ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် နဝမပုံမှန်အစည်းအဝေး ၁၆ ရက်မြောက်နေ့ ကျင်းပ

နေပြည်တော်  ၇  စက်တင်ဘာ 

 

ဒုတိယအကြိမ်ပြည်သူ့လွှတ်တော် နဝမပုံမှန်အစည်းအဝေး (၁၆)ရက်မြောက် နေ့ကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ ပြည်သူ့ လွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပသည်။ 

 

အစည်းအဝေးတွင် SME ချေးငွေ၊ အခွန်စည်းကြပ်ရေး၊ ဆောက်လုပ်ရေး ကဏ္ဍနှင့် သက်ဆိုင်သည့် မေးခွန်းများမေးမြန်းဖြေကြားခြင်း၊ အစီရင်ခံစာ ၁ ခု တင်သွင်းခြင်း၊ ဥပဒေကြမ်း ၁ခုလက်ခံရရှိကြောင်းအသိပေးခြင်း၊ ဥပဒေကြမ်း၁ခု တင်သွင်းခြင်း၊ အဆို ၁ခု ဆွေးနွေးခြင်းနှင့် လွှတ်တော်၏ အဆုံးအဖြတ်ရယူခြင်းတို့ကို ဆောင်ရွက်ကြသည်။

 

 

အုတ်တွင်းမဲဆန္ဒနယ်မှ ဒေါ်ချိုချို၏ ကူညီထောက်ပံ့မှုများ လိုအပ်နေသော ငွေအရင်း အနှီးနည်းပါးသူ အမှန်တကယ် အလုပ်လုပ်နေကြသည့် SME လုပ်ငန်းရှင်များ လက်ထဲ သို့ ချေးငွေများ ချောမွေ့ လွယ်ကူစွာ ရောက်ရှိစေရေးအတွက် သတ်မှတ် ထားသော ကန့်သတ်ချက်များကို ဖြေလျှော့ပြီး မြေတောင် မြှောက်ပေးရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင် မောင်ဝင်းက မြန်မာ့စီးပွားရေးဘဏ်အနေဖြင့် အသေးစား အလတ်စား စီးပွားရေး လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရန် ၂၀၁၈ ခုနှစ် ဇူလိုင်လ အထိ တိုင်းဒေသ ကြီးနှင့် ပြည်နယ် ၁၃ ခုတွင် လုပ်ငန်းရှင်  ၁၂၃ ဦးကို ချေးငွေကျပ် ၉၉၂၅ သန်း ထုတ်ချေး ပြီးဖြစ်ပါကြောင်း၊ အဆိုပါထုတ်ချေးခဲ့ပြီးသည့် ၁၂၃ ဦးတွင် အပေါင်ပစ္စည်းပေးအပ် နိ်ုင်ခြင်း မရှိသည့် SMEs လုပ်ငန်းရှင် ၅၄ ဦးမှာ အပေါင်မဲ့ ချေးငွေအာမခံ CGI စနစ်ဖြင့် ချေးငွေရယူခြင်းဖြစ်ပြီး ချေးငွေ ပမာဏမှာ ငွေကျပ် ၁၀၄၅ သန်းဖြစ်ပါ ကြောင်း။

 

SMEs ချေးငွေ မူဝါဒအရ သက်ဆိုင်ရာ တိုင်းဒေသကြီး၊ပြည်နယ်  အစိုးရအဖွဲ့၏ ထောက်ခံချက် (သို့မဟုတ်) သက်ဆိုင်ရာ တိုင်းဒေသကြီး၊ ပြည်နယ် SMEs Agency များ၏ ထောက်ခံချက် တစ်ခုခုတင်ပြနိုင်ပါက  ချေးငွေများကို ဦးစားပေး စိစစ်ခွင့်ပြု မည်ဟု သတ်မှတ်ထားသော်လည်း လက်တွေ့ချေးငွေ ထုတ်ချေးရာတွင် ထောက်ခံချက် များရယူရာ၌ အချိန်ကြန့်ကြာမှု ရှိသဖြင့် သက်ဆိုင်ရာ တိုင်းဒေသကြီး၊ပြည်နယ် စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေး ဦးစီးဌာန၏  ထောက်ခံချက်ဖြင့် လက်ခံဆောင်ရွက် ပေးရန် ဘဏ်ခွဲများသို့ ညွှန်ကြားထားပါကြောင်း၊ ငွေအရင်းအနှီး နည်းပါးပြီး  အမှန် တကယ် အလုပ်လုပ်နေကြသည့် SMEs  လုပ်ငန်းရှင်များ လက်ဝယ်သို့ ချေးငွေများ ချောမွေ့လွယ်ကူစွာ ရောက်ရှိစေရေးအတွက် SMEs Member Card  တင်ပြနိုင်ပါက ချေးငွေကျပ်သိန်း (၂၀ဝ) အထိ ချေးငွေအာမခံ CGI  စနစ်ဖြင့် ထုတ်ချေးရန် စက်မှု ကြီးကြပ်ရေးနှင့်  စစ်ဆေးရေးဦးစီးဌာနနှင့် ညှိနှိုင်းဆောင်ရွက်လျက်ရှိပါကြောင်း ဖြေ ကြားသည်။

 

 

ကောလင်းမဲဆန္ဒနယ်မှ ဦးမျိုးဇော်အောင်၏ ဒီဂျစ်တယ် နည်းပညာအခြေခံ စီးပွားရေး လုပ်ငန်းများကို မှတ်ပုံတင်နိုင်ရေးနှင့် အခွန်မှန်ကန်စွာ စည်းကြပ်နိုင်ရေး မည်သို့ ဆောင်ရွက်မည်၊ မည်သည့်အချိန် အပိုင်းအခြားဖြင့် အကောင်အထည်ဖော်မည်၊ မလိုက်နာသူများကို မည်သို့အရေးယူ ဆောင်ရွက်မည်ကို သိလိုကြောင်း မေးခွန်းနှင့် စပ်လျဉ်း၍ ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက Digital  နည်းပညာ အခြေခံစီးပွားရေး လုပ်ငန်းများအတွက် Internet  ဝန်ဆောင်မှု ကိုသာ ပြည်တွင်း၊ ပြည်ပ ဆက်သွယ်ရေး အော်ပရေတာများက ဆောင်ရွက်ပေးလျက်ရှိပြီး ဆက်သွယ်ရေး ညွှန်ကြားမှု ဦးစီးဌာန အနေဖြင့် အဆိုပါ အော်ပရေတာများ အပါအဝင် ဆက်သွယ်ရေး ဝန်ဆောင်မှု လုပ်ငန်း လုပ်ကိုင် ဆောင်ရွက်သူများအား စိစစ်ပြီး ဆက်သွယ်ရေးဝန်ဆောင်မှုလုပ်ငန်း လိုင်စင် များ ဖြစ်သည့် ကွန်ရက်အထောက်အကူပြု ဝန်ဆောင်မှု လုပ်ငန်းလိုင်စင် (အထူး)၊ ကွန်ရက်အထောက်အကူပြု ဝန်ဆောင်မှုလုပ်ငန်းလိုင်စင်(သာမန်)၊  ကွန်ရက်ဝန် ဆောင်မှုလုပ်ငန်းလိုင်စင်နှင့် အသုံးချဝန်ဆောင်မှု လုပ်ငန်းလိုင်စင်တို့ကို လုပ်ငန်း သဘောသဘာဝနှင့်အညီ ခွင့်ပြုပေးလျက်ရှိပြီး  ရရှိလာသော လိုင်စင်အခွန်အခများကို နိ်ုင်ငံတော်သို့ အပြည့်အဝပေးသွင်းလျက်ရှိပါကြောင်း။

 

သို့ဖြစ်၍ ဒီဂျစ်တယ်နည်းပညာ အခြေခံစီးပွားရေး လုပ်ငန်းများကို မှတ်ပုံတင် နိုင်ရေး၊ အခွန် စည်းကြပ်နိုင်ရေးအတွက် စီမံကိန်းနှင့်ဘဏ္ဍာရေး ဝန်ကြီးဌာနနှင့် ပို့ဆောင် ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနတို့ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်သွား မည်ဖြစ်ပါ ကြောင်းနှင့် အခွန်ပေးဆောင်ရန်ပျက်ကွက်မှုများကို သက်ဆိ်ုင်ရာ အခွန်ဥပဒေ၊ နည်း ဥပေဒေများဖြင့် အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဖြေကြားသည်။

 

ဘီးလင်းမဲဆန္ဒနယ်မှ  ဦးတင်ကိုကိုဦး(ခ)ဦးအတွတ်၏ တည်ဆောက်ရေးလုပ်ငန်း ဆောင်ရွက်နေသော အစိုးရဌာန၊ အဖွဲ့အစည်းနှင့် တာဝန်ခံတင်ဒါကော်မတီများ၏ ဖွဲ့စည်းပုံ၊ လုပ်ပိုင်ခွင့်နှင့် တာဝန်၊ တင်ဒါအောင်ကုမ္ပဏီများ၏ ဖွဲ့စည်းပုံ အောင်မြင်သည့် အခြေအနေ၊ အမည်ပျက် စာရင်းသွင်းခံရသော ကုမ္ပဏီများ စာရင်းတို့ကို ဘဏ္ဍာရေးနှစ် အလိုက် ဖော်ပြပေးရန် အစီအစဉ်ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ဆောက်လုပ်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်လင်းက တင်ဒါအောင် ကုမ္ပဏီများ၏ ဖွဲ့စည်းပုံ၊ ကုမ္ပဏီ၏ Profile  နှင့် တင်ဒါအောင်သည့် ဈေးနှုန်းကို ပွင့်လင်းမြင် သာစွာ ကြေငြာ ထားရန်အတွက် သက်ဆိုင်ရာတိုင်းဒေသကြီး၊ပြည်နယ် တင်ဒါကော်မတီများကို ညွှန် ကြားထားပြီးဖြစ်ပါကြောင်း၊ အသေးစိတ်စာရင်းများကို တိုင်းဒေသကြီး၊ပြည်နယ်အစိုးရ အဖွဲ့များထံ တောင်းခံသွားနိုင်ပါကြောင်း။

 

ဆောက်လုပ်ရေးဝန်ကြီးဌာနမှ ပြည်ထောင်စုအဆင့်အနေဖြင့် တင်ဒါခေါ်ယူ ခြင်းတွင် နိုင်ငံခြားငွေနှင့် ဆက်စပ်နေသည့် သံချောင်းလုံး၊ ဘိလပ်မြေနှင့် ကတ္တရာ အစရှိသည့် ပစ္စည်းများဝယ်ယူမှုများကိုသာ တင်ဒါခေါ်ယူပြီး လုပ်ငန်းတင်ဒါ` များကို သက်ဆိုင်ရာ တိုင်းဒေသကြီး၊ ပြည်နယ် အစိုးရအဖွဲ့များထံသို့ တာဝန်လွှဲပြောင်း ပေးထားပြီ ဖြစ်သည့် အတွက် သက်ဆိုင်ရာ တိုင်ဒေသကြီး၊ပြည်နယ် အစိုးရအဖွဲ့များကသာ လုပ်ငန်း တင်ဒါများ ခေါ်ယူဆောင်ရွက်ရှိပါကြောင်း။

 

ကုမ္ပဏီများအား အမည်ပျက်စာရင်း ထည့်သွင်းခြင်းနှင့် ပတ်သက်၍  ရင်းနှီးမြှုပ်နှံ မှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာနအနေဖြင့် ၂၀၁၃ ခုနှစ်မှစ၍ ဆောင်ရွက်ခြင်း မပြုတော့ပါကြောင်း၊ ကုမ္ပဏီများ ဥပဒေတွင် အမည်ပျက်စာရင်းနှင့် စပ်လျဉ်းသည့် ပြဋ္ဌာန်းချက်များ မပါဝင်တော့သည့်အတွက် အမည်ပျက်စာရင်းကို ထုတ်ပြန်ကြေငြာ ခြင်းမပြုဘဲ စာချုပ်ပါ စည်းမျဉ်းစည်းကမ်းနှင့်အညီ အရေးယူရမည်ဖြစ်ကြောင်း ဖြေကြား သည်။

 

ဒလ မဲဆန္ဒနယ်မှ ဒေါက်တာဦးစိန်မြအေး၏ ကိုရီးယား-မြန်မာ ချစ်ကြည်ရေး ရန်ကုန်-ဒလ တံတားစီမံကိန်းကို အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် မည်သည့် အတွက်ကြောင့် နှောင့်နှေးကြန့်ကြာနေရကြောင်းနှင့် မည်သည့်အချိန်တွင် ဆောက် လုပ်ရေးလုပ်ငန်းများ စတင်မည်၊ မည်ကဲ့သို့ ဆက်လက်ဆောင်ရွက်မည်ကို သိလိုခြင်း မေးခွန်းနှင့်စပ်လျဉ်း၍ ဒုတိယဝန်ကြီး ဦးကျော်လင်းက ကိုရီးယား-မြန်မာ ချစ်ကြည်ရေး ရန်ကုန်-ဒလတံတား တည်ဆောက်ရေးအတွက် ချေးငွေစာချုပ် (Loan Agreement ) သည် ၂၀၁၆ ခုနှစ်ကတည်းက အကျိုးသက်ရောက်ခဲ့ပြီးသော်လည်း Main Span တိုးမြှင့်ပြောင်းလဲထားမှုကြောင့် အမေရိကန်ဒေါ်လာ သန်း (၂၀) ထပ်မံလိုအပ် မည်ဖြစ်ပါကြောင်း၊ အဆိုပါ လိုအပ်ငွေအား ကိုရီးယား ပြည်သူ့သမ္မတနိုင်ငံမှ ချေးငွေ ချေးငှားခွင့် ရရှိရေးအတွက် ၂၀၁၈ ခုနှစ် သြဂုတ် ၇ ရက်တွင် စီမံကိန်းနှင့် ဘဏ္ဍာ ရေးဝန်ကြီးဌာန၊ ဆောက်လုပ်ရေးဝန်ကြီးဌာနနှင့် Korea Exim Bank တို့ တွေ့ဆုံ ဆွေးနွေးခဲ့ပါကြောင်း၊ ဆွေးနွေးဆုံးဖြတ်ခဲ့သည့်အချက်များကိုလည်း ကိုရီးယား သမ္မ တနိုင်ငံ သံရုံးမှ ကိုရီးယားသမ္မတနိုင်ငံ Ministry of Strategy and Finance သို့ ဆက်လက်ပေးပို့ညှိနှိုင်းထားပြီးဖြစ်ပါကြောင်း။

 

ယခုအခါ ကိုရီးယားသမ္မတနိုင်ငံတွင် Ministry of Strategy and Finance နှင့် Korea Exim Bank တို့မှ အမေရိကန်ဒေါ်လာ သန်း ၂၀ ချေးငွေ ထပ်မံ ချေးပေးနိုင်ရေး ကိစ္စအား ညှိနှိုင်းသုံးသပ် ဆွေးနွေးလျက်ရှိကြောင်း သိရှိရပြီး ကိုရီးယားဘက်မှ သဘောတူညီချက် ရရှိပြီးပါက ပြည်ထောင်စုလွှတ်တော်သို့ ထပ်မံတင်ပြ အတည် ပြုချက် ရယူနိုင်ရေး စီစဉ်ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း။

 

ကိုရီးယား-မြန်မာ ချစ်ကြည်ရေး ရန်ကုန်-ဒလတံတား တည်ဆောက်ရေး စီမံကိန်းနှင့် ပတ်သက်၍ ပင်မတံတား၏ ခန်းဖွင့် အကျယ် ၃၂၀ မီတာမှ ၃၇၀ မီတာသို့ ပြင်ဆင် ပြောင်းလဲရသည့်အတွက် ထပ်မံလိုအပ်သော အမေရိကန်ဒေါ်လာ သန်း ၂၀ ချေးယူ ရရှိနိုင်ရေးကိစ္စကို နှစ်နိုင်ငံ ညှိနှိုင်းဆွေးနွေးနေစဉ် ကာလအတွင်း တံတားတည် ဆောက်ရေးလုပ်ငန်းများ နှောင့်နှေးကြန့်ကြာမှု မရှိစေရန်အတွက် ဆက်လက်  ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ဖြေကြားသည်။

 

 

အလားတူဗိုလ်တထောင်မဲဆန္ဒနယ်မှ ဒေါ်မြင့်မြင့်စိုး(ခ) ဒေါ်မေစိုး၏ ဗိုလ်တထောင် မြို့နယ်၊ ၉ ရပ်ကွက်၊ ၄၇ လမ်း(အနော်ရထာလမ်းနှင့် မဟာဗန္ဓုလလမ်းကြား)ကို ပြည်သူများ အဆင်ပြေချောမွေ့စွာ ပြန်လည်အသုံးပြုနိုင်ရေးအတွက် မဖြစ်မနေ ဆောင်ရွက်ပေးပါရန် မေးခွန်းနှင့် မင်းဘူး မဲဆန္ဒနယ်မှ ဦးဝင်းဝင်း၏ မင်းဘူး(စကု) မြို့နယ်၊ လေးပင်ကျေးရွာအနီးရှိ လေးပင်ချောင်း တွင် ၂၀၁၈ -၂၀၁၉ ဘတ်ဂျက်၌ တံတားတည်ဆောက်ပေးရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းတို့နှင့် စပ်လျဉ်း၍ ဒုတိယ ဝန်ကြီး ဦးကျော်လင်းက ပြန်လည်ဖြေကြားသည်။

 

ထို့နောက်  ပြည်သူ့လွှတ်တော်၊ ကျန်းမာရေးနှင့် အားကစား ဖွံ့ဖြိုးတိုးတက်ရေး ကော်မ တီ၏ အစီရင်ခံစာကို ကော်မတီဝင် ဦးအာမိုးဆီက ဖတ်ကြားတင်ပြသည်။ယင်းအစီရင်ခံစာနှင့် စပ်လျဉ်း၍ ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ် များ အမည်စာရင်း တင်သွင်းနိုင်ကြောင်း ကြေညာသည်။ဆက်လက်၍ အမျိုးသားလွှတ်တော်က ပြင်ဆင်ချက်ဖြင့် ပြန်လည်ပေးပို့ လာသော မြန်မာနိုင်ငံ တိုင်းရင်းဆေး ကောင်စီဥပဒေကြမ်းအား လွှတ်တော်က လက်ခံရရှိ ကြောင်းအသိပေးပြီး ယင်းဥပဒေကြမ်းနှင့်စပ်လျဉ်း၍  ပြင်ဆင်ချက်အဆို တင်သွင်း လိုသည့် လွှတ်တော် ကိုယ်စားလှယ်များ အမည်စာရင်း တင်သွင်းနိုင်ကြောင်း ကြေညာသည်။

 

ထို့နောက် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးစိုးအောင်က ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ဥပဒေကြမ်း ကို လွှတ်တော်သို့ တင်သွင်းသည်။ယင်းဥပဒေကြမ်းနှင့်စပ်လျဉ်း၍ ဥပဒေကြမ်းကော်မတီ၏ အစီရင်ခံစာကို ကော်မတီဝင် ဦးစိုင်းထွန်းအေး က ဖတ်ကြားတင်ပြပြီး ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ ပြင်ဆင် ချက်အဆို တင်သွင်းလိုသည့် လွှတ်တော်ကိုယ်စားလှယ်ရှိပါက အမည်စာရင်း တင်သွင်းနိုင် ကြောင်း ကြေညာသည်။

 

ယင်းနောက် ဒဂုံ မဲဆန္ဒနယ်မှ ဒေါက်တာဒေါ်သက်သက်ခိုင်က တင်သွင်းသည့် မတူကွဲ ပြားသော လုပ်ငန်း သဘာဝရှိကြသည့် နိုင်ငံပိုင် စီးပွားရေးလုပ်ငန်း ကြီးများအား သဘာဝအားဖြင့် တူညီသောလုပ်ငန်းအလိုက် တူရာစုဖွဲ့ပြီး အုပ်စုတစ်ခုစီနှင့် ဆီလျော်သော ပြုပြင်ပြောင်းလဲရေးမူဝါဒများ ချမှတ်ပြီး အားလုံးကို လွှမ်းခြုံနိုင်သည့် နိုင်ငံပိုင်လုပ်ငန်း ပြုပြင်ပြောင်းလဲရေး စီမံချက်နှင့် မဟာဗျူဟာတစ်ရပ်ချမှတ် အကောင် အထည်  ဖော်ပေးပါရန် ပြည်ထောင်စုအစိုးရအား တိုက်တွန်းကြောင်း အဆိုကို လွှတ်တော် ကိုယ်စားလှယ်များက ဆွေးနွေးကြသည်။

 

တပ်မတော်သားပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒုတိယဗိုလ်မှူးကြီး မျိုးဝင်းလှိုင်က နိုင်ငံတော်၏ စီးပွားရေးလုပ်ငန်းများ အရှုံးပေါ်နေခြင်းကို ကုစားရန်နှင့် နိုင်ငံ့စီးပွားရေး တိုးတက်လာစေရန်အတွက် မိမိနိုင်ငံအခြေအနေနှင့်ကိုက်ညီမည့် နိုင်ငံ့ စီးပွားရေး ပိုင်ဆိုင်မှုပုံစံ ပြောင်းလဲရန်၊ သင့်လျော်သည့် Model ရွေးချယ် ဆောင်ရွက်နိ်ုင်ရန်၊ ၄င်းModel  နှင့်ဆီလျော်သည့် မူဝါဒ၊ ဥပဒေ၊ နည်းဥပဒေ များ အား နိ်ုင်ငံတော်၏ ပကတိအခြေအနေနှင့် ကိုက်ညီအောင် ပြင်ဆင်ရေးဆွဲသွားရန်၊ အဓိကမဟာဗျူဟာ အရင်းအမြစ်ဆိုင်ရာ လုပ်ငန်းများနှင့် မဖြစ်မနေ ပြည်သူလူထု ဝန်ဆောင်မှု လုပ်ငန်းများကို ကာလရှည်အတွက် ရှုမြင်ကာ နိ်ုင်ငံတော်က ကိုင်တွယ် ထားနိ်ုင်စေရန်၊ စီမံခန့်ခွဲမှု ပုံစံပြောင်းလဲခြင်း၊  ပိုင်ဆိုင်မှုပုံစံပြောင်းလဲခြင်းတို့ဖြင့် နိုင်ငံတော်၏ စီးပွားရေး စွမ်းဆောင်ရည်များကို စောင့်ကြည့်သုံးသပ်နိုင်သော  Model ပုံစံဖြစ်စေရန် နှင့် SOEs များ လုပ်ငန်းသဘာဝတွင် အဓိကကျ သည့် Laboyr Intensive  အနေ အထားများကို ချိန်ဆ၍ စီးပွားရေးတိုးတက်အောင် အကောင်အထည် ဖော်နိုင်စွမ်းရှိမည့် စီမံခန့်ခွဲ မှုဖြစ်စေရန် လိုအပ်သည်ဟု အကြံပြုအပ်ပါကြောင်း ဆွေးနွေးသည်။

 

မောက်မယ်မဲဆန္ဒနယ်မှ ဦးစိုင်းငေါင်းဆိုင်ဟိန်းက နိုင်ငံတော်စီးပွားရေး လုပ်ငန်း များအနေဖြင့် စီမံခန့်ခွဲမှု အားနည်းခြင်း၊ နည်းပညာအားနည်းခြင်း၊ လိုအပ်သည် ထက်ပို လျှံနေသည့် ဝန်ထမး်အင်အား၊ လစာနှင့် ပင်စင်စရိတ် စသည့် အကြောင်းအရင်း များကြောင့် ထုတ်လုပ်မှုစွမ်းအင်နှင့် ဈေးကွက်ယှဉ်ပြိုင်နိုင်မှု စွမ်းအင်များ ကျဆင်းကာ ဈေးကွက်စီးပွားရေးစနစ်အရ ပုဂ္ဂလိကကို မယှဉ်နိုင်ဘဲ အရှုံးပေါ်ခဲ့ရခြင်း ဖြစ်ပါကြောင်း။ 

 

နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းများသည် ခေတ်စနစ်နှင့် လျော်ညီသော ကုန်ပစ္စည်း များထုတ်လုပ်ဖြန့်ဖြူးရန် လိုအပ်ပြီး ကုန်ပစ္စည်းများ၏ အရည်အသွေး၊ အရည်အတွက် နှင့် သတ်မှတ်ဈေးနှုန်းများကိုလည်း ပုဂ္ဂလိကကဏ္ဍနှင့် ယှဉ်ပြိုင်နိုင်ရန် လိုအပ်ပါ ကြောင်း၊ စီမံခန့်ခွဲမှုကောင်းမွန်ပြီး ဈေးကွက်လိုအပ်ချက်နှင် ့ကိုက်ညီသည့် ကုန်ပစ္စည်း များနှင့် ဝန်ဆောင်မှုများ ပြောင်းလဲနိုင်မှသာ ပုဂ္ဂလိကဈေးကွက်ကိုထိုးဖောက်ပြီး နိုင်ငံ့ ဝင်ငွေကို ရှာဖွေပေးနိုင်မည် ဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ အဆိုကိုထောက်ခံပါ ကြောင်း ဆွေးနွေးသည်။

 

အလားတူ လှိုင်မဲဆန္ဒနယ်မှ ဦးအောင်ကျော်ကျော်ဦး၊ ကောလင်းမဲဆန္ဒနယ်မှ ဦးမျိုးဇော်အောင်၊ ချောက်မဲဆန္ဒနယ်မှ ဦးဘိုကြီး၊ မိုင်းရယ်မဲဆန္ဒနယ်မှ ဦးစိုင်းသီဟ ကျော်၊ အုတ်တွင်းမဲဆန္ဒနယ်မှ ဒေါ်ချိုချိုနှင့် ပျော်ဘွယ်မဲဆန္ဒ နယ်မှ ဦးသောင်းအေးတို့ ဆွေးနွေးကြသည်။

 

အဆိုနှင့် စပ်လျဉ်း၍ ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက နိုင်ငံပိုင်စီးပွားရေး လုပ်ငန်းများသည် ကြီးမားသည့် အခန်းကဏ္ဍမှ ပါဝင်လျက်ရှိသဖြင့် ပြုပြင်ပြောင်းလဲရေး ဆောင်ရွက်ရာတွင် တစ်ဆင့်ပြီးတစ်ဆင့် ဆောင်ရွက်သင့်ပါကြောင်း၊ အားလုံးလွှမ်းခြုံ သည့် အလုံးစုံပြုပြင်ပြောင်းလဲရေး စီမံချက်ကို အကောင်အထည်ဖော် ဆောင်ရွက်ရန် တိုက်တွန်းသည့် အဆိုနှင့် ပတ်သက်၍ နိုင်ငံပိုင်စီးပွားရေး လုပ်ငန်းများနှင့်ပတ်သက်၍ လက်ရှိဆောင်ရွက်လျက်ရှိသော လုပ်ငန်းများ၊  အနာဂတ် ကာလအတွက် ရည်မှန်း ဆောင်ရွက်လျက်ရှိသော လုပ်ငန်းများနှင့် ကိုက်ညီမှုရှိခြင်း၊ ယင်းကိစ္စများနှင့် ပတ် သက်၍ နိုင်ငံတော်စီးပွားရေးရာ ပေါင်းစပ်ညှိနှိုင်းရေး ကော်မတီကလည်း  ဆွေးနွေး သုံးသပ်လျက်ရှိသည့်အတွက် မူအားဖြင့် လက်ခံပါ ကြောင်း၊ မဟာဗျူဟာချမှတ်မှု၊ အုပ်စုခွဲခြားမှု၊ အမြတ်ငွေခွဲဝေသည့် ပိုင်ဆိုင်မှုပုံစံ ပြောင်းလဲမှု တို့နှင့် ပတ်သက်ပြီး လက်ရှိဝန်ထမ်းများကို ပြင်ဆင်ပေးရမည့် အခြေအနေများ အပါအဝင် မိမိနိုင်ငံနှင့် သင့်လျော်ကိုက်ညီပြီး အနာဂတ်နိုင်ငံတော်ကို ရည်မှန်း တည်ဆောက်မည့်ပုံစံနှင့် ကိုက်ညီမည့်ပုံစံများ ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ရှင်းလင်းပြောကြားသည်။

 

အဆိုနှင့် စပ်လျဉ်း၍ လွှတ်တော်၏ အဆုံးအဖြတ်ရယူရာ လွှတ်တော်က အတည်ပြုကြောင်း ဆုံးဖြတ်သည်။ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် နဝမပုံမှန်အစည်းအဝေး (၁၇) ရက်မြောက်နေ့ နေ့ကို စက်တင်ဘာ ၁၂ ရက်တွင် ကျင်းပသွားမည်ဖြစ်ကြောင်းသိရသည်။

 

မျိုးမြင့်