးမြန်းခဲ့သည့် အဆို၊ မေးခွန်းများနှင့် စပ်လျဉ်းသည့် အစီရင်ခံစာကို လွှတ်တော်က အတည်ပြုကြောင်း ကြေညာသည်။

ဒုတိယအကြိမ် အမျိုးသားလွှတ်တော် (၁၃)ကြိမ်မြောက် ပုံမှန်အစည်းအဝေး ၂၃ ရက်မြောက်နေ့ကို စက်တင်ဘာ ၁၉ ရက်တွင် ဆက်လက်ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

အောင်ရဲသွင်