ဒုတိယအကြိမ် အမျိုးသားလွှတ်တော် နဝမပုံမှန်အစည်းအဝေး ၁၅ ရက်မြောက်နေ့ကျင်းပ

နေပြည်တော်  ၅  စက်တင်ဘာ
 
 
ဒုတိယအကြိမ် အမျိုးသားလွှတ်တော် နဝမပုံမှန်အစည်းအဝေး ၁၅ ရက်မြောက်နေ့ကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ အမျိုးသားလွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပရာ ကြယ်ပွင့်ပြ မေးခွန်းများ မေးမြန်းခြင်းနှင့် ဖြေကြားခြင်း၊ နယ်နိမိတ် တိုင်းတာပိုင်းခြား သတ်မှတ်ရေး ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ ဆွေးနွေးခြင်းတို့ကို ဆောင်ရွက်ကြသည်။
 
 
အစည်းအဝေးတွင် တနင်္သာရီတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၁၁)မှ ဒေါက်တာခင်မောင်ဝင်း၏ လူနည်းစုနှင့် မျိုးတုန်း ပျောက်ကွယ်လုနီးဖြစ်သော ဆလုံ (ခ) မော်ကင်းလူမျိုးများနှင့် ဒေသခံပြည်သူများ နေထိုင်လျက်ရှိသည့် ကော့သောင်းခရိုင်အတွင်းရှိ မကျုံဂလက်၊ ညောင်ဝိ၊ ဂျာလန်း၊ ဂျာအုံနှင့် လငန်းကျွန်းများတွင် ဒေသခံ ပြည်သူများ အခြေပြုခရီးသွားလုပ်ငန်း (CBT) များ ဖော်ဆောင်ပေးရန်နှင့် ထိုကျွန်းများပေါ်ရှိ ရွာမြေများ၊ ပင်လယ်ကမ်းခြေ၊ ပင်လယ်အော်များကို ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းရှင် ကုမ္ပဏီများ၏ လက်ဝါးကြီးအုပ် သိမ်းပိုက်မှုများမှ ကာကွယ်စောင့်ရှောက်ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းမောင်က တနင်္သာရီတိုင်းဒေသကြီးအတွင်း ရပ်ရွာလူထုအခြေပြု ခရီးသွားလုပ်ငန်းများ ဖော်ဆောင်နိုင်ရေးအတွက် ထားဝယ်ခရိုင်တွင် လောင်းလုံမြို့နယ်၊ စမ်းလှမ်းကျေးရွာအား Pilot Project အဖြစ် စတင်အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း၊ မြိတ်ခရိုင်တွင် ကျွန်းစုမြို့နယ် ဒုံးညောင်မှိုင်းကျေးရွာနှင့် ကော့သောင်းခရိုင် ကော့သောင်းမြို့နယ် မကြုံဂလက်ကျေးရွာတို့တွင် အစဉ်လိုက် ရပ်ရွာလူထုအခြေပြု ခရီးသွားလုပ်ငန်းများအား အကောင်အထည်ဖော် ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်းနှင့် ကျွန်းများပေါ်တွင် ကုမ္ပဏီများမှ ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းများ ဆောင်ရွက်နေမှုသည် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင် ခွင့်ပြုချက်၊ မြေငှားရမ်း စာချုပ်နှင့် BOT စာချုပ်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာနတို့၏ ခွင့်ပြုမိန့်များဖြင့် စီမံဆောင်ရွက်လျက် ရှိနေပါသဖြင့် လုပ်ငန်းရှင် ကုမ္ပဏီများ၏ လက်ဝါးကြီးအုပ် သိမ်းပိုက်မှုများ မဖြစ်ပေါ်စေရေး ကြပ်မတ်ဆောင်ရွက်လျက် ရှိပါကြောင်း ဖြေကြားသည်။
 
 
ရှမ်းပြည်နယ် မဲဆန္ဒနယ်အမှတ်(၄)မှ ဦးစိုင်းအုန်းကျော်၏ ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲခရိုင်အတွင်းရှိ နောင်ချိုမြို့ရှောင်လမ်းစီမံကိန်း သို့မဟုတ် ဂုတ်တွင်းတံတားသစ် ချဉ်းကပ်လမ်း စီမံကိန်းမေးခွန်းနှင့် စပ်လျဉ်း၍ ဒုတိယဝန်ကြီး ဦးကျော်လင်းက နောင်ချို မြို့ရှောင်လမ်းနှင့် ဂုတ်တွင်းတံတားသစ် လက်ရှိတည်ဆောက်မည့် နေရာသည် ကမ္ဘာကျော် ဂုတ်ထိပ်ရထား တံတားကြီးမှ ၆၉၆ မီတာ ကွာဝေးသောနေရာတွင် တည်ဆောက်မည်ဖြစ်ပြီး တံတားပြီးသည့် အချိန်တွင် ကမ္ဘာကျော် ဂုတ်ထိပ်တံတားကိုလည်း ယှဉ်တွဲပြီး မြင်တွေ့ရမည် ဖြစ်သည့်အတွက် ကမ္ဘာလှည့် ခရီးသွားများကိုလည်း ဆွဲဆောင်နိုင်မည့် စီမံကိန်းတစ်ခု ဖြစ်ပါကြောင်း၊ တံတားတည်ဆောက်မည့် ပုံစံသည် မြန်မာနိုင်ငံတွင် တစ်ကြိမ်တစ်ခါမှ တည်ဆောက်ခြင်း မရှိသေးသည့် Balance Cantilever Method ကို Cable Stayed နှင့် ပေါင်းစပ်တည်ဆောက်မည် ဖြစ်ပါကြောင်း။
 
 
တံတားတိုင်၏ အမြင့်သည် ပျှမ်းမျှ ပေ ၆၀ဝ ခန့်မြင့်မည် ဖြစ်သည့်အတွက် မြန်မာနိုင်ငံတွင် အမြင့်ဆုံးတံတားဖြစ်လာမည် ဖြစ်ပါကြောင်း၊ ယခုဆောင်ရွက်မည့် လမ်းနှင့် တံတား တည်ဆောက်ခြင်း လုပ်ငန်းစီမံကိန်းကို နိုင်ငံတော်ပိုင် ရန်ပုံငွေဖြင့် ဆောင်ရွက်မည် မဟုတ်ဘဲ Oriental Highway Co.,Ltd ပိုင် ငွေကြေးဖြင့် စိုက်ထုတ်ဆောင်ရွက်သွားမည်ဖြစ်ပြီး ခန့်မှန်းခြေ မြန်မာငွေကျပ် ၄၀ ဘီလီယံနှင့် အမေရိကန်ဒေါ်လာ ၁၂၀ ဒသမ ၇၇ သန်း ငွေနှစ်ရပ်ပေါင်း၍ သုံးစွဲကုန်ကျမည် ဖြစ်ပါကြောင်း။
 
 
နောင်ချို မြို့ရှောင်လမ်းနှင့် ဂုတ်တွင်းတံတားသစ် တည်ဆောက်ခြင်း စီမံကိန်းဧရိယာတွင် ကျောက်မဲမြို့နယ်အတွင်း စိုက်ပျိုးမြေဧရိယာ စုစုပေါင်း ၁၆၉ ဒသမ ၉၉ ဧကနှင့် နောင်ချိုမြို့နယ်အတွင်း စိုက်ပျိုးမြေနှင့် သစ်တောမြေ စုစုပေါင်း ၃၂၉ ဒသမ ၇၄ ဧကတို့ ပါဝင်ပြီး မြေဧရိယာ စုစုပေါင်းမှာ ၄၉၉ ဒသမ ၇၃ ဧက ဖြစ်ပါကြောင်း၊ အဆိုပါ မြေဧရိယာ ၄၉၉ ဒသမ ၇၃ ဧကအနက် ၃၆ ဒသမ ၃၅ ဧကသည် အစိုးရအဖွဲ့အစည်းပိုင် ဖြစ်သည့်အတွက် လျော်ကြေးပေးချေရန် မလိုအပ်ပါသဖြင့် ကျန်ရှိသော လျော်ကြေးပေးချေရန် လိုအပ်သည့် တောင်သူ ၂၈၃ ဦး၏ မြေ ၄၆၃ ဒသမ ၃၈ ဧကအတွက် ၂၀၁၇ - ၂၀၁၈ ဘဏ္ဍာရေးနှစ်  ငွေလုံးငွေရင်း (မူလနှင့် ဖြည့်စွက်ရန်ပုံငွေ) စုစုပေါင်း ၆ ဒသမ ၁၇၃ ဘီလီယံ ရရှိခဲ့ပြီး တံတားဦးစီးဌာနမှ ပေးလျော်ခြင်းများ ဆောင်ရွက်လျက် ရှိပါကြောင်း။
 
 
လျော်ကြေးငွေပေးချေရာတွင် သဘောတူခဲ့သည့် တောင်သူ ၂၂၁ ဦး၏ မြေ ၃၄၄ ဒသမ ၂ ဧကအနက် တောင်သူ ၂၁၄ ဦး၏ မြေ ၃၃၃ ဒသမ ၈၁ ဧကအတွက် ငွေကျပ် ၄ ဒသမ ၄၁၇ ဘီလီယံ ပေးလျော်ထားပြီး ဖြစ်ပါသဖြင့် လက်ရှိအချိန်တွင် ပေးလျော်ထားရှိမှုမှာ ၇၃ ရာခိုင်နှုန်း ဖြစ်ပါကြောင်း၊ သဘောတူ လက်ခံခြင်းမရှိသည့်  တောင်သူ ၆၂ ဦး၏ မြေ ၁၁၉ ဒသမ ၁၈ ဧကအား သတ်မှတ် လျော်ကြေးပေးချေနိုင်ရေးအတွက် ဒေသခံ လွှတ်တော်ကိုယ်စားလှယ်များမှ တိုက်တွန်းညှိနှိုင်း ဆောင်ရွက်ပေးနိုင်ပါရန် မေတ္တာရပ်ခံအပ်ပါကြောင်း။
 
 
လျော်ကြေးငွေ တောင်းခံခြင်း မရှိသေးသည့် တောင်သူ ၆၂ ဦးမှ လျော်ကြေး လက်ခံပြီးစီးသွားပါက စီမံကိန်းလုပ်ငန်းများကို ချက်ချင်းစတင်နိုင်မည် ဖြစ်ပါကြောင်း၊ လျော်ကြေးပေးချေရန် ညှိနှိုင်းဆောင်ရွက်၍ မရပါက ရှမ်းပြည်နယ် အစိုးရအဖွဲ့မှ ၁၈၉၄ ခုနှစ် မြေသိမ်း အက်ဥပဒေနှင့်အညီ ဆက်လက်ဆောင်ရွက်သွားခွင့် ပြုနိုင်ရေးအတွက် ပြည်ထောင်စု အစိုးရအဖွဲ့သို့ တင်ပြထားပြီး ခွင့်ပြုမိန့် ရရှိထားသည့်အတွက် လျော်ကြေးမယူပါကလည်း နိုင်ငံတော်စီမံကိန်းဖြစ်သည့်အတွက် ၁၈၉၄  ခုနှစ် ဥပဒေဖြင့် ဆက်လက်ဆောင်ရွက်သွားရမည့် စီမံကိန်းဖြစ်ပါကြောင်း။
 
 
တံတားတည်ဆောက်ရေး စီမံကိန်းဧရိယာတွင် ပါဝင်သော တောင်သူ ၂၂၁ ဦး အားမြေယာ လျော်ကြေးငွေ ၄ ဒသမ ၄၁၇ ဘီလီယံ ပေးလျော်ပြီး ဖြစ်ပါကြောင်းနှင့် ကျန်ရှိသော တောင်သူ ၆၂ ဦးအား မြေယာလျော်ကြေးငွေ လက်ခံနိုင်ရေးအတွက် ဖျောင်းဖျပေးနိုင်ပါရန် ဒေသခံ လွှတ်တော်ကိုယ်စားလှယ်များအား အကူအညီတောင်းခံအပ်ပါကြောင်း ဖြေကြားသည်။
 
 
အလားတူ ချင်းပြည်နယ် မဲဆန္ဒနယ်အမှတ်(၄)မှ ဦးဇုန်လှယ်ထန်းနှင့် ကချင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၄)မှ ဦးနောင်နဂျာတန်တို့၏ မေးခွန်းများနှင့် စပ်လျဉ်း၍ ဒုတိယဝန်ကြီး  ဦးကျော်လင်းက ပြန်လည်ရှင်းလင်း ဖြေကြားခဲ့သည်။
 
 
ထို့နောက် နယ်နိမိတ်တိုင်းတာပိုင်းခြားသတ်မှတ်ရေး ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ လွှတ်တော်ကိုယ်စားလှယ်များက ဆွေးနွေးကြသည်။
 
 
ကချင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၁)မှ ဒေါက်တာခွန်ဝင်းသောင်းက နယ်နိမိတ်တိုင်းတာ ပိုင်းခြားသတ်မှတ်ရေး ဥပဒေအစား မြေနယ်နိမိတ်တိုင်းတာပိုင်းခြားသတ်မှတ်ရေး ဥပဒေဖြင့် အစားထိုး ပြင်ဆင်လိုပါကြောင်း၊ နယ်နိမိတ်သတ်မှတ်ရေး အရာရှိဆိုသည်မှာ ဤဥပဒေပါ နယ်နိမိတ် သတ်မှတ်ရေး အရာရှိ၏ လုပ်ငန်းတာဝန်များကို ဆောင်ရွက်ရန် တာဝန်ပေးအပ်ခြင်း ခံရသူဟူ၍ အစားထိုးမည် ဖြစ်ပါကြောင်း၊ ကြော်ငြာစာနေရာတွင် အကြောင်းကြားစာဖြင့် ပြင်ဆင်ဖြည့်စွက် လိုပါကြောင်း၊ ထို့ပြင် အမျိုးသားလွှတ်တော် ဥပဒေကြမ်းကော်မတီ၏ ပြင်ဆင်ချက်ကို မြို့နယ်၊ မြို့၊ ရပ်ကွက်၊ ကျေးရွာအုပ်စုနှင့် ကျေးရွာများအတွင်းရှိ မြေများ၏ နယ်နိမိတ်များဟူ၍ ထပ်မံဖြည့်စွက် လိုပါကြောင်း ဆွေးနွေးသည်။
 
 
မကွေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၈)မှ ဦးဝင်းမြင့်က တိုင်းတာခြင်း၊ သတ်မှတ်ခြင်း၊ ပြင်ဆင်ခြင်းဆိုသည့် စာသားနောက်တွင် ပြင်ဆင်မှုကို လိုက်နာစေခြင်း ဆိုသည့် စကားရပ်နှင့် ပိုင်ဆိုင်မှု (သို့မဟုတ်) လက်ရှိဖြစ်ခြင်းနှင့် စပ်လျဉ်းသည့် အငြင်းပွားမှုကို လက်ခံခြင်း၊ ဖြေရှင်းပေးခြင်း ဆိုသည့် စကားရပ်ကို ဖြည့်စွက်လိုပါကြောင်း၊ အဆိုပါ စကားရပ်နှစ်ရပ်ကို ဖြည့်စွက်လိုက်ပါက နိုင်ငံတော်အတွင်းရှိ တည်ဆဲဥပဒေများနှင့်အညီ သတ်မှတ်ထားသည့် ပြည်ထောင်စုနယ်မြေ၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်၊ ခရိုင်၊ မြို့နယ်၊ မြို့၊ ရပ်ကွက်၊ ကျေးရွာအုပ်စု၊ ကျေးရွာများ အတွင်းရှိ ကွင်းအကွက်များ၏ မြေနယ်နိမိတ်များ တိုင်းတာခြင်း၊ သတ်မှတ်ခြင်း၊ ပြင်ဆင်ခြင်း၊ ပြင်ဆင်မှုကို လိုက်နာစေခြင်း၊ ပိုင်ဆိုင်မှု (သို့မဟုတ်) လက်ရှိဖြစ်ခြင်းနှင့် စပ်လျဉ်းသည့် အငြင်းပွားမှုကို လက်ခံခြင်း၊ ဖြေရှင်းပေးခြင်း ဆောင်ရွက်နိုင်စေရန် ဟူ၍ စာစီရမည် ဖြစ်ပါကြောင်း၊ ပြင်ဆင်လိုသည့် အကြောင်းအရင်းမှာ ရည်ရွယ်ချက် အခန်း(၂)ကို အကောင်အထည်ဖော်သည့် အခန်း(၃)၊ (၄)၊ (၅)၊ (၆)၊ (၇) လုပ်ငန်းများနှင့် ရှေ့နောက် ဆက်စပ်မှုရှိရန် လိုအပ်မည်ဟု ယူဆသည့်အတွက် ပြင်ဆင်ဖြည့်စွက်လိုခြင်း ဖြစ်ပါကြောင်း ဆွေးနွေးသည်။
 
 
အဆိုပါ ဥပဒေကြမ်းနှင့် စပ်လျဉ်း၍  မကွေးတိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ်(၅)မှ ဦးတင်အောင်ထွန်းနှင့် တနင်္သာရီတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၁၀)မှ ဦးစိုးသိန်း (ခ) ဦးမောင်စိုးတို့က ဆက်လက်ဆွေးနွေးကြသည်။
 
 
ယင်းနောက် အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်းက အမျိုးသား လွှတ်တော်က အတည်ပြုပြီး ပေးပို့ထားသော ၂၀၁၇ ခုနှစ်၊ မြန်မာ့ကျောက်မျက်ရတနာ ဥပဒေကြမ်းကို ပြည်သူ့လွှတ်တော်က ပြင်ဆင်ချက်ဖြင့် ပြန်လည်ပေးပို့လာခြင်းကို အသိပေးတင်ပြ၍ ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များရှိပါက အမည်စာရင်း တင်သွင်းနိုင်ကြောင်း ကြေညာသည်။
 
 
ဒုတိယအကြိမ် အမျိုးသားလွှတ်တော် နဝမပုံမှန် အစည်းအဝေး ၁၆ ရက်မြောက်နေ့ကို စက်တင်ဘာ ၇ ရက်တွင် ဆက်လက်ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
 
 
အောင်ရဲသွင်