ဒုတိယအကြိမ် အမျိုးသားလွှတ်တော် နဝမ ပုံမှန်အစည်းအဝေး ၁၁ ရက်မြောက်နေ့ကျင်းပ

နေပြည်တော် ၂၁ သြဂုတ်

 

ဒုတိယအကြိမ် အမျိုးသားလွှတ်တော် နဝမ ပုံမှန်အစည်းအဝေး ၁၁ ရက်မြောက်နေ့ကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ အမျိုးသားလွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပရာ ကြယ်ပွင့်ပြမေးခွန်းများ မေးမြန်းခြင်းနှင့် ဖြေကြားခြင်း၊ အစီရင်ခံစာ ၂ခု ဖတ်ကြားခြင်း၊ တံတားကြီးများဥပဒေကြမ်းကို တင်သွင်းခြင်းနှင့် အဆို ၁ ခု ဆွေးနွေးခြင်းတို့ကို ဆောင်ရွက်ကြသည်။

 

 

အစည်းအဝေးတွင် တနင်္သာရီတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၁၁)မှ ဒေါက်တာခင်မောင်ဝင်း၏ တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းမြို့နယ်တွင် ပါချန်မြစ်ကူး ထိုင်း-မြန်မာ ကုန်သွယ်ရေးတံတားတစ်စင်း တည်ဆောက်ပေးနိုင်ခြင်း ရှိ/မရှိ သိရှိလိုခြင်း မေးခွန်းနှင့်စပ်လျဉ်း၍ ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်လင်းက ကော့သောင်းမြို့နယ်အတွင်း ပါချန်မြစ်ကူး ထိုင်း-မြန်မာ ကုန်သွယ်ရေးတံတားကို တည်ဆောက်ရန်အတွက် ထိုင်းနှင့်မြန်မာ သဘောတူညီထားမှု မရှိသေးသည့်အတွက် လတ်တလောအခြေအနေတွင် တည်ဆောက်ရန် အစီအစဉ်မရှိသေးပါကြောင်း ဖြေကြားသည်။

 

ကချင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၁)မှ ဒေါက်တာခွန်ဝင်းသောင်း၏ အိမ်နီးချင်းနိုင်ငံမှ ငှက်ပျောသယ်ဆောင်သည့် ၂၂ ဘီးကားကြီးများ အခေါက်ရေရာ ထောင်မက အဆမတန် တန်ပိုဖြတ်သန်းသွားလာမှုကြောင့် ကချင်ပြည်နယ်၊ ဗန်းမော်၊ မြစ်ကြီးနား၊ ကန်ပိုင်တီးလမ်းမပေါ်ရှိ တံတားကြီးများ၏ အရည်အသွေး ကျဆင်းနေမှုအပေါ် စစ်ဆေးကြပ်မတ်ပြုပြင်ရန် လိုအပ်နေသည်များကို အချိန်မီပြုပြင်ရန်နှင့် စည်းကမ်းဖောက်ဖျက်မှုတို့ကို ထိရောက်စွာ တားဆီးအရေးယူပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ဒုတိယဝန်ကြီး ဦးကျော်လင်းက လမ်း/တံတားများ ပျက်စီးဆုံးရှုံးမှုများ မဖြစ်ပေါ်စေရေးအတွက် နှစ်စဉ်မိုးတွင်းကာလတွင် (၁၀)ဘီးနှင့်အထက် ယာဉ်ကြီးများ ဖြတ်သန်းသွားလာခွင့် ပိတ်ပင်တားဆီးရေး ဆောင်ရွက်ထားရန် ကချင်ပြည်နယ်အစိုးရအဖွဲ့သို့ ညှိနှိုင်းထားပါကြောင်း၊ ယခုနှစ် မိုးတွင်းကာလတွင်လည်း ၁၀ ဘီးနှင့် အထက်ယာဉ်ကြီးများ ဖြတ်သန်းသွားလာမှုမရှိစေရန် စစ်ဆေးတားမြစ်နိုင်ရေးအတွက် သတိပေးဆိုင်းဘုတ်များ စိုက်ထူတားဆီးသွားမည်ဖြစ်ပြီး တန်ပိုတားဆီးရေးအဖွဲ့များ စနစ်တကျဖွဲ့စည်း၍ စည်းကမ်းဖောက်ဖျက်မှုများ မရှိစေရေးအတွက် ကြပ်မတ်ဆောင်ရွက် သွားမည်ဖြစ်ပါကြောင်း ဖြေကြားသည်။

 

ချင်းပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၂)မှ ဦးမျိုးထပ် (ခ) ဆလိုင်းမျိုးထိုက်၏ ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်၊ ဆမီးမြို့၊ ရပ်ကွက်(၃)၊ ပီဝ - အလုံဘွေ - ဖောင်ပိုက်ကုန်း - ထလုံကုန်း - တပ်ချောင်းရွာကြား ကားလမ်းဖောက်လုပ်ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ဒုတိယဝန်ကြီးက ဆမီး - ပီဝလမ်းပိုင်း ၆ မိုင်နှင့် ပါထန်း - တပ်ချောင်းလမ်းပိုင်း ၈ မိုင် ၃ ဖာလုံတို့ကို မြေသားလမ်း ဖောက်လုပ်ရာတွင် လမ်းတာချဲ့ရန်အတွက် ၂၀၁၉ - ၂၀၂၀ ဘဏ္ဍာရေးနှစ် ချင်းပြည်နယ်အစိုးရအဖွဲ့ ရန်ပုံငွေတွင် လျာထားတင်ပြပေးသွားမည်ဖြစ်ပြီး ရန်ပုံငွေရရှိမှုအပေါ် မူတည်၍ ဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်း။

 

ပီဝ - အလုံဘွေ - ပါထန်းရွာလမ်းပိုင်း ၅ မိုင် ၅ ဖာလုံအား ချင်းပြည်နယ်အစိုးရအဖွဲ့မှ ပြည်ထောင်စုအစိုးရအဖွဲ့ရုံးသို့ ဆောက်လုပ်ရေးဝန်ကြီးဌာနပိုင်လမ်းအဖြစ် သိမ်းသွင်းနိုင်ရေးအတွက် စတင်တင်ပြသွားရမည်ဖြစ်ပြီး ခွင့်ပြုချက်ရရှိပါက ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန လမ်းစာရင်းတွင် သိမ်းသွင်း၍ လုပ်ထုံးလုပ်နည်းများနှင့်အညီ ရန်ပုံငွေများ တင်ပြတောင်းခံ ဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်း ဖြေကြားသည်။

 

ထို့နောက် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်းက အမျိုးသားလွှတ်တော်က အတည်ပြုပြီး ပေးပို့ထားသော မြန်မာနိုင်ငံ ခရီးသွားလာရေးလုပ်ငန်း ဥပဒေကြမ်းကို ပြည်သူ့လွှတ်တော်က ပြင်ဆင်ချက်ဖြင့် ပြန်လည်ပေးပို့လာခြင်းနှင့် စပ်လျဉ်း၍ ပြည်သူ့လွှတ်တော်၏ ပြင်ဆင်ချက်ကို အတည်ပြုရန် လွှတ်တော်၏ အဆုံးအဖြတ်ရယူရာ လွှတ်တော်က သဘောတူအတည်ပြုကြောင်း ကြေညာသည်။

 

ယင်းနောက် အမျိုးသားလွှတ်တော် ဥပဒေကြမ်းကော်မတီဝင် ဦးစိုင်းထွန်းအောင်က ပြည်သူ့လွှတ်တော်က ပြင်ဆင်ချက်ဖြင့် အတည်ပြုပြီး ပေးပို့လာသော မြန်မာ့ပုလဲလုပ်ငန်းဥပဒေကို ဒုတိယအကြိမ် ပြင်ဆင်သည့် ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ ဥပဒေကြမ်းကော်မတီ၏ အစီရင်ခံစာကို ပြန်လည်ဖတ်ကြားရှင်းလင်းသည်။

 

ဆက်လက်၍ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက ယင်းဥပဒေကြမ်းအား လွှတ်တော်၏အဆုံးအဖြတ် ရယူအတည်ပြုသည်။

 

ထို့နောက် ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်လင်းက တံတားကြီးများ ဥပဒေကြမ်းကို လွှတ်တော်သို့ တင်သွင်းသည်။

 

ယင်းနောက် အမျိုးသားလွှတ်တော် ဥပဒေကြမ်းကော်မတီဝင် ဗိုလ်မှူးချုပ် တင့်လွင်က အဆိုပါ ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ ဥပဒေကြမ်းကော်မတီ၏ အစီရင်ခံစာကို ဖတ်ကြားရှင်းလင်းသည်။

 

ထို့နောက် အမျိုးသားလွှတ်တော် ဥက္ကဋ္ဌက အဆိုပါ ဥပဒေကြမ်းကို ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များရှိပါက အမည်စာရင်း တင်သွင်းနိုင်ကြောင်း ကြေညာသည်။

 

ဆက်လက်၍ မွန်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၈)မှ ဦးမျိုးဝင်း၏ မြန်မာနိုင်ငံတွင် လယ်ယာဥယျာဉ်ခြံမြေများကို စည်းကမ်းမဲ့စွာ အကွက်ဖော် ရောင်းစားနေကြခြင်းတို့ကြောင့် စိုက်ပျိုးမြေများ အလျင်အမြန် လျော့နည်းလာခြင်း၊ မြို့ပေါ်နှင့် ကျေးရွာများတွင် နောင်တချိန် လိုအပ်ပါက အသုံးပြုနိုင်ရန် ချန်လှပ်ထားသော မြေလွတ်များ ပျောက်ဆုံးကုန်ခြင်း စသည်တို့နှင့် အဓိကသက်ဆိုင်သော စီမံခန့်ခွဲမှုကော်မတီ၊ စည်ပင်သာယာရေး ကော်မတီနှင့် လယ်ယာမြေစီမံခန့်ခွဲမှု ကော်မတီအဆင့်ဆင့် (ကော်သုံးကော်)တို့၏ လျော့ရဲပြီး အဂတိတရားမကင်းသည့် လုပ်ဆောင်ချက်များကို ထိရောက်စွာ ထိန်းညှိပေးနိုင်မည့် အစီအမံတစ်ခုကို အလျင်အမြန် ရေးဆွဲပြဋ္ဌာန်း အကောင်အထည်ဖော်ပေးပါရန် ပြည်ထောင်စုအစိုးရအား တိုက်တွန်းကြောင်းအဆိုကို လွှတ်တော်ကိုယ်စားလှယ်များက ဆွေးနွေးကြသည်။

 

ရခိုင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၁)မှ ဒေါ်ထုမေက လယ်ယာမြေနှင့်အခြား မြေများသိမ်းဆည်းခံရသည့် ပြဿနာသည် လက်ရှိတွင်ကြိုးပမ်း ဖြေရှင်းနေရဆဲဖြစ်ပါကြောင်း၊ မြေနေရာသိမ်းဆည်းမှု ပြဿနာအပြင် နောက်ဆက်တွဲ ပေါ်ပေါက်လာသည်မှာ စိုက်ပျိုးရေးဆိုင်ရာမြေနှင့် အခြားမြေအမျိုးမျိုးကို ဥပဒေနှင့်မညီဘဲ ပြောင်းလဲအသုံးချလာခြင်း ဖြစ်ပါကြောင်း၊ တစ်ချိန်တွင် အဆိုပါပြဿနာသည် လယ်ယာမြေနှင့်အခြား မြေများ သိမ်းဆည်းခံရသည့် ပြဿနာကဲ့သို့ ကြီးထွားလာနိုင်ပါကြောင်း၊ အထူးသဖြင့် စိုက်ပျိုးရေးကို မှီခိုနေရသည့် နိုင်ငံအနေဖြင့် အဆိုပါ ပြဿနာ၏ အကျိုးဆက်ကို ရင်ဆိုင်လာရမည် ဖြစ်ပါကြောင်း။

 

လယ်ယာမြေ၊ ခြံမြေ၊ အခြားမြေများကို ဥပဒေနှင့်မညီဘဲ အနာဂတ်မြေအသုံးချမှုဆိုင်ရာ လိုအပ်ချက်များ၊ သက်ဆိုင်ရာ ဒေသဖွံ့ဖြိုးမှုနှင့် အများပြည်သူများ၏ ဆန္ဒကို ထည့်သွင်းစဉ်းစားခြင်းမပြုဘဲ ဆောင်ရွက်ရန်မသင့်ပါကြောင်း၊ ထို့ကြောင့် မြေယာ စီမံခန့်ခွဲမှုဆိုင်ရာ ပိုမိုအားကောင်းလာစေရန်အတွက် သက်ဆိုင်ရာ မြေယာနှင့် ပတ်သက်၍ ထိန်းသိမ်းဆောင်ရွက်နေသည့် ပုဂ္ဂိုလ်များအနေဖြင့် အစီအမံများကို ဆောင်ရွက်သည့်အခါတွင် ဥပဒေနှင့်အညီ ပြင်ဆင်သင့်ပြီး ပြဋ္ဌာန်းချက်များနှင့်အညီ လိုက်နာဆောင်ရွက်သင့်ပါကြောင်း၊ အဆိုရှင် တင်ပြခဲ့သည့်အတိုင်း လယ်ယာမြေနှင့် ပတ်သက်သည့် အစီအမံများ၊ နောင်အနာဂတ်အတွက် သေချာစနစ်ကျသည့် မူဝါဒများ ရေးဆွဲအကောင်အထည်ဖော်သင့်ပါကြောင်း ဆွေးနွေးသည်။

 

မွန်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၅)မှ ဒေါ်မြတ်သီတာထွန်းက ပြည်သူ့ရေးရာ စီမံခန့်ခွဲမှုလုပ်ငန်းများတွင် ထိရောက်စွာ ပြောင်းလဲစေလိုပါက အဆိုတွင်ပါဝင်သည့် အဆင့်ဆင့်သော ကော်မတီများတွင် ဖွဲ့စည်းပုံနှင့် တာဝန်အပ်နှင်းမှု ပုံစံများကို ပြောင်းလဲရမည် ဖြစ်ပါကြောင်း၊ မိမိမြို့နယ် မိမိဒေသအကျိုးကို အမှန်တကယ်လိုလားစွာ ဆောင်ရွက်မည့် ဒေသခံပြည်သူအရေအတွက် ပိုမိုပါဝင်သည့် ဖွဲ့စည်းပုံနှင့် ခေါင်းဆောင်မှု တာဝန်ပေးအပ်မှုမျိုးကို ပြောင်းလဲသင့်သည်ဟု အကြံပြုလိုပါကြောင်း၊ တာဝန်ရှိသူများ၏ ဥပဒေနှင့်မညီသည့် လုပ်ရပ်များအပေါ်တွင် အရေးယူရန် လိုအပ်နေပါကြောင်း၊ အကျင့်ပျက်ခြစားမှု အမြင့်ဆုံးထိပ်ပိုင်းနိုင်ငံများတွင် ပါဝင်နေသည့် မိမိတို့နိုင်ငံသည် အရေးယူမှုနှင့် ကြပ်မတ်မှုများသည် အနိမ့်ဆုံးအဆင့်တွင် ရှိနေပါကြောင်း။

 

ယခုအချိန်တွင် မိမိတို့နိုင်ငံ၏ သက်ဆိုင်ရာဝန်ကြီးဌာနအသီးသီးကို တာဝန်ယူ တာဝန်ခံကြရသည့် ပုဂ္ဂိုလ်များသည် ဘတ်ဂျက်များကို စီမံခန့်ခွဲခြင်းအားဖြင့် ပြည်သူများ၏ အခြေခံလိုအပ်ချက် ဖွံ့ဖြိုးတိုးတက်ရေးကို ဆောင်ရွက်ရန် တာဝန်ရှိသကဲ့သို့ တာဝန်ယူထားကြသည့် ဝန်ကြီးဌာနများအောက်တွင် နှစ်ပေါင်းများစွာ ခေါက်ရိုးကျိုးနေမှုများ၊ ဥပဒေလက်တစ်လုံးခြား လုပ်နေမှုများနှင့် အကျင့်ပျက်ခြစားမှုများကိုပါ ထိထိရောက်ရောက် ကြပ်မတ်ကိုင်တွယ်စီမံခြင်းအားဖြင့် ပြုပြင်ပြောင်းလဲမှုကိုပါ တစ်ပြိုင်တည်း တာဝန်ယူလုပ်ဆောင်ရမည်ကို အကြံပြုလိုပါကြောင်း၊ လွှတ်တော်တွင် ဆွေးနွေးနေသည့် အဆိုကိုလည်း အစိုးရအဖွဲ့ဝန်ကြီးများအနေဖြင့် ခေါင်းစဉ်လောက်သာမကြည့်ဘဲ ကိုယ်စားလှယ်များတစ်ဦးချင်း ဆွေးနွေးနေသည့် အကြောင်းအရာများကို သေချာလေ့လာ၍ လေးလေးနက်နက် သုံးသပ်ဆောင်ရွက်စေလိုပါကြောင်း ဆွေးနွေးသည်။

 

ယင်းအဆိုကို ပဲခူးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၆)မှ ဦးမင်းဦး၊ မွန်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၁)မှ ဦးလှမြင့် (ခ) ဦးလှမြင့်သန်း၊ ဧရာဝတီတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၈)မှ ဒေါ်အိအိပြုံးနှင့် ရန်ကုန်တိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၁၁)မှ ဦးအေးဗိုလ်တို့က ဆက်လက်ဆွေးနွေးကြသည်။

 

ဒုတိယအကြိမ် အမျိုးသားလွှတ်တော် နဝမ ပုံမှန်အစည်းအဝေး ၁၂ ရက်မြောက်နေ့ကို သြဂုတ် ၂၃ ရက်တွင် ဆက်လက်ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

 

အောင်ရဲသွင်