ဒုတိယအကြိမ် အမျိုးသားလွှတ်တော် နဝမ ပုံမှန်အစည်းအဝေး ၁၆ ရက် မြောက် နေ့ကျင်းပ

နေပြည်တော်  ၇  စက်တင်ဘာ 

 

ဒုတိယအကြိမ် အမျိုးသားလွှတ်တော် နဝမပုံမှန်အစည်းအဝေး ၁၆ ရက်မြောက်နေ့ကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ အမျိုးသားလွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပရာ ကြယ်ပွင့်ပြ မေးခွန်းများ မေးမြန်းခြင်းနှင့် ဖြေကြားခြင်း၊ ၂၀၁၇ ခုနှစ်၊ မြေသိမ်းဥပဒေကြမ်းနှင့် စပ်လျဉ်း၍  ဥပဒေကြမ်းကော်မတီ၏ အစီရင်ခံစာကို ဖတ်ကြား ၍လွှတ်တော်၏ အဆုံးအဖြတ်ရယူခြင်း၊ ဥပဒေကြမ်း ၁ခု ဆွေးနွေးခြင်းတို့ကို ဆောင် ရွက်ကြသည်။

 

အစည်းအဝေးတွင် ရှမ်းပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၂)မှ ဦးစိုင်းစံအောင် ၏ ရှမ်းပြည်နယ်၊ “ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မိုင်းမောမြို့နယ်တွင် ၁၆ ခုတင်ဆံ့ ပြည်သူ့ဆေးရုံ ဆောက်လုပ်ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး က မိုင်းမောဒေသတွင် ပြည်သူ့ဆေးရုံ ဆောက်လုပ်ရေးအတွက် မြေနေရာ ၁ ဒသမ ၂ ဧက လျာထားပါကြောင်း၊ ပြည်သူ့ဆေးရုံတည်ဆောက်မည့် အခြေခံပုံစံနှင့် ဆေးရုံဆောက် လုပ်ခွင့်အား “ ဝ” ဒေသအာဏာပိုင်များနှင့် ညှိနှိုင်းထားပါကြောင်း၊ ညှိနှိုင်းဆောင်ရွက်မှု ပြီးစီးပါက နှစ်ရှည်စီမံကိန်းတွင် ထည့်သွင်းပေးမည် ဖြစ်ပါကြောင်း ဖြေကြားသည်။

 

မွန်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၈)မှ ဦးမျိုးဝင်း ၏ မွန်ပြည်နယ်၊ ရေးမြို့ရှိ ပြေးခုန်ပစ် အားကစားကွင်းနှင့် ဘောလုံးကွင်းအား ရာသီမရွေး အသုံးပြုနိုင်သော အားကစား ကွင်းတစ်ခုအဖြစ် အဆင့်မြှင့်တင်ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ရေးမြို့နယ် စီမံကိန်းရေးဆွဲရေးနှင့် အကောင်အထည်ဖော်ရေးကော်မတီ က အတည်ပြုထားသည့် ရေးမြို့နယ် အားကစား ကွင်း အဆင့်မြှင့်တင်ခြင်း လုပ်ငန်းဆောင်ရွက်ရန်အတွက် ၂၀၁၈ - ၂၀၁၉ ဘဏ္ဍာ ရေးနှစ်တွင် မွန်ပြည်နယ်အစိုးရအဖွဲ့ ခွင့်ပြုရန်ပုံငွေကျပ်သန်း ၁၁၀ လျာထားပြီး ဖြစ်ပါကြောင်း၊ Syntheticပြေးလမ်းအနေဖြင့် လတ်တလောတွင် ငွေကျပ် ၇၄၅ သန်း ကုန်ကျမည်ဖြစ်သဖြင့် လုပ်ဆောင်၍ မရသေးပါကြောင်း ဖြေကြားသည်။

 

ရခိုင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၉)မှ ဦးမောင်ကျော်ဇံ ၏ ရခိုင်ပြည်နယ်၊ ဘူးသီး တောင်မြို့နယ်၊ အနောက်တောင်ဘက်၊ ဒုပြင်ရှည်ကျေးရွာအုပ်စု၊ ပအိုးသည် မကျေးရွာ အုပ်စု၊ ဒုအိုးသည်မကျေးရွာအုပ်စု၊ ပြိုင်းတောင်ကျေးရွာအုပ်စု၊ ငလှမ်းပြင် ကျေးရွာအုပ်စု၊ ပေါက်တာကျေးရွာအုပ်စု၊ ကျွဲရိုင်းခတ်ကျေးရွာအုပ်စုတို့ရှိ ပြည်သူများကို ထိရောက်သော ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးရန် ကျွဲရိုင်းခတ်ကျေးရွာအုပ်စု၊ စက်ခေါ် ကျေးရွာရှိ ကျေးလက်ကျန်းမာရေးဌာနခွဲကို ကျေးလက်ကျန်းမာရေးဌာနအဖြစ် အဆင့် တိုးမြှင့်ဖွင့်လှစ်ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ ပြည်ထောင်စု ဝန်ကြီး ဒေါက်တာမြင့်ထွေးက စက်ခေါ်ကျေးလက်ကျန်းမာရေးဌာနခွဲကို ကျေးလက်ကျန်းမာ ရေးဌာနအဖြစ် ၂၀၁၉ - ၂၀၂၀ဘဏ္ဍာရေးနှစ်တွင် ထည့်သွင်း၍ အမျိုးသား ကျန်းမာရေး စီမံကိန်းနှင့် ညှိနှိုင်းပြီး စီမံကိန်းနှင့် ဖွဲ့စည်းပုံစိစစ်ရေးအဖွဲ့သို့လည်းကောင်း၊ စီမံကိန်း နှင့်ဘဏ္ဍာရေးဝန်ကြီးဌာန (ရသုံးမှန်းခြေဦးစီးဌာန) သို့လည်းကောင်း သဘောထား မှတ်ချက်တောင်းခံ၍ ပြန်ကြားချက်ရမည်ဆိုပါက ပြည်ထောင်စု အစိုးရအဖွဲ့အစည်း အဝေးသို့ ဆက်လက်တင်ပြ၍ ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း ဖြေကြားသည်။

 

အလားတူ ချင်းပြည်နယ် မဲဆန္ဒနယ်အမှတ်(၄)မှ ဦးဇုန်လှယ်ထန်းနှင့် ချင်းပြည် နယ်မဲဆန္ဒနယ် အမှတ် (၁၂) မှ ဦးမျိုးထပ် (ခ) ဆလိုင်းမျိုးထိုက် တို့၏မေးခွန်းများနှင့် စပ်လျဉ်း၍ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး က ပြန်လည်ရှင်းလင်းဖြေကြားခဲ့ သည်။

 

ဆက်လက်၍ အမျိုးသားလွှတ်တော် ဥပဒေကြမ်းကော်မတီဝင် ဦးသိန်းလွင် က ၂၀၁၇ ခုနှစ်၊ မြေသိမ်းဥပဒေကြမ်းနှင့် စပ်လျဉ်း၍ ဥပဒေကြမ်းကော်မတီ၏ အစီရင်ခံစာ ကို ပြန်လည် ဖတ်ကြား ရှင်းလင်းသည်။ထို့နောက် အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်းက အဆိုပါ ဥပဒေကြမ်းကို တစ်ပိုဒ်ချင်းစီအလိုက် လွှတ်တော်၏ အဆုံးအဖြတ် ရယူအတည်ပြုသည်။

 

ယင်းနောက် ရန်ကုန်တိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၅) (တောင်သူလယ်သမား ရေးရာကော်မတီ ဥက္ကဋ္ဌ) ဦးဘမျိုးသိန်းက အဆိုပါ ဥပဒေကြမ်းကို အတည်ပြုရန် အဆို တင်သွင်းရာ စစ်ကိုင်းတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၂)မှ ဦးအောင်မျိုးက ထောက်ခံသည်။

 

ထို့နောက် အမျိုးသားလွှတ်တော် ဥက္ကဋ္ဌက အဆိုပါ ဥပဒေကြမ်းကို အတည်ပြုရန် လွှတ်တော်၏ အဆုံးအဖြတ်ရယူရာ လွှတ်တော်က သဘောတူ အတည်ပြုကြောင်း ကြေညာသည်။ဆက်လက်၍ ပဲခူးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၁၂)မှ ဦးအောင်သိန်း တင်သွင်း သည့် ရာဇသတ်ကြီးကို ဒုတိယအကြိမ် ပြင်ဆင်သည့် ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ လွှတ်တော်ကိုယ်စားလှယ်များက ဆွေးနွေးကြသည်။

 

တပ်မတော်သားကိုယ်စားလှယ် ဒုတိယဗိုလ်မှူးကြီး အောင်ထွန်းလင်းက ကလေး သူငယ်တိုင်းသည် ဖွံ့ဖြိုးတိုးတက်ရေး၊ ကာကွယ်စောင့်ရှောက်မှု ရရှိရေးနှင့် လူ့အဖွဲ့ အစည်းတွင် ပါဝင်ဆက်ဆံခွင့်ရရှိရေး စသည့်အခွင့်အရေးများကို နိုင်ငံတော်မှ အသိ အမှတ်ပြုထားပါကြောင်း၊ အသက်ငယ်ရွယ်သည့် မိန်းကလေးများကို မုဒိမ်းပြုကျင့် မှုကြောင့် မိဘ၊ ဆရာသမားများ၏ မျှော်လင့်ချက်၊ လူ့အသိုင်းအဝိုင်းက စောင့်ရှောက်ခဲ့ သည့် ကလေးသူငယ်များ၏ လှပသည့် အနာဂတ်သည် ရိုက်ချိုးဖျက်ဆီးခံရပြီး အပြစ်မဲ့သည့် မိန်းကလေးများသည် စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှု၊ ဂုဏ်သိက္ခာထိပါး ခံရမှုများကို ငယ်ရွယ်စဉ်ကတည်းက ခံစားရပါကြောင်း။

 

ထို့ကြောင့် ရာဇသတ်ကြီး ပုဒ်မ ၁၀ဝ တတိယအပိုဒ်တွင် မကာကွယ်မခုခံလျှင် မုဒိမ်းပြုကျင့်ရန် အကြံဖြင့် ကျူးလွန်သည့် လက်ရောက်မှုကို လူကိုသေစေသည်အထိ ကာကွယ်ခုခံခွင့် ရှိသည်ဟု ပြဋ္ဌာန်းထားသည်မှာ ကြီးလေးသည့် ပြစ်မှုဖြစ်ပါကြောင်း၊ အသက်ငယ်ရွယ်သည့် မိန်းကလေးများကို ငယ်ရွယ်စဉ်ကတည်းက စိတ်အနာတရ ဖြစ်စေခြင်းတို့ကြောင့် ပြစ်မှုကျူးလွန်သူကို ထိရောက်ဟန့်တားသော ပြစ်ဒဏ်ကို ချမှတ်သင့်ပါကြောင်း၊ ၁၂ နှစ်အောက်မိန်းကလေးကို မုဒိမ်းပြုကျင့်မှုသည် လူမဆန် သည့် ပြုကျင့်မှုဖြစ်သည့် အတွက် ပြစ်ဒဏ်ချမှတ်ရာတွင် သေဒဏ်ဖြစ်စေ၊ ထောင်ဒဏ် တစ်သက်ဖြစ်စေ၊ ထောင်ဒဏ်နှစ် ၂၀ အထိဖြစ်စေ ချမှတ်နိုင်သည်ဟု ပြင်ဆင် သင့်ပါကြောင်း၊ ငယ်ရွယ်သည့် မိန်းကလေးငယ်များကို ဥပဒေနှင့်အညီ ထိရောက်စွာ အကာ အကွယ်ပေးနိုင်ပါရန် တင်ပြအပ်ပါကြောင်း ဆွေးနွေးသည်။

 

ရန်ကုန်တိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၂)မှ ဦးဌေးဦး က မုဒိမ်းမှုဆိုသည်မှာ လူအချင်းချင်း နိုင်ထက်စီးနင်း ပြုလုပ်ရုံတင်မက လိင်ပိုင်းဆိုင်ရာ စော်ကားခြင်းဖြစ် သည့် အတွက် ပြစ်မှုကျူးလွန်ခြင်း သေချာပါက သေဒဏ်အထိ အပြစ်ပေးသင့် သော်လည်း လူမမြင်သည့် နေရာတွင် ကျူးလွန်တတ်သည့် ပြစ်မှုမျိုး ဖြစ်သည့်အတွက် သက်သေခိုင်လုံရန် များစွာခက်ခဲပါကြောင်း၊ ထို့ကြောင့် ဥပဒေပြဋ္ဌာန်းရာတွင် သတိပြု ရန် လိုအပ်ပါကြောင်း ဆွေးနွေးသည်။

 

ယင်းဥပဒေကြမ်းနှင့် စပ်လျဉ်း၍ ဧရာဝတီတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၃)မှ ဦးဆန်းမြင့်၊ ရန်ကုန်တိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ် (၁၀) မှ နော်လှလှစိုး၊ စစ်ကိုင်း တိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၄)မှ ဦးလှဦး နှင့် တနင်္သာရီတိုင်းဒေသကြီး မဲဆန္ဒ နယ်အမှတ်(၁၀)မှ ဦးစိုးသိန်း (ခ) ဦးမောင်စိုးတို့က ဆက်လက်ဆွေးနွေးကြသည်။ဒုတိယအကြိမ် အမျိုးသားလွှတ်တော် နဝမပုံမှန်အစည်းအဝေး ၁၇ ရက် မြောက်နေ့ကို စက်တင်ဘာ ၁၂ ရက်တွင် ဆက်လက် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

 

အောင်ရဲသွင်