ဒုတိယအကြိမ် ချင်းပြည်နယ်လွှတ်တော် (၁၅)ကြိမ်မြောက် ပုံမှန်အစည်းအဝေး ပထမနေ့စတင်ကျင်းပ

ဟားခါး ၂၅ စက်တင်ဘာ 
 
ဒုတိယအကြိမ် ချင်းပြည်နယ်လွှတ်တော်(၁၅)ကြိမ်မြောက် ပုံမှန်အစည်းအဝေး ပထမနေ့ကို စက်တင်ဘာ ၂၅ ရက် နံနက် ၁၀ နာရီက ဟားခါးမြို့ ချင်းပြည်နယ်လွှတ်တော်အစည်းအဝေခန်းမ၌ စတင်ကျင်းပရာ ချင်းပြည်နယ် အစိုးရ အဖွဲ့ပြည်နယ်ဝန်ကြီးချုပ် ဦးဆလိုင်းလျန်လွယ်၊ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးဇိုဘွဲ၊ ပြည်နယ်အဆင့်အဖွဲ့ အစည်းဝင်များနှင့် လွှတ်တော်ကိုယ်စားလှယ်(၂၂)ဦး တက်ရောက်ကြသည်။
 
အစည်းအဝေးတွင် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် (၄)ဦးက တီးတိန်မြို့နယ် မွာလ်ဘင်းကျေးရွာ အခြေခံပညာအထက်တန်းကျောင်း ဆောက်လုပ်ခြင်းနှင့်ပတ်သက်၍ သိရှိလိုသောမေးခွန်း၊ မွာလ်ဘင်းကျေးရွာ ဆုပ်လွီးချောင်းရေအားလျှပ်စစ်စက်ရုံ ရေသွယ်မြောင်းနှင့်ပတ်သက်၍ သိရှိလိုသောမေးခွန်း၊ ထန်တလန်မြို့နယ် ဇဲဖိုင် (က) ကျေးရွာအတွက် ဂါလံ(၅၀ဝ၀ဝ)ဆံ့ သောက်သုံးရေကန်နှင့် ကုချကျေးရွာတွင် သောက်သုံးရေ သွယ်ယူရန်နှင့် ဂါလံ (၂၀ဝ၀ဝ)ဆံ့ သောက်သုံးရေကန် ဆောက်လုပ်ပေးရန် အစီအစဉ်ရှိ/မရှိ သိရှိလိုသောမေးခွန်း၊ ကန်ပက်လက်မြို့နယ် ကျင်ဒွေးတံတား အရေးပေါ်ပြန်လည်တည်ဆောက် ပြုပြင်ပေးရန် အစီအစဉ်ရှိ/မရှိ သိလိုသောမေးခွန်းအပါ အဝင် မေးခွန်း(၁၅)ခုကို မေးမြန်းကြရာ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများက ပြန်လည် ဖြေကြားကြပြီး ပြည်နယ်ဝန်ကြီးချုပ်က ဖြည့်စွက်ဆွေးနွေးသည်။
 
ထို့နောက် ပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ်စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး ဦးဝီကောက  ၂၀၁၈-၂၀၁၉ ခုဘဏ္ဍာ ရေးနှစ်(အောက်တိုဘာလမှ စက်တင်ဘာလအထိ) ချင်းပြည်နယ် ဒေသန္တရစီမံကိန်း ဥပဒေ (မူကြမ်း)နှင့် ၂၀၁၈ -၂၀၁၉ ခုနှစ်ဘဏ္ဍာရေးနှစ် ချင်းပြည်နယ်၏ ဘဏ္ဍာငွေအရအသုံးဆိုင်ရာ ဥပဒေကြမ်းတို့ကို လွှတ်တော်သို့ တင် သွင်းကာ အစည်းအဝေးကို မွန်းလွဲ (၁၂) နာရီ ၁၀ မိနစ်တွင် ရပ်နားပါသည်။
 
ဒုတိယအကြိမ် ချင်းပြည်နယ်လွှတ်တော်(၁၅)ကြိမ်မြောက် ပုံမှန်အစည်းအဝေး ဒုတိယနေ့ကို စက်တင်ဘာ ၂၆ ရက် နံနက် ၁၀ နာရီတွင် ဆက်လက်ကျင်းပမည်ဖြစ်ကြောင်း သိရသည်။
 
ပြည်နယ်(ပြန်/ဆက်)