ဒုတိယအကြိမ် ဂီတလောကထဲ ပြန်လည်ဝင်ရောက်လာသည့် ကိုကိုးငယ် 

၁၁  ဇန်နဝါရီ 

 

အဆိုတော်ရတနာဦး၏ ညီမအရင်းလည်းဖြစ်၊ တေးရေး၊တေးဆို ဆောင်းဦးလှိုင်နှင့်အတူ တေးသီချင်းများလည်း သီဆိုခဲ့သူ၊ လက်တလောတွင် အွန်လိုင်း၌ နာမည်ရနေသည့် " အကြင်နာမှန်ရင်" ဟု အမည်ပေးထားသော တေးသီချင်းလေး၏ပိုင်ရှင် တေးသံရှင် ကိုကိုးငယ်သည် ဂီတပိုင်း ဝါသနာအရ ဒုတိယအကြိမ်ပြန်ဝင်လာပြီး  အဆိုပါ တေးသီချင်းအမည်နှင့် ယခု ၁၇ ရက်နေ့တွင် MMN Production မှ ထွက်ရှိမည်ဟု သိရသည်။

 

"ဟိုးအရင်က ကိုဆောင်းဦးလှိုင်ခေါ်လို့ သူ့ရဲ့ "အနက်ရောင်ဂီတလမ်း" ဆိုတဲ့ အခွေမှာ နှစ်ပုဒ်လောက်တော့ ညီမဝင်ဆိုခဲ့ဖူးတယ်။ စီးပွားရေးလုပ်ငန်းတွေလုပ်ရင်က ဂီတပိုင်းနဲ့ အလှမ်းဝေသွားခဲ့ပေမယ့် ညီမရဲ့ အစ်မတစ်ဝမ်းကွဲ မရတနာဦးကလည်း ညီမသီချင်းတွေကို ဝါသနာပါမှန်းသိလို့ သီချင်းတွေပြန်လုပ်ဖို့ ပြန်တိုက်တွန်းခဲ့ပါတယ်။ Title Song က 'အကြင်နာမှန်ရင် ' ကိုအောင်ထက်နဲ့ ဆိုထားတာကိုလည်း Online တင်ထားတာ ပရိသတ်တွေလည်း အားပေးကြပါတယ်။ ကိုဆောင်ဦးလှိုင်ကလည်း မိုးသီချင်းလေးကို ရေးထားထားပါတယ်။ ခုခေတ်မှာ သီချင်းခွေတစ်ခွေထွက်ဖို့ မလွယ်ပေမယ့် ကိုယ့်ဘဝရဲ့ မှတ်တိုင်အဖြစ် အမ်တီဗီတစ်ခါတည်း ထုတ်လိုက်တာပါ" ဟု တေးသံရှင် ကိုကိုးငယ်က ပြောဆိုသည်။

 

အဆိုပါ သီချင်းခွေကို ၄ နှစ်ကြာ ကြိုတင်ပြင်ဆင်ထားပြီး သီချင်း ၁၂ ပုဒ်ပါဝင်ကာ တေးရေးအနေဖြင့် ဆောင်းဦးလှိုင်၊ ဖိုးကာ၊ ဟဲလေး၊ ဇဝါ၊ ကလုံး နှင့် နေခိုင်စိုးတို့က ရေးသားထားကြသည်။ ၎င်းအခွေတွင် စုံတွဲ အဆိုရှင်များဖြစ်သော ဟဲလေး ၊ ဖြိုးပြည့်စုံ ၊ အောင်ထက်၊ ကလုံး ၊ ဘုန်းကျော်သူ (ခ) သစ်နေစစ် နှင့်  ရတနာဦးတို့က ပါဝင်သီဆိုထားပြီး pop ဂီတသံစဉ်ချိုချိုများ ထည့်သွင်းထားကြောင်း သိရသည်။ ဒါရိုက်တာအနေဖြင့် ဂျိုး၊ နေထိုက်စိုး၊ ဇော်ကြီး၊ သုံးပေါင်စသည့်တို့က ရိုက်ကူးထားပြီး အချစ်အကြောင်းအရာ စုံထည့်သွင်း ဖော်ကျူးထားသည်။

 

ကိုလင်း