ဒုတိယအကြိမ် အမျိုးသားလွှတ်တော် (၁၄)ကြိမ်မြောက် ပုံမှန်အစည်းအဝေး ၁၁ ရက်မြောက်နေ့ကျင်းပ

နေပြည်တော် ၄ ဒီဇင်ဘာ

ဒုတိယအကြိမ် အမျိုးသားလွှတ်တော် (၁၄)ကြိမ်မြောက် ပုံမှန်အစည်းအဝေး ၁၁ ရက်မြောက်နေ့ကို ယနေ့ နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ အမျိုးသားလွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပသည်။

 

4122019b1

 

အစည်းအဝေးတွင် ရခိုင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၃)မှ ဦးခင်မောင်လတ်၏ ရသေ့တောင်မြို့နယ်၊ ဖြူချောင်းကျေးရွာ အခြေခံပညာ အထက်တန်းကျောင်း(ခွဲ)အတွက် (၂)ထပ်ကျောင်းဆောင်သစ် တစ်ဆောင် ဆောက်လုပ်ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်း က ရသေ့တောင်မြို့နယ်၊ ဖြူချောင်းကျေးရွာ အခြေခံပညာ အထက်တန်းကျောင်း(ခွဲ)အတွက် မူလမြေနေရာဟောင်း (ရွာအတွင်း)အပြင် မြေနေရာအသစ်လည်း ရရှိပြီး ဖြစ်ပါကြောင်း၊ အဆိုပါ မြေနေရာအသစ်အတွက်လည်း မြို့နယ် လယ်ယာမြေစီမံခန့်ခွဲရေးနှင့် မြေစာရင်းဦးစီးဌာနက ထုတ်ပေးသည့် မြေစာရင်းပုံစံ (၁၀၅)လည်း ရရှိဆောင်ရွက်ထားပြီး ဖြစ်ပါကြောင်း၊ ထို့ကြောင့် (၂)ထပ်ကျောင်းဆောင် အပါအဝင် ကျောင်းဆောင်အသစ်များကို မြေနေရာအသစ်တွင် တစ်ဆင့်ပြီးတစ်ဆင့် နီးစပ်ရာဘဏ္ဍာရေးနှစ်မှစ၍ လျာထား ဆောင်ရွက်ပေးမည် ဖြစ်ပါကြောင်း ဖြေကြားသည်။

မွန်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၉)မှ ဒေါက်တာဇော်လင်းထွဋ်၏ သမိုင်းဝင် အောင်ဆန်း အားကစားကွင်းကြီးအား အကြီးစား ပြင်ဆင်ပေးရန်နှင့် ကွင်းပတ်လည်ရှိ ဆိုင်ခန်းငှားရမ်းခများအား ကာလပေါက်ဈေးအတိုင်း တိုးမြှင့်ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန်က အောင်ဆန်း အားကစားပြိုင်ကွင်းအား ယခင်အားကစားဝန်ကြီးဌာနမှ စီမံခန့်ခွဲပြီး မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်မှတစ်ဆင့် ကလပ်အသင်း များသို့ အောင်ဆန်းကွင်း အပါအဝင် ဘောလုံးကွင်း (၂၄) ကွင်းအား ၂၀၁၀ ခုနှစ် နိုဝင်ဘာ ၈ ရက်တွင် ကနဦးအခမဲ့ (၃)နှစ် B.O.T စနစ်ဖြင့် နှစ်(၃၀)စာချုပ် ချုပ်ဆိုငှားရမ်းခဲ့ပါကြောင်း၊ အောင်ဆန်း အားကစားပြိုင်ကွင်းအတွင်း ငှားရမ်းသည့် ဆိုင်ခန်းခများကို မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်မှ ကောက်ခံ၍ စုစုပေါင်း ငွေကျပ် (၄၇ ဒသမ ၁၁၃) သန်းအား နိုင်ငံတော် ဘဏ္ဍာအဖြစ် ပေးသွင်းခဲ့ပါကြောင်း၊ ထို့ပြင် မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်မှ အောင်ဆန်း အားကစားပြိုင်ကွင်း၏ ဆိုင်ခန်းငှားရမ်းခများအား ငွေကျပ် (၁၃၄ ဒသမ ၃၃၅) သန်းအထိ တိုးမြှင့်ကောက်ခံခဲ့ပြီး မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်မှ ယခင် ငှားရမ်းသည့်ငွေအတိုင်း ငွေကျပ် (၄၇ ဒသမ ၁၁၃) သန်းအား နိုင်ငံတော်သို့ ဆက်လက်ပေးသွင်းလျက်ရှိသည်ကို သိရှိရပါကြောင်း။

အောင်ဆန်း အားကစားပြိုင်ကွင်းအား ၂၀၁၈ ခုနှစ် မတ် ၃၀ ရက်တွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ပြန်လည် လွှဲပြောင်းလက်ခံရယူခဲ့ပြီး ဆိုင်ခန်းငှားရမ်းခများကိုလည်း ယခင် မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် ကောက်ခံထားသည့်နှုန်းထား အတိုင်းကောက်ခံခဲ့ပြီး နိုင်ငံတော်ငွေစာရင်းအမှတ် MD–010442 သို့ ပေးသွင်းဆောင်ရွက်လျက်ရှိပါကြောင်း၊ ထို့ပြင် မြန်မာ့ဘောလုံး အားကစားတိုးတက်ရန် ရည်ရွယ်၍ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနပိုင် အားကစားကွင်းများအား မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်နှင့် ဘောလုံးကလပ်အသင်းများသို့ ငှားရမ်းခြင်း သဘောတူစာချုပ် ချုပ်ဆို၍ ငှားရမ်းသုံးစွဲ ခွင့်ပြုထားသော စာချုပ်ပါ စည်းကမ်းများအရ ပထမအကြိမ် သက်တမ်း(၅)နှစ် ပြည့်မြောက်ပြီဖြစ်သော အားကစားကွင်း များအား ဒုတိယအကြိ်မ် (၅)နှစ် သက်တမ်းစာချုပ် ပြင်ဆင်ချုပ်ဆိုရာတွင် စာချုပ်ပါ အချက်အလက်များအား ခေတ်ကာလနှင့် လျော်ညီမှုရှိစေရေးနှင့် ဥပဒေကြောင်းအရ အသုံးအနှုန်းမှန်ကန်မှု ရှိစေရေးတို့အတွက် ပြည်ထောင်စု ရှေ့နေချုပ်ရုံးတို့မှ ဥပဒေအကြံပေးအဖွဲ့များနှင့် မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်တို့မှ တာဝန်ရှိသူများအား ဖိတ်ခေါ်၍ ယခင်စာချုပ်ပါ အပိုဒ်တစ်ပိုဒ် စီအလိုက် ပယ်ဖျက်သင့်သည့် စာသားများ၊ ပြင်ဆင်ဖြည့်စွက်ရမည့် စာသားများအား ဆွေးနွေးညှိနှိုင်းခြင်းများ ဆောင်ရွက်ခဲ့ကြ ပါကြောင်း။

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနအနေဖြင့် အောင်ဆန်းအားကစားကွင်းအား အကြီးစား ပြင်ဆင်ရေးကိစ္စနှင့် ပတ်သက်၍ အင်ဂျင်နီယာအဖွဲ့တို့ဖြင့် စစ်ဆေးခဲ့ရာ အန္တရာယ်ရှိသည့် အဆောက်အဦဖြစ်သောကြောင့် အမြန်ဆုံးဖျက်သိမ်း၍ ပြေးလမ်း ပါဝင်သော ခေတ်မီအားကစားကွင်း တည်ဆောက်သင့်သည်ကို အကြံပြုပါကြောင်း၊ ထို့နောက် ရန်ကုန်တိုင်းဒေသကြီး မြေ၊ အဆောက်အဦ၊ စက်ရုံ၊ အလုပ်ရုံတန်ဖိုး စိစစ်သတ်မှတ်ရေးအဖွဲ့သို့ အောင်ဆန်းကွင်း၊ ပဒုမ္မာကွင်း၊ စလင်းကွင်း၊ ဗထူးကွင်းတို့မှ ဆိုင်ခန်းများ ငှားရမ်းသည့် ကိစ္စအတွက် ခေတ်ကာလနှင့်လျော်ညီသည့် ဆိုင်ခန်းငှားခ နှုန်းထားများကို စိစစ်ပေးပါရန် စာများပေးပို့ ညှိနှိုင်းဆောင်ရွက်ခဲ့ပါကြောင်း၊ ရန်ကုန်တိုင်းဒေသကြီး၊ အားကစားနှင့် ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးမှ တင်ပြချက်အရ ရန်ကုန်တိုင်းဒေသကြီး တန်ဖိုးစိစစ်ရေးအဖွဲ့မှ နှစ်ကြိမ်ခန့် ဆွေးနွေးပြီး ဆုံးဖြတ်နိုင်ရန် ပြင်ဆင်လျက်ရှိသည်ကို သိရှိရပါကြောင်း။

ထို့ပြင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၏ လမ်းညွှန်ချက်ဖြင့် အောင်ဆန်းကွင်းအား အသစ်တစ်ဖန် ပြန်လည်တည်ဆောက်နိုင်ရေးနှင့် ပတ်သက်၍ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ဒုတိယဝန်ကြီးတို့ ပထမတစ်ကြိမ် တွေ့ဆုံညှိနှိုင်းပြီး ဖြစ်ပါကြောင်း၊ ဒီဇင်ဘာ ဒုတိယအပတ်တွင် ဆက်လက်ညှိနှိုင်း ဆောင်ရွက်မည်ဖြစ်ပါကြောင်း ဖြေကြားသည်။

ချင်းပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၀)မှ ဦးလားလ်မင်းထန်၏ ချင်းပြည်နယ်၊ မတူပီမြို့နယ်၊ စာလ်ထောင် ကျေးလက် ကျန်းမာရေးဌာန(ခွဲ) အား ကျေးလက်ကျန်းမာရေးဌာနအဖြစ် အဆင့်တိုးမြှင့် ဆောင်ရွက်ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန် က စာလ်ထောင်ကျေးလက် ကျန်းမာရေးဌာန ဖွင့်လှစ်ရန်အတွက် နေရာဒေသ ရွေးချယ်သတ်မှတ်ရေး အခြေခံမူ (၆)ချက်အနက် (၃) ချက်သာ ကိုက်ညီမှုရှိသည်ကို တွေ့ရှိရပါကြောင်း၊ သို့သော်လည်း လမ်းပန်းဆက် သွယ်ရေးခက်ခဲခြင်း၊ ကျန်းမာရေးစောင့်ရှောက်မှု ပိုမိုလွှမ်းခြုံပေးနိုင်မည်ဖြစ်ခြင်း၊ ပြည်နယ် ပြည်သူ့ကျန်းမာရေး ဦးစီးမှူးမှလည်း ထောက်ခံတင်ပြထားခြင်းတို့ကြောင့် စာလ်ထောင်ကျေးလက် ကျန်းမာရေးဌာနအဖြစ်သို့ အဆင့်တိုးမြှင့် ဖွင့်လှစ်ခွင့်ရရှိရန်အတွက် ပြည်ထောင်စုအစိုးရအဖွဲ့ရုံးမှ ထုတ်ပြန်ခဲ့သည့် ပြည်ထောင်စုအဖွဲ့အစည်းများ၊ ပြည်ထောင်စုဝန်ကြီး ဌာနများက နိုင်ငံ့ဝန်ထမ်းဖွဲ့စည်းပုံ တိုးချဲ့ပြင်ဆင်ဖွဲ့စည်းခြင်းနှင့် စပ်လျဉ်း၍ လိုက်နာဆောင်ရွက်ရမည့် မူဝါဒများနှင့်အညီ စိစစ်၍ မြေစာရင်း ပုံစံ(၁၀၅ - ၁၀၆) ရရှိပါက ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် စီစဉ်ဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်း ဖြေကြားသည်။

ထို့နောက် တိရစ္ဆာန်ကျန်းမာရေးနှင့် မွေးမြူရေးလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ လွှတ်တော် ကိုယ်စားလှယ်များက ဆွေးနွေးကြသည်။

ကချင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၁)မှ ဒေါက်တာခွန်ဝင်းသောင်း က အမျိုးသားလွှတ်တော် ဥပဒေကြမ်းကော်မတီ၏ ပြင်ဆင်ချက်အရ ငါးလုပ်ငန်းဆိုသည်မှာ ငါးနှင့် ပတ်သက်သော လုပ်ငန်းများကို၏ နောက်တွင် ဥပဒေနှင့်အညီဆိုသည့် စာပိုဒ် ကို အစားထိုးလိုပါကြောင်း၊ အခန်း(၁) အပိုဒ်(၂) ၏ အပိုဒ်ခွဲ(စ)မှ အာဟာရဖြည့် စွက်ရန်၏ နောက်တွင် သန္ဓေတားရန်ဆိုသည့်  စကားရပ်အစား သန္ဓေတားမြစ်ရန်၊ ခွဲစိတ်ရန်နှင့်ကို အစားထိုးပြင်ဆင်လိုပါကြောင်း၊ အခန်း(၁) အပိုဒ်(၂)တွင်ပင် ပြည်သူ့ လွှတ်တော်၏ အတည်ပြုချက်နှင့် အမျိုးသားလွှတ်တော် ဥပဒေကြမ်းကော်မတီ၏ ပြင်ဆင်ချက်တို့တွင် ပါဝင်သည့် (ခ) အက္ခရာစဉ်ကို (ည)အဖြစ် ပြောင်းလဲအမှတ်စဉ်ရမည် ဖြစ်ပါကြောင်း၊ ဆက်လက်၍ ဥပဒေကြမ်း၏ စာမျက်နှာ(၆) အပိုဒ်ခွဲ(ဒ) တွင် တိရစ္ဆာန်ကျန်းမာရေး ဝန်ဆောင်မှုလုပ်ငန်းဆိုင်ရာတွင် ဆိုသည့် စကားရပ်အစား မူလ အဆိုပြုပြဋ္ဌာန်းချက်အတိုင်း တိရစ္ဆာန်ကျန်းမာရေး ဝန်ဆောင်မှုလုပ်ငန်းဆိုသည်မှာဟု  ပြင်ဆင်လိုပါကြောင်း။

ယင်းအပိုဒ်ခွဲ (ဒ)တွင် တိရစ္ဆာန်များကို လေ့ကျင့်သင်ကြားပေးခြင်းနှင့် ဓာတ်ခွဲခန်းဆိုင်ရာလုပ်ငန်းများ ဆောင်ရွက်ခြင်းနှင့် သက်ဆိုင်သည့် လုပ်ငန်းများလည်း ပါဝင်သည်ဆိုသည့် စကားရပ်တစ်ခုလုံးကို တိရစ္ဆာန်များကို လေ့ကျင့်သင်ကြား ပေးခြင်းအပြင် ဓာတ်ခွဲခန်းဆိုင်ရာလုပ်ငန်းများ ဆောင်ရွက်ခြင်းနှင့် သက်ဆိုင်သည့် လုပ်ငန်းများလည်း ပါဝင်သည်ဟု ပြောင်းလဲပြင်ဆင်လိုပါကြောင်း၊ အခန်း(၈) အပိုဒ်(၁၈)၏ အပိုဒ်ခွဲငယ် (ဂ) တစ်ခုလုံးကို မိမိလုပ်ကိုင်သော တိရစ္ဆာန် ကျန်းမာရေးဆိုင်ရာ ဝန်ဆောင်မှုလုပ်ငန်းတွင်ဖြစ်စေ၊ အခြားနယ်ပယ်တစ်ခုတွင်ဖြစ်စေ တိရစ္ဆာန်များ ကူးစက်ရောဂါ ဖြစ်ပွား ကြောင်း သံသယဖြစ်ဖွယ်တွေ့ရှိရပါက သက်ဆိုင်ရာဦးစီးဌာနသို့ အမြန်ဆုံး အသိပေးအကြောင်းကြားရမည်ဟု အစားထိုး ပြင်ဆင်လိုပါကြောင်း၊ ထို့ပြင် အခန်း(၉) အပိုဒ်(၂၁) အပိုဒ်ခွဲငယ် (စ)နှင့် (ဆ)၌ ဦးစီးဌာန၏ နောက်တွင် တရားဝင်ဆိုသည့် စကားစုကို အသီးသီးအစားထိုး ပြင်ဆင်သင့်ပါကြောင်း ဆွေးနွေးသည်။

မကွေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၁)မှ ဦးလှဆန်း က အခန်း(၁)အမည်နှင့် အဓိပ္ပါယ်ဖော်ပြချက် ပုဒ်မ -၂(က)တွင် မိမိအနေဖြင့် ကုန်းနေရေနေ သတ္တဝါတို့နှင့် ငှက်အုပ်စုတို့ကို ဆိုလိုသည်ဟု ထပ်မံဖြည့်စွက်လိုပါကြောင်း၊ အခန်း(၁) အမည်နှင့် အဓိပ္ပါယ်ဖော်ပြချက်၊ ပုဒ်မ - ၂(ဃ) တွင် မိမိအနေဖြင့် တိရစ္ဆာန်ပစ္စည်းဆိုသည်မှာ တိရစ္ဆာန်မှ ထွက်ရှိသော အသား၊ နို့၊ ဥ၊ သွေး၊ အရိုး၊ သားရေအပြင် မြွေဆိပ်ကို အရည်ဟု သတ်မှတ်သည့်အတွက် အရည်ကို ထပ်မံဖြည့်စွက်လိုပါကြောင်း၊ ယင်းအခန်း ပုဒ်မ - ၂ (ဓ)တွင်  ထောက်ခံချက် လက်မှတ်ဆိုသည်မှာ တိရစ္ဆာန်ထွက်ပစ္စည်း မျိုးရိုးဗီဇ ပြုပြင်ထားသော ဇီဝပစ္စည်း၊ တိရစ္ဆာန်အစာ၊ တိရစ္ဆာန်သုံးပစ္စည်း၊ တိရစ္ဆာန်သုံး ဆေးဝါး (သို့မဟုတ်) ရေလုပ်ငန်းတွင် အသုံးပြုသည့် တိရစ္ဆာန်သုံး ဆေးဝါးများအား ပြည်တွင်း၌ ထုတ်လုပ်ခြင်း၊ သယ်ဆောင်ခြင်း၊ ရောင်းချခြင်း၊ ပြည်ပမှ တင်သွင်းခြင်း၊ ပြုပြင်ထုတ်လုပ်ခြင်းဟု ထပ်မံဖြည့်စွက်လိုပါကြောင်း။

အခန်း(၁) အမည်နှင့် အဓိပ္ပါယ်ဖော်ပြချက်၊ ပုဒ်မ -၂(ဘ)တွင် မိမိအနေဖြင့် စိုက်ပျိုးတောင်သူများ၏ ရာသီအလိုက် စိုက်ပျိုးသီးနှံပင်များ တည်ရှိရာ ပတ်ဝန်းကျင် အဝန်းအဝိုင်းနေရာကို ဆိုသည်ဟု ထပ်မံဖြည့်စွက်လိုပါကြောင်း၊ အခန်း(၂) ရည်ရွယ်ချက်၊ ပုဒ်-၃(စ) တွင်  တိရစ္ဆာန်များကို တမင်ညှင်းပန်း နှိပ်စက်ခြင်းနှင့်စပ် လျဉ်း၍ ဥပဒေကြောင်းအရ ကာကွယ် စောင့်ရှောက်ပေးရန်တွင် မိမိအနေဖြင့် တိရစ္ဆာန်များကို ညှင်းပန်းနှိပ်စက်ခြင်းနှင့် စပ်လျဉ်း၍ ဥပဒေကြောင်းအရ ကာကွယ် စောင့်ရှောက်ပေးရန်ဟူ၍ ပြုပြင်လိုပါကြောင်း၊ အခန်း(၂) ရည်ရွယ်ချက်၊ ပုဒ်မ -၃(ဆ)တွင် မျိုးကောင်းမျိုးသန့် ထောက်ပံ့ ပေးရန်၊ ရောဂါထိန်းချုပ်သည့် မွေးမြူရေးမြေ၊ ရောဂါကင်းမဲ့သည့် မွေးမြူရေးခြံ့အဖြစ် စနစ်တကျလုပ်ကိုင် နိုင်စေရန်ဟူ၍ ရောဂါထိန်းချုပ်နှင့် ရောဂါကင်းမဲ့ဆိုသည့် စကားလုံးကို ထပ်မံဖြည့်စွက်လိုပါကြောင်း။

အခန်း(၃) ဗဟိုကော်မတီဖွဲ့စည်းခြင်းနှင့် လုပ်ငန်းတာဝန်များ၊ ပုဒ်မ -၅(ဌ) တွင် မိမိအနေဖြင့် သက်ဆိုင်ရာ အစိုးရဌာနဆိုသည့် စကားလုံးကို ထပ်မံဖြည့်စွက်လိုပါကြောင်း၊ အခန်း(၃) ဗဟိုကော်မတီဖွဲ့စည်းခြင်းနှင့် လုပ်ငန်းတာဝန်များ၊ ပုဒ်မ - ၅ -- တွင်လည်း ပုဂ္ဂိုလ် သို့မဟုတ် အခြားအဖွဲ့အစည်းများ၊ သက်ဆိုင်ရာအစိုးရဌာန၊ အစိုးရ အဖွဲ့အစည်းများဟူ၍ ထပ်မံဖြည့်စွက် လိုပါကြောင်း၊ အခန်း(၅) ဦးစီးဌာန၏ တာဝန်နှင့် လုပ်ပိုင်ခွင့်များ၊ ပုဒ်မ -၉ (ခ) ၏ တိရစ္ဆာန်ရောဂါ ကာကွယ်ရေးနှင့် ကုသရေးလုပ်ငန်း များ ဆောင်ရွက်ခြင်းတွင် ကာကွယ်၏ ရှေ့၌ ကြိုတင်ကို ဖြည့်စွက်လိုပါကြောင်း၊ အခန်း(၅) ဦးစီးဌာန၏ တာဝန်နှင့် လုပ်ပိုင်ခွင့်များ၊ ပုဒ်မ -၁၀ (ဃ)တွင် မျိုးကောင်းသော ဆိုသည့်ကိစ္စတွင် မျိုးကောင်းမျိုးသန့်ဟူ၍ ဖြည့်စွက် ပြုပြင်လိုပါကြောင်း၊ အခန်း(၉) မွေးမြူရေးလုပ်ငန်းများ၊ ပုဒ်မ - ၂၁(ဂ) တွင် မွေးမြူထားသည့် တိရစ္ဆာန်တွင် ကူးစက်ရောဂါ ကျရောက်သည့်အခါ ဦးစီးဌာနသို့ အမြန်ဆုံး အသိပေးအကြောင်းကြားရမည် ဆိုသည်ကို မိမိအနေဖြင့် နီးစပ်ရာ တိရစ္ဆာန် ကျန်းမာရေးလုပ်သား၊ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးတို့နှင့် ဆက်သွယ်၍ ဦးစီးဌာနသို့ အမြန်ဆုံးအသိပေး အကြောင်းကြား ပေးရမည်ဟု ပြုပြင်လိုပါကြောင်း ဆွေးနွေးသည်။    

ယင်းဥပဒေကြမ်းနှင့် စပ်လျဉ်း၍ ပဲခူးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၁၁)မှ ဒေါက်တာဝင်းမြင့်နှင့် ကရင်ပြည်နယ် မဲဆန္ဒနယ် အမှတ်(၇)မှ နော်ခရစ္စထွန်း (ခ) ဒေါက်တာအားကာမိုးတို့က ဆက်လက်ဆွေးနွေးကြသည်။

ယင်းနောက် ကချင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၁)မှ ဒေါက်တာခွန်ဝင်းသောင်း က ကချင်ပြည်နယ် သာမက တခြားသော တိုင်းဒေသကြီးနှင့် ပြည်နယ်များသို့တိုင် ဧကများစွာ ဆက်လက်စိုက်ပျိုးလျက်ရှိသော တရုတ်တစ်သျှူးငှက်ပျော စိုက်ပျိုးခြင်း ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများကို စည်းကမ်းတကျ ထိန်းသိမ်းကွပ်ကဲနိုင်စေရန်၊ ရေရှည်တွင် ဖြစ်ပေါ်လာမည့် ဘေးထွက် ဆိုးကျိုးများအား ကြိုတင်တားမြစ်နိုင်ရန်နှင့် ရသင့်သော အခွန်ဘဏ္ဍာများ ရရှိနိုင်ရန်အလို့ငှာ သက်ဆိုင်သည့်ဌာနအသီးသီးတို့မှ ဟန်ချက် ညီညီ ပါဝင်လုပ်ဆောင်နိုင်မည့် ထိရောက်သည့် မူဝါဒလမ်းညွှန်မှု စီမံချက်တစ်ရပ်ရပ်ကို ချမှတ်၍ အဓိကကျသည့် ဝန်ကြီးဌာနအနေဖြင့် အကောင်အထည်ဖော် ဆောင်ရွက်ပေးပါရန် ပြည်ထောင်စုအစိုးရအား တိုက်တွန်းကြောင်း အဆိုတင်သွင်း ရာတွင် ဆယ်စုနှစ် တစ်ခုမက ကချင်ပြည်နယ်တွင် စတင်ခဲ့သည့် တရုတ်တစ်သျှူးငှက်ပျောစိုက်ပျိုး ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းသည် တစ်စတစ်စ ကြီးထွားကျယ်ပြန့်လာပြီး ယခုအခါတွင် စစ်ကိုင်းတိုင်းဒေသကြီးအတွင်း သာမက မန္တလေးတိုင်း ဒေသကြီးနှင့် ရှမ်းပြည်နယ်တို့အထိတိုင် စိုက်ပျိုးရန် ကြိုးပမ်းနေမှုများကို လေ့လာသိရှိရပါကြောင်း၊ ယင်းလုပ်ငန်းမျိုးကို ဥပဒေ နှင့်အညီ စည်းကမ်းတကျ ညွှန်ကြားချက်များမရှိပါက ဆင့်ပွားဖြစ်ပေါ်လာမည့် ပြဿနာများသည် နောင်အခါတွင် ကချင်ပြည်နယ် တစ်ခုတည်း၏ အရေးမဟုတ်တော့ဘဲ ဆက်စပ်လျက်ရှိသည့် နိုင်ငံတစ်ခုလုံး၏ ထိခိုက်နစ်နာမှုများဟု ရှု့မြင်ပြီး အချိန် မီပြင်ဆင် ဖြေရှင်းပေးနိုင်ရန် အရေးကြီးသည့် ကာလတစ်ခုဖြစ်ပါကြောင်း။


ထို့ပြင် တရုတ်စာဖြင့် ရေးသားထားသည့် ဆိုင်းဘုတ်များနှင့် စိုက်ပျိုးနေသည့် ငှက်ပျောစိုက်ခင်းများသည် သာမန်အရပ်သား တို့၏ မြေယာများတွင်သာမက အစိုးရ ကြိုးဝိုင်း၊ သစ်တောမြေအထိပါ ချဲ့ထွင်စိုက်ပျိုးထားကြသည့်အတွက် သက်ဆိုင်ရာဌာန မှ အရေးယူဖြေရှင်းခြင်းများကိုလည်း ပြုလုပ်နေရပြီ ဖြစ်ပါကြောင်း၊ တရုတ်လိုင်စင် မှတ်ပုံတင်ထားသည့်  တစ်သျှူးငှက်ပျော တင်ကားကြီးများ နှစ်စဉ် အစီးရေထောင်၊ သောင်းချီ၍ သယ်ယူပို့ဆောင်နေကြသည့်အတွက် နယ်စပ်ထွက် ပေါက်လမ်းမှ တံတားများ၏ ပျက်စီးမှုအန္တရာယ် စိုးရိမ်ဖွယ်ရှိနိုင်သကဲ့သို့ ရသင့်သည့် ဘဏ္ဍာငွေများ မှန်မှန်ကန်ကန် ရရှိရန်နှင့် ဥပဒေနှင့်အညီ ရင်းနှီးမြှုပ်နှံကြရန်တို့ကို စည်းကမ်းတကျ ထိန်းကွပ်မှုမရှိသရွေ့ နိုင်ငံတော်၏ ဘဏ္ဍာငွေဆုံးရှုံးမှုများ ဆက်လက်ဖြစ်ပေါ်နေ မည်ဖြစ်ပါကြောင်း။

တရုတ်နိုင်ငံ တစ်နိုင်ငံလုံး ငှက်ပျောသီးစားသုံးမှု လိုအပ်ချက် ပြည့်မီရန် ငှက်ပျောစိုက်ဧက ၁၂ သိန်းခန့် လိုအပ်ပြီး ယခုအခါတွင် တရုတ်နိုင်ငံအတွက် ပြည်တွင်းပြည်ပ စိုက်ဧကပေါင်းသည် ၅ သိန်းဝန်းကျင်သာ ရှိနေသေးပါကြောင်း၊ ထိုလို အပ်ချက်များကို  ဖြည့်ဆည်းနိုင်ရန်အတွက် လုပ်ငန်းရှင်များသည်  ၄င်းတို့၏ ပြည်တွင်းမှာသာမက နီးစပ်ရာ နိုင်ငံများထဲတွင် ဆက်လက် ရင်းနှီးမြှုပ်နှံကြမည်ဖြစ်သောကြောင့်  မြန်မာနိုင်ငံအနေဖြင့် ရေရှည်တည်တံ့စွာ ခိုင်ခိုင်မာမာ အကျိုးဖြစ်ထွန်း စေမည့်  ယခုကဲ့သို့ လုပ်ငန်းများကို မျက်ခြေမပျက်ဘဲ ယခုထက် ပိုမိုဖော်ဆောင်နိုင်ရန်အတွက် ရည်ရွယ်၍ အဆိုတင် သွင်းရခြင်း ဖြစ်ပါကြောင်း ပြောကြားသည်။

ဆက်လက်၍ ချင်းပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၂)မှ ဦးမျိုးထက် (ခေါ်) ဆလိုင်း မျိုးထိုက် က အဆိုကို ထောက်ခံပါကြောင်း ပြောကြားသည်။

ထို့နောက် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်း က အဆိုကို လက်ခံဆွေးနွေးရန် သင့်/ မသင့် လွှတ်တော်၏ အဆုံးအဖြတ်ရယူ၍ လွှတ်တော်က လက်ခံဆွေးနွေးရန် သဘောတူကြောင်းနှင့် ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စား လှယ်များရှိပါက အမည်စာရင်း တင်သွင်းနိုင်ကြောင်း ကြေညာသည်။

ဒုတိယအကြိမ် အမျိုးသားလွှတ်တော် (၁၄)ကြိမ်မြောက် ပုံမှန်အစည်းအဝေး ၁၂ ရက်မြောက်နေ့ကို ဒီဇင်ဘာ ၆ ရက်တွင် ဆက်လက် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

အောင်ရဲသွင်