ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် (၁၄)ကြိမ်မြောက် ပုံမှန်အစည်းအဝေး (၁၁) ရက်မြောက်နေ့ကျင်းပ

နေပြည်တော်     ဒီဇင်ဘာ

ယနေ့ကျင်းပသည့် ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် (၁၄)ကြိမ်မြောက် ပုံမှန်အစည်းအဝေး (၁၁) ရက်မြောက်နေ့တွင် ကရင်ပြည်နယ် မဲဆန္ဒနယ်အမှတ်()မှ ဦးစိုင်းသန်းနိုင် အပါအဝင် ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ် ၁၄၅ဦး တင်ပြထားသော ဖွဲ့စည်းပုံအခြေခံ ဥပဒေကို ဒုတိယအကြိမ် ပြင်ဆင်သည့် ဥပဒေမူကြမ်းနှင့် စပ်လျဉ်း၍ လေ့လာစိစစ်ရေး  ပူးပေါင်းကော်မတီ၏ အစီရင်ခံစာအပေါ် လွှတ်တော် ကိုယ်စားလှယ်များက ဆွေးနွေးကြ သည်။

ရခိုင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၁)မှ ဒေါ်ထုမေက မိမိတို့ဆောင်ရွက်လျက်ရှိသည့် ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်မှုသည် ပဋိပက္ခကို အဆုံးသတ်နိုင်သည့်၊ တိုင်းရင်းသားများ၏ ပူဆွေးမှုကို အဆုံးသတ်နိုင်သည့် ပြင်ဆင်မှု ဖြစ်ရမည်ဖြစ်ပါကြောင်း၊ ယင်းတို့ကို အဆုံးသတ်နိုင်ရန်အတွက် တရားမျှတပြီး ကိုယ်ပိုင်ပြဋ္ဌာန်းနိုင်ခွင့်ရှိသည့် ဖက်ဒရယ်စနစ်ကို ထူထောင်နိုင်ရန်အတွက် တိုင်းရင်းသား ညီအစ်ကို မောင်နှမများအားလုံးက ပေးလိုက်သည့် မဲများဖြင့် လွှတ်တော်အတွင်းသို့ ကိုယ်စားပြု ရောက်ရှိနေကြခြင်းဖြစ်ပါကြောင်း၊ ဖက်ဒရယ်ပြည်ထောင်စု ထူထောင်ရန်၊ ဖက်ဒရယ် တာဝန်များကို အပြည့်အဝ အကောင်အထည်ဖော်နိုင်ရန်နှင့် အမြန်ဆုံး အကောင်အထည်ဖော်နိုင်ရန်တို့သည် မိမိတို့နိုင်ငံအတွက် အလွန်အရေးကြီးကြောင်းကို သတိပြုရမည် ဖြစ်ပါကြောင်း။

ဖက်ဒရယ်ပြည်ထောင်စုထူထောင်ရေးသည် နှစ်ပေါင်း ၇၀ ကျော်ကြာ ပဋိပက္ခစွဲ ကပ်နေသည့် မြန်မာနိုင်ငံအတွက် ဖြေဆေးဖြစ်ပြီး ထိုဖြေဆေးကို ဖော်သည့်အခါတွင်လည်း သဘောထားကြီးမြတ်မှု၊ လူကြီးလူကောင်းဆန်မှု၊ ကိုယ်ချင်း စာနာမှု ပြည့်ဝမှု၊ တရားမျှတမှု၊ အမှန်တရားကို မြတ်နိုးမှုတို့ ပါဝင်မှသာလျှင် အစွမ်းထက်သည့် ရောဂါပျောက်သည့် ဆေးတစ်လက်ဖြစ်မည်ဖြစ်ပါကြောင်း၊ ထို့ကြောင့် ပြင်ဆင်မည့် နည်းလမ်းအပေါ် ဆွေးနွေးငြင်းခုန်မှုများကို တိုင်းရင်းသားများအပေါ် ငဲ့ညှာသောအားဖြင့် အဆုံးသတ်ပြီး ဖက်ဒရယ်ပြည်ထောင်စုအတွက် စစ်မှန်သော စေတနာဖြင့် ဖွဲ့စည်းပုံ အခြေခံဥပဒေကို ထိရောက်စွာ ပြင်ဆင်လိုပါကြောင်း ဆွေးနွေးသည်။

ဧရာဝတီတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်()မှ ဒေါ်အိအိပြုံးက ပြင်ဆင်စရာ များလွန်းလှသည့် ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀ဝ၈ ခုနှစ်)ကို အချက်တစ်ချက်၊ တစ်ပိုဒ်ပြင်ရုံဖြင့် ပြီးပြည့်စုံလုံလောက်မှု မရှိသောကြောင့် ယခုပြင်ဆင်လိုသော ပုဒ်မများ အပါအဝင် ဖွဲ့စည်းပုံအခြေခံဥပဒေတစ်ရပ်လုံးကို ခြုံငုံစိစစ်တင်ပြလာမည့် ပြင်ဆင်ချက် ဥပဒေ မူကြမ်းသည်သာ ပိုမိုသင့်တော်ပါကြောင်း၊ ထို့ကြောင့် ပြည်ထောင်စုလွှတ်တော်မှ နိုင်ငံရေးကို နိုင်ငံရေးနည်းဖြင့် ညှိနှိုင်းအဖြေရှာနိုင်သော ယဉ်ကျေးသော လူ့အဖွဲ့အစည်းအဖြစ် နိုင်ငံတကာတွင် မြန်မာနိုင်ငံ၏ ဂုဏ်အားပြန်လည်ဖော်ဆောင် နိုင်ရန်အတွက် နိုင်ငံရေးပါတီအားလုံး၏ အချိုးကျစနစ်ဖြင့် ပါဝင်ဖွဲ့စည်းထားသော ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀ဝ၈ခုနှစ်) ပြင်ဆင်ရေးပူးပေါင်းကော်မတီအား ဖွဲ့စည်းပေးထားပြီး ဖြစ်ပါကြောင်း၊ ထို့ကြောင့် လွှတ်တော်အတွင်း ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀ဝ၈ ခုနှစ်) ပြင်ဆင်ရေးကို လိုလားကြသည်ဟု ကြွေးကြော်နေရုံမျှ မဟုတ်ဘဲ  ဖွဲ့စည်းပုံ အခြေခံဥပဒေ (၂၀ဝ၈ခုနှစ်) ပြင်ဆင်ရေးပူးပေါင်းကော်မတီတွင် မှန်ကန်သော ပူးပေါင်း ပါဝင်မှုပုံစံဖြင့် ဆွေးနွေးညှိနှိုင်းအဖြေရှာခြင်းဖြင့်  ဒီမိုကရေစီအသွင် ကူးပြောင်းရေး လုပ်ငန်းစဉ်တွင် သမိုင်းမှတ်တမ်းရေးထိုးခွင့်အား မဆုံးရှုံးစေဘဲ ပူးပေါင်းကြပါဟု တိုက်တွန်းလိုပါကြောင်း ဆွေးနွေး သည်။

တပ်မတော်သား ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဗိုလ်ကြီး ဒေါ်မြင့်မြင့်နွယ်က ဖွဲ့စည်းပုံ အခြေခံဥပဒေ(၂၀ဝ၈ ခုနှစ်) ပြင်ဆင်ရေး ပူးပေါင်းကော်မတီ (၄၅ ဦး ကော်မတီ) သည် ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်နိုင်ရေး အကြံပြုချက် ၃၇၆၅ ချက်ကို စိစစ်နေဆဲ ဖြစ်ပါကြောင်း၊ မည်သည့်အချိန်တွင်  လွှတ်တော်ကိုတင်သွင်းနိုင်မည်ကို တိတိကျကျ မသိရသေးပါကြောင်း၊ ယခုဥပဒေမူကြမ်းကို ၄၅ ဦးကော်မတီ၏ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်သည့် ဥပဒေမူကြမ်းတင်သွင်းချိန်မှသာ တစ်ပြိုင်တည်း ပူးပေါင်းသုံးသပ်မည်ဆိုပါက  ယနေ့နိုင်ငံတွင် ဖြစ်ပေါ်နေသည့် အခြေအနေများအရ လုပ်သင့်လုပ်ထိုက်သည်များကို မြန်မြန်ဆန်ဆန် အချိန်မီမဆောင်ရွက်နိုင်မည်ကို စိုးရိမ်မိပါကြောင်း၊ ထို့ကြောင့် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းသန်းနိုင် အပါအဝင် ပြည်ထောင်စုလွှတ် တော်ကိုယ်စားလှယ် ၁၄၅ ဦးက တင်သွင်းသော ယခု ဥပဒေမူကြမ်းကို ပြည်ထောင်စုလွှတ်တော်ဆိုင်ရာဥပဒေ၊ နည်းဥပဒေနှင့်အညီ ပြည်ထောင်စုလွှတ်တော်တွင် ဆက်လက်ဆွေးနွေးသင့်ပါကြောင်းနှင့် အစီရင်ခံစာကို ကန့်ကွက်ပါကြောင်း ဆွေးနွေးသည်။

ယင်းအစီရင်ခံစာအပေါ် ကယားပြည်နယ်မဲဆန္ဒနယ်အမှတ်()မှ ဦးစိုးသိန်း၊ မကွေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်()မှ ဦးဝင်းမြင့်၊ တပ်မတော်သားပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှူးအောင်ကျော်နှင်း၊ တပ်မတော်သားပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှူးရဲထွန်း၊ တပ်မတော်သားအမျိုး သားလွှတ်တော် ကိုယ်စားလှယ် ဒုတိယဗိုလ်မှူးကြီး မျိုးထွန်းအောင်၊ မင်းကင်းမဲဆန္ဒနယ်မှ ဦးမောင်မြင့်၊ တပ်မတော်သားပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဗိုလ်ကြီးဒေါ် တင်မာဆွေ၊ ထီးလင်းမဲဆန္ဒနယ်မှ ဦးမြတ်လေးဦး၊ ဝေါမဲဆန္ဒနယ်မှ ဦးတင်ထွေး၊ တပ်မတော် သားအမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှူးအောင်နိုင်ဦး၊ ဂန့်ဂေါမဲဆန္ဒနယ်မှ ဒေါ်ယဉ်မင်းလှိုင်၊ တပ်မတော်သားပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှူးချစ်ညီညီနှင့် စစ်ကိုင်းတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်()မှ ဦးမောင်မောင်လတ်တို့က ဆက်လက်ဆွေး နွေးကြသည်။

ယနေ့အစည်းအဝေးတွင် ပြည်ထောင်စုလွှတ်တော်နာယက ဦးတီခွန်မြတ် က ပြည်ထောင်စုလွှတ်တော်က အတည်ပြုသည်ဟုမှတ်ယူရမည့် မြန်မာနိုင်ငံ လူမွဲခံယူခြင်းဆိုင်ရာ ဥပဒေကြမ်းကို လွှတ်တော်က မှတ်တမ်းတင်ကြောင်း ကြေညာသည်။

ထို့နောက် တပ်မတော်သား အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှူးချုပ် အောင်စန်းချစ် အပါအဝင် တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ် ၁၄၄ ဦးတင်ပြထားသည့် ဖွဲ့စည်းပုံအခြေခံဥပဒေကို ဒုတိယအကြိမ် ပြင်ဆင်သည့် ဥပဒေမူကြမ်းနှင့် စပ်လျဉ်းသည့် လေ့လာစိစစ်ရေးပူးပေါင်းကော်မတီ၏ အစီရင်ခံစာအပေါ် လွှတ်တော်ကိုယ်စားလှယ်များ၏ ဆွေးနွေးချက်များနှင့် စပ်လျဉ်း၍ ပြည်ထောင်စုလွှတ်တော် ဖွဲ့စည်းပုံအခြေခံဥပဒေကို ဒုတိယအကြိမ်ပြင်ဆင်သည့် ဥပဒေမူကြမ်းလေ့လာစိစစ်ရေး ပူးပေါင်းကော်မတီ အတွင်းရေးမှူး ဒေါက်တာမြတ်ဉာဏစိုး က မိမိတို့ပူးပေါင်းကော်မတီအနေဖြင့် သီးခြားရှင်းလင်းတင်ပြရန် မရှိပါကြောင်း၊ ပူးပေါင်းကော်မတီဝင် အများစု၏ သဘောထားဆန္ဒနှင့် ပူးပေါင်းကော်မတီဝင် ()ဦးမှ သီးခြားအကြံပြု တင်ပြထားသည့် အချက်ကိုလည်း အစီရင်ခံစာတွင် ပြည့်စုံစွာ ထည့်သွင်းဖော်ပြပြီး ဖြစ်ပါကြောင်း၊ ထို့ကြောင့် လေ့လာစိစစ်ရေး ပူးပေါင်းကော်မတီ၏ အစီရင်ခံစာကို လွှတ်တော်၏ အဆုံးအဖြတ်ရယူ၍ အတည်ပြုပေးနိုင်ရန်အတွက် လေးစားစွာ အဆိုပြုတင်ပြအပ်ပါကြောင်း ပြောကြားသည်။

ယင်းနောက် ပြည်ထောင်စုလွှတ်တော် နာယကက လွှတ်တော်အစည်းအဝေးများတွင် ဆောင်ရွက်ရမည့် ကိစ္စရပ်များနှင့် စပ်လျဉ်း၍ ပြည်ထောင်စုလွှတ်တော်ဆိုင်ရာ ဥပဒေပုဒ်မ ၂၁ ပါ ပြဋ္ဌာန်းချက်များအရ အကြောင်းအရာနှင့် လုပ်ငန်းစဉ်အပေါ် မူတည်ပြီး ဆွေးနွေးခြင်း၊ မှတ်တမ်းတင်ခြင်း၊ အဆုံးအဖြတ်ရယူခြင်းများကို ဆောင်ရွက်ရမည် ဖြစ်ပါကြောင်း၊ လွှတ်တော်၏ အဆုံးအဖြတ်ရယူရမည့် ကိစ္စရပ်တစ်ခုအတွက် မဲခွဲဆုံးဖြတ်သည့် လုပ်ငန်းစဉ်ကလည်း ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် လွှတ်တော်ဆိုင်ရာ ဥပဒေ၊ နည်းဥပဒေများနှင့်အညီ ဆောင်ရွက်ခြင်းဖြစ်ကြောင်း လွှတ်တော်ကိုယ်စားလှယ်များကို အသိပေးပြောကြားလိုပါကြောင်း၊ ထို့ကြောင့် အဆိုပါ ပူးပေါင်းကော်မတီ၏ အစီရင်ခံစာနှင့်စပ်လျဉ်း၍ လွှတ်တော်၏အဆုံးအဖြတ်ကို စက်ခလုတ်အသုံးပြုသည့် နည်းလမ်းဖြင့် ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊ ထောက်ခံဆန္ဒမဲများပါက ယင်းအစီရင်ခံစာကို လွှတ်တော်က သဘောတူအတည်ပြုမည်ဖြစ်ပြီး ကန့်ကွက်ဆန္ဒမဲများပါက အတည်မပြု ကြောင်းကြေညာမည် ဖြစ်ပါကြောင်း ပြောကြားသည်။

ထို့နောက် ပြည်ထောင်စုလွှတ်တော် နာယကက အဆိုပါ ပူးပေါင်းကော်မတီ၏ အစီရင်ခံစာနှင့် စပ်လျဉ်း၍ အတည်ပြုရန် စက်ခလုတ်အသုံးပြု၍ လွှတ်တော်၏ အဆုံးအဖြတ်ရယူရာ ထောက်ခံမဲ ၃၄၇ မဲ၊ ကန့်ကွက်မဲ ၁၉၇မဲ၊ ကြားနေမဲ မဲဖြစ်သဖြင့် ထောက်ခံမဲများသဖြင့် လွှတ်တော်က သဘောတူအတည်ပြုကြောင်း ကြေညာသည်။

ဆက်လက်၍ နိုင်ငံတော်သမ္မတထံမှ ပေးပို့ထားသော Toyota Landcruiser (Bullet Proof) မော်တော်ယာဉ်()စီး တင်သွင်းရာတွင် အထူးကုန်စည်ခွန်နှင့် ကုန်သွယ်လုပ်ငန်းခွန် ကင်းလွတ်ခွင့် ရရှိရေးကိစ္စနှင့် စပ်လျဉ်း၍ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်း က လွှတ်တော်သို့ ရှင်းလင်းတင်ပြရာတွင် အထူးကုန်စည်ခွန် ကင်းလွတ်ခွင့်နှင့် စပ်လျဉ်း၍ အထူးကုန်စည်ခွန်ဥပဒေ ပုဒ်မ ၉၊ ပုဒ်မခွဲ()တွင် ပြည်ထောင်စုအစိုးရအဖွဲ့သည် အခွန်ကျသင့်သော အထူးကုန်စည် တစ်မျိုးမျိုးနှင့် စပ်လျဉ်း၍ ပြည်ထောင်စုလွှတ်တော်၏ သဘောတူညီချက်ဖြင့် ကင်းလွတ်ခွင့် သို့မဟုတ် သက်သာခွင့်ပြုနိုင်သည်ဟု ပြဋ္ဌာန်းထားပါကြောင်း၊ ၂၀၁၉ခုနှစ် ပြည်ထောင်စု၏ အခွန်အကောက်ဥပဒေ ပုဒ်မ ၁၄၊ ပုဒ်မခွဲ(က)ပါ ကုန်သွယ်လုပ်ငန်းခွန် မကျသင့်သည့် ကုန်စည်များနှင့် စပ်လျဉ်း၍ အမှတ်စဉ် (၄၁)တွင် နိုင်ငံတော်၏ လိုအပ်ချက်အရ ပြည်ထောင်စုလွှတ်တော်၏ သဘောတူညီချက်ဖြင့် ပြည်ထောင်စုအစိုးရအဖွဲ့က အမိန့်ကြော်ငြာစာ ထုတ်ပြန်၍ အခွန်ကင်းလွတ်ခွင့်ပြုသည့် ကုန်စည်များဟု ပြဋ္ဌာန်းထားပါကြောင်း။

သို့ဖြစ်၍ ယင်း ပြဋ္ဌာန်းချက်များနှင့်အညီ အဆိုပါ မော်တော်ယာဉ်()စီးအတွက် အထူးကုန်စည်ခွန်နှင့် ကုန်သွယ်လုပ်ငန်းခွန် ကင်းလွတ်ခွင့်ရရှိရေးအတွက် ၂၀၁၉ခုနှစ်၊ နိုဝင်ဘာ ၁၅ ရက်တွင် ကျင်းပပြုလုပ်သော (၁၅/၂၀၁၉) ကြိမ်မြောက် ပြည်ထောင်စု အစိုးရအဖွဲ့၊ စီးပွားရေးရာကော်မတီအစည်းအဝေး၊ ၂၀၁၉ခုနှစ်၊ နိုဝင်ဘာ ၂၂ ရက်တွင် ကျင်းပပြုလုပ်သော (၂၂/၂၀၁၉)ကြိမ်မြောက် ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေးတို့သို့ တင်ပြခဲ့ပါကြောင်း၊ ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေး ဆုံးဖြတ်ချက်အရ ပြည်ထောင်စုလွှတ်တော်သို့ တင်ပြရခြင်းဖြစ်ပါကြောင်း။

သို့ဖြစ်ပါ၍ ၂၀၁၉ - ၂၀၂၀ဘဏ္ဍာရေးနှစ် ငွေလုံးငွေရင်းအသုံးစရိတ်ဖြင့် ဝယ်ယူမည့် Toyota Landcruiser (Bullet Proof) မော်တော်ယာဉ် ()စီး ဝယ်ယူတင်သွင်းရာတွင် ကျသင့်မည့် အထူးကုန်စည်ခွန် အမေရိကန်ဒေါ်လာ ( ဒသမ ၆၇၉၆)သိန်းနှင့် ကုန်သွယ်လုပ်ငန်းခွန် အမေရိကန်ဒေါ်လာ ( ဒသမ ၅၅၁၉) သိန်းတို့ကို ကင်းလွတ်ခွင့် ရရှိနိုင်ရေးအတွက် ပြည်ထောင်စုလွှတ်တော်ဆိုင်ရာ ဥပဒေ ပုဒ်မ ၆၁ ပုဒ်မခွဲ(က) ၏နောက်ဆက်တွဲဇယား() အမှတ်စဉ် ()ပါ ပြဋ္ဌာန်းချက်အရ ပြည်ထောင်စုလွှတ်တော်၏ အတည်ပြုချက် ရယူပေးနိုင်ပါရန် တင်ပြအပ်ပါကြောင်း ပြောကြားသည်။

ထို့နောက် ပြည်ထောင်စုလွှတ်တော် နာယက က ယင်းကိစ္စနှင့်စပ်လျဉ်း၍ ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်ရှိပါက အမည်စာရင်းတင်သွင်းနိုင်ကြောင်း ကြေညာသည်။

ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် (၁၄)ကြိမ်မြောက် ပုံမှန်အစည်းအဝေး (၁၂)ရက်မြောက်နေ့ကို ဒီဇင်ဘာ ရက် တွင်ဆက်လက်ကျင်းပသွားမည် ဖြစ်ကြောင်း သိရသည်။

အောင်ရဲသွင်၊ အေးအေးသန့်