ဒုတိယအကြိမ် ချင်းပြည်နယ်လွှတ်တော်(၁၅)ကြိမ်မြောက် ပုံမှန်အစည်းအဝေး ဒုတိယနေ့တွင် ချင်းပြည်နယ်၏ ဒေသန္တရစီမံကိန်းဥပဒေနှင့် ဘဏ္ဍာငွေအရအသုံးဆိုင်ရာ ဥပဒေအတည်ပြု

ဟားခါး ၂၆  စက်တင်ဘာ 
 
ဒုတိယအကြိမ် ချင်းပြည်နယ်လွှတ်တော် (၁၅)ကြိမ်မြောက် ပုံမှန်အစည်းအဝေး ဒုတိယနေ့ကို ယနေ့ နံနက် ၁၀ နာရီက ဟားခါးမြို့ ချင်းပြည်နယ် လွှတ်တော်အစည်းအဝေးခန်းမ၌ ဆက်လက်ကျင်းပရာ ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးဆလိုင်းလျန်လွယ်၊ ပြည်နယ်လွှတ်တော်ဥက္ကဌ ဦးဇိုဘွဲနှင့် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် (၂၂)ဦး တက်ရောက်ကြသည်။
 
အစည်းအဝေးတွင် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်(၆)ဦးက မေးခွန်းမေးမြန်းခြင်းနှင့် သက်ဆိုင်ရာ ပြည်နယ်ဝန်ကြီးများက ပြန်လည်ဖြေကြားကြသည်။
 
 
 
ထို့နောက် အစည်းအဝေးပထမနေ့က ချင်းပြည်နယ် အစိုးရအဖွဲ့က တင်သွင်းသည့် ၂၀၁၈-၂၀၁၉ ခု ဘဏ္ဍာရေးနှစ် (အောက်တိုဘာလမှ စက်တင်ဘာလအထိ) ချင်းပြည်နယ် ဒေသန္တရစီမံကိန်း ဥပဒေ(မူကြမ်း)နှင့် ၂၀၁၈-၂၀၁၉ ခု ဘဏ္ဍာရေးနှစ်၊ ချင်းပြည်နယ်၏ ဘဏ္ဍာငွေအရအသုံးဆိုင်ရာ ဥပဒေကြမ်းတို့ကို လွှတ်တော်ကိုယ်စားလှယ်များက ဆွေးနွေးကြပြီး လွှတ်တော်ကအတည်ပြုသည်။
 
ယင်းနောက် ပြည်နယ်စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး ဦးဝီကောက ချင်းပြည်နယ် အသေးစား ငွေတိုးချထားခြင်းလုပ်ငန်း ဥပဒေကိုလည်းကောင်း၊ ပြည်နယ်လွှတ်တော် ဒုတိယဥက္ကဌ ဦးအောင်သန်းက ချင်းပြည်နယ် စည်ပင်သာယာရေးဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းကိုလည်းကောင်း လွှတ်တော်သို့ တင်သွင်းကြပြီး လွှတ်တော်ကအတည်ပြုခဲ့ကြောင်း သိရသည်။ 
 
ပြည်နယ်(ပြန်/ဆက်)