ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် (၁၄)ကြိမ်မြောက် ပုံမှန်အစည်းအဝေး (၁၂) ရက်မြောက်နေ့ ကျင်းပ

နေပြည်တော်  ၉   ဒီဇင်ဘာ

 

ယနေ့ကျင်းပသည့် ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော်(၁၄)ကြိမ်မြောက် ပုံမှန်အစည်းအဝေး (၁၂)ရက်မြောက်နေ့တွင် ကရင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၅)မှ ဦးစိုင်းသန်းနိုင် အပါအဝင် ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ် ၁၄၅ ဦး တင်ပြထားသော ဖွဲ့စည်းပုံအခြေခံ ဥပဒေကို ဒုတိယအကြိမ်ပြင်ဆင်သည့် ဥပဒေမူကြမ်းနှင့်စပ်လျဉ်း၍ လေ့လာစိစစ်ရေး ပူးပေါင်းကော်မတီ၏ အစီရင်ခံစာအပေါ် လွှတ်တော်ကိုယ်စားလှယ်များက ဆွေးနွေးကြသည်။

 

မချမ်းဘော မဲဆန္ဒနယ်မှ ဦးနန်မွန်ထင် က ၂၀ဝ၈ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ရန် အချက်ပေါင်း ၃၇၆၅ ချက်ရှိသည်ကို တွေ့ရှိရသည့်အတွက် အသစ်ရေးဆွဲသည့် နည်းလမ်းသဘောမျိုး သက်ရောက်သည်ဟု ယူဆမိပါကြောင်း၊ အသစ်ပြန်လည်ရေးဆွဲမည်ဆိုပါက မူကြမ်းရှင်းလင်းပွဲ၊ ဆန္ဒခံယူပွဲ ပြုလုပ်ပြီးမှ အတည်ပြုသင့်သည်ဟု သုံးသပ်မိပါကြောင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေသည် တစ်နိုင်ငံလုံးနှင့်ဆိုင်သည့် ပင်မဥပဒေဖြစ်ပါကြောင်း၊ ထို့ကြောင့် ဖွဲ့စည်းပုံအခြေခံဥပဒေကို ကိုယ်ပိုင်ပစ္စည်းကဲ့သို့ မသုံးသင့်ပါကြောင်း၊ ယခုပူးပေါင်းကော်မတီ၏ စိစစ်ချက်အရ ထွက်လာသည့် ဥပဒေ ကြမ်းကို ပြည်သူလူထုအား ချပြရှင်းလင်း၍ အတည်ပြုသင့်ပါကြောင်း၊ ယင်းသို့ မပြုလုပ်ဘဲ သာမန်ဥပဒေကို လွှတ်တော်တွင် မဲအနည်း၊ အများဖြင့် အတည်ပြုသကဲ့သို့ ဆောင်ရွက်ပါက နောင်တစ်ချိန်တွင် တိုင်းပြည်အတွက် အန္တရာယ်ဖြစ်နိုင်သည်ဟု သုံးသပ်မိပါကြောင်း ဆွေးနွေးသည်။

 

5

 

ပျော်ဘွယ် မဲဆန္ဒနယ်မှ ဦးသောင်းအေး က မိမိတို့သည် ဖွဲ့စည်းပုံအခြေခံ ဥပဒေကို ထိန်းသိမ်းကာကွယ်စောင့်ရှောက်ပြီး နိုင်ငံတော်၏ ဥပဒေများကို လိုက်နာပါမည်ဟု ကတိသစ္စာပြုထားသူများ ဖြစ်ပါကြောင်း၊ ထို့ကြောင့် ဥပဒေကိုလိုက်နာသည့် လွှတ်တော်အဖြစ် သမိုင်းတွင်ကျန်ရစ်စေရန် ဖွဲ့စည်းပုံအခြေခံဥပဒေတစ်ခုလုံးကို ပြင်ဆင်ရန် ဆောင်ရွက်နေသည့် ကော်မတီ၏ ဆောင်ရွက်ချက်သည် ပုဒ်မ ၄၃၃ပါ ပြဋ္ဌာန်း ချက်နှင့် ညီ၊ မညီ ပြန်လည်စိစစ်ပြီး ဥပဒေနှင့်အညီ ဆောင်ရွက်ပေးရန် အလေးထား တိုက်တွန်းလိုပါကြောင်း၊ ယခုအစီရင်ခံစာတွင် ဥပဒေမူကြမ်း တစ်ပိုဒ်ချင်းကို သုံးသပ်ချက် မပါဝင်ဘဲ လုပ်ဆောင်နေခြင်းအပေါ် ဝေဖန်မှုသက်သက်ဖြစ်နေသည့် ပူးပေါင်းကော်မတီ၏ အစီရင်ခံစာကို ပယ်ဖျက်ပြီး ပြဋ္ဌာန်းထားသည့် ဥပဒေများနှင့်အညီ ဦးစိုင်းသန်းနိုင် အဖွဲ့တင်ပြထားသည့် ဥပဒေမူကြမ်းအပါအဝင် ရှေ့က ဥပဒေမူကြမ်းအားလုံးကို ပုဒ်မ ၄၃၅ နှင့်အညီ ပြည်ထောင်စုလွှတ်တော်က ဆောလျင်စွာ လက်ခံဆွေးနွေး ဆောင်ရွက်ပေးရန် တိုက်တွန်းလိုပါကြောင်း ဆွေးနွေးသည်။

 

နွားထိုးကြီး မဲဆန္ဒနယ်မှ ဦးနိုင်ထူးအောင် က ပြည်သူတစ်ရပ်လုံး လိုလားတောင်းတနေသော ဒီမိုကရေစီဖက်ဒရယ် စံနှုန်းများ ပြည့်ဝသည့် ဖွဲ့စည်းပုံအခြေခံ ဥပဒေဖြစ်ပေါ်လာရန်မှာ မိမိတို့ လွှတ်တော်ကိုယ်စားလှယ်များ အားလုံး၏ သမိုင်းပေး တာဝန်တစ်ရပ်ပင် ဖြစ်ပါကြောင်း၊ ယင်းသို့ တာဝန်တစ်ရပ်ကို ထမ်းဆောင်ရာတွင် အတိတ်ကဖြစ်ရပ်များကို သင်ခန်းစာယူ၍ ဆောင်ရွက်ကြရမည်မှာ အမှန်ပင်ဖြစ်ပါကြောင်း၊ သို့သော် သမိုင်းဖြစ်ရပ်ကို တစ်ဖက်သတ်အမြင်ဖြင့် ကောက်ချက်စွဲပြီး သင်ခန်းစာအဖြစ် မှတ်ယူနေခြင်းမျိုး မဖြစ်ရန် လိုအပ်ပါကြောင်း၊ ကျယ်ပြန့်သည့် အမြင်ဖြင့် ဘက်ပေါင်းစုံမှ  ကြည့်ပြီး စွဲသည့်ကောက်ချက်၊ မှန်ကန်သည့်သဘောထားဖြင့် ရယူ သည့် သင်ခန်းစာမျိုးဖြစ်ရန် လိုအပ်ပါကြောင်း၊ ထို့ကြောင့် လွှတ်တော်ကိုယ်စားလှယ် များအားလုံးအနေဖြင့် သမိုင်းသစ်ကို အကောင်းဆုံးရေးထိုးနိုင်ရန် အတိတ်သမိုင်းမှ မှန်ကန်သည့် သင်ခန်းစာများ ရယူပြီး ဒီမိုကရေစီဖက်ဒရယ်စံနှုန်းများ ပြည့်ဝသည့် ဖွဲ့စည်းပုံအခြေခံဥပဒေ ဖြစ်ပေါ်လာစေရေး လက်တွဲဆောင်ရွက်ကြရန် တိုက်တွန်းရင်း လေ့လာစိစစ်ရေး ပူးပေါင်းကော်မတီ၏ အစီရင်ခံစာကို ထောက်ခံပါကြောင်း ဆွေးနွေးသည်။

 

မံစီမဲဆန္ဒနယ်မှ ဦးချင်းဖေလင်း က ပြည်ထောင်စုလွှတ်တော်ဆိုင်ရာ ဥပဒေ၊ နည်းဥပဒေ နှင့်အညီ ဖွဲ့စည်းပုံအခြေခံဥပဒေကို ဆောလျင်စွာ ပြင်ဆင်ရေးအတွက် ၂၀ဝ၈ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး ပူးပေါင်းကော်မတီကိုလည်း ဖွဲ့စည်းထားပြီး ဖြစ်ပါကြောင်း၊ ယခင်က တင်သွင်းခဲ့သည့် ဥပဒေမူကြမ်း (၄)ခုကိုလည်း ပြင်ဆင်ရေး ပူးပေါင်းကော်မတီ၏ သုံးသပ်တင်ပြချက်များဖြင့် တစ်ပြိုင်တည်း အတူယှဉ်တွဲ ဆွေးနွေးရန်ကိုလည်း လွှတ်တော်က ဆုံးဖြတ်အတည်ပြုခဲ့ပြီး ဖြစ်ပါကြောင်း၊ ထို့ကြောင့် ဦးစိုင်းသန်းနိုင် အပါအဝင် ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ် ၁၄၅ ဦးတင်ပြခဲ့သည့် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးမူကြမ်းကို ပြင်ဆင်ရေးလုပ်ငန်းစဉ်များ ချောမွေ့စေရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀ဝ၈ခုနှစ်) ပြင်ဆင်ရေးပူးပေါင်းကော်မတီ ၏ ပြင်ဆင်သုံးသပ်ရေး လုပ်ငန်းစဉ်တွင် တစ်ပြိုင်တည်း ယှဉ်တွဲ ဆွေးနွေးခြင်းမှာ ပိုမို သင့်လျော်မှန်ကန်မည် ဖြစ်သည့်အတွက် ဥပဒေမူကြမ်း လေ့လာစိစစ်ရေးပူးပေါင်း ကော်မတီ၏ အစီရင်ခံစာကို ထောက်ခံပါကြောင်း ဆွေးနွေးသည်။

 

စေတုတ္တရာ မဲဆန္ဒနယ်မှ ဦးကျော်အောင်လွင် က ဒီမိုကရေစီနိုင်ငံတော် တည်ဆောက်မည်ဆိုပါက ဒီမိုကရေစီ စံချိန်စံညွှန်းများနှင့်ညီသည့် ဖွဲ့စည်းပုံတစ်ရပ် မရှိမဖြစ် လိုအပ်နေသည့်အတွက် ဖော်ဆောင်နေကြခြင်း ဖြစ်ပါကြောင်း၊ ထို့ပြင် အနာဂတ်နိုင်ငံတော်၏ မျိုးဆက်သစ်များအတွက် အေးချမ်းသာယာပြီး ဒီမိုကရေစီအခွင့်အရေးများ ပြည့်ဝသည့် နိုင်ငံတစ်ခုကို မိမိတို့အနေဖြင့် ပုံဖော်ထားခဲ့ကြရမည် ဖြစ်ပါကြောင်း၊ ထို့ကြောင့် ၂၀ဝ၈ခုနှစ် ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်ဆင်ရေးပူးပေါင်း ကော်မတီမှ ဖွဲ့စည်းပုံ အခြေခံဥပဒေမူကြမ်းကို လွှတ်တော်သို့ ဥပဒေ၊ နည်းဥပဒေ များနှင့်အညီ တင်သွင်းလာချိန်တွင် ယခုတင်သွင်းထားသည့် ဥပဒေမူကြမ်း (၅)ခုနှင့် အတူ သီးခြားစီ တစ်ပြိုင်တည်း ယှဉ်တွဲလျက် ဥပဒေမူကြမ်း လေ့လာစိစစ်ရေး ပူးပေါင်းကော်မတီမှ အတူတကွလေ့လာ သုံးသပ်ရေးလုပ်ငန်းစဉ်များ ဆောင်ရွက်ခြင်းနှင့် ပြင်ဆင်မည့် ဥပဒေမူကြမ်းများ အားလုံးကို လွှတ်တော်တွင် ဆက်လက်ဆွေးနွေးပြီး အဆုံးအဖြတ် ရယူပါက ပိုမိုလျော်ကန်သင့်မြတ်မည် ဆိုသည့် လေ့လာစိစစ်ရေး ပူးပေါင်းကော်မတီ၏ အစီရင်ခံစာကို လေးနက်စွာ ထောက်ခံပါကြောင်း ဆွေးနွေးသည်။

 

ယင်းအစီရင်ခံစာအပေါ် တပ်မတော်သား ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒုတိယဗိုလ်မှူးကြီးသန့်ဇင်၊ ကရင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၂)မှ ဦးစောယှား ဖောင်အွာ၊ တပ်မတော်သားအမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဗိုလ်မှူးကြီးအောင်လွင်၊ တပ်မတော်သား အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှူးကျော်စိုးဦး၊ တပ်မတော်သား ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှူးကြီး မင်းဦး၊ ချင်းပြည် နယ် မဲဆန္ဒနယ်အမှတ်(၁၂)မှ ဦးမျိုးထပ်(ခေါ်)ဆလိုင်းမျိုးထိုက်၊ တပ်မတော်သား ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှူး မင်းမင်း၊ မွန်ပြည်နယ်မဲဆန္ဒနယ် အမှတ်(၅) မှ ဒေါ်မြတ်သီတာထွန်း၊ တပ်မတော်သားပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှူး မိုးဦးကျော်နှင့် တပ်မတော်သား ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှူးချုပ်ကျော်စန်းလင်း တို့က ဆက်လက်ဆွေးနွေးကြသည်။

 

ယနေ့အစည်းအဝေးတွင် နိုင်ငံတော်သမ္မတထံမှ သဘောထားမှတ်ချက်ဖြင့် ပြန်လည် ပေးပို့ထားသော အခြေခံပညာရေးဥပဒေကြမ်းနှင့်စပ်လျဉ်း၍ ဥပဒေကြမ်း ပူးပေါင်းကော်မတီအတွင်းရေးမှူး ဦးကျော်စိုးလင်းက တစ်ပိုဒ်ချင်းစီအလိုက် အဆိုပြုတင်ပြရာ ပြည်ထောင်စုလွှတ်တော် နာယက ဦးတီခွန်မြတ် က လွှတ်တော်၏ အဆုံး အဖြတ်ရယူ အတည်ပြုသည်။

 

ထို့နောက် အဆိုပါ ဥပဒေကြမ်း၏ အပိုဒ် ၁၆ အပိုဒ်ခွဲ(ခ)နှင့် အပိုဒ် ၄၉ တို့နှင့် စပ်လျဉ်း၍ မင်းလှမဲဆန္ဒနယ်မှ ဒေါက်တာသန်းအောင်စိုးက ဆွေးနွေးရာ ပြည်ထောင်စု လွှတ်တော် နာယက  က ပညာရေးဝန်ကြီးဌာနနှင့် ဥပဒေကြမ်းပူးပေါင်း ကော်မတီတို့၏ သဘော ထားမေးမြန်း၍ လွှတ်တော်၏ အဆုံးအဖြတ်ရယူအတည်ပြု သည်။

 

ယင်းနောက် ပြည်ထောင်စုလွွှတ်တော် နာယက က အဆိုပါ ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ နိုင်ငံတော်သမ္မတ၏ သဘောထားမှတ်ချက်များကို လွှတ်တော်က ဆုံးဖြတ် ထားသည့်အတိုင်း ပြင်ဆင်ပြီး ပြည်ထောင်စုလွှတ်တော်ဆိုင်ရာ နည်းဥပဒေ ၁၀၉ နှင့်အညီ နိုင်ငံတော်သမ္မတထံသို့ ပြန်လည်ပေးပို့သွားမည်ဖြစ်ကြောင်း ကြေညာသည်။

 

8

 

ထို့နောက် လွှတ်တော်နှစ်ရပ်သဘောကွဲလွဲသော လယ်ယာမြေဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းနှင့်စပ်လျဉ်း၍ ဥပဒေကြမ်းပူးပေါင်းကော်မတီဝင် ဦးဇော်ဝင်း က တစ်ပိုဒ်ချင်းစီအလိုက် အဆိုပြုတင်ပြရာ လွှတ်တော်ကိုယ်စားလှယ်များက ဆွေးနွေ ကြပြီး ပြည်ထောင်စုလွှတ်တော် နာယက က စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန နှင့် ဥပဒေကြမ်းပူးပေါင်းကော်မတီ တို့၏ သဘောထားမေးမြန်း၍ လွှတ်တော်၏ အဆုံးအဖြတ်ရယူအတည်ပြုသည်။

 

ဆက်လက်၍ ပြည်ထောင်စုလွှတ်တော် နာယက က အဆိုပါ ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်တို့က အတည်ပြုခဲ့သည့် အပိုဒ်၊ အပိုဒ်ခွဲများကို လွှတ်တော်နှစ်ရပ် အတည်ပြုချက်အတိုင်းလည်းကောင်း၊ လွှတ်တော်နှစ်ရပ် သဘောကွဲလွဲသည့် အပိုဒ်၊ အပိုဒ်များကို ပြည်ထောင်စုလွှတ်တော်၏ အတည်ပြုချက်အတိုင်းလည်းကောင်း ပြန်လည်ပြင်ဆင်၍ ပြည်ထောင်စုလွွှတ်တော် ဆိုင်ရာ ဥပဒေ၊ နည်းဥပဒေများနှင့်အညီ ဆက်လက်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း ကြေညာသည်။

 

ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် (၁၄)ကြိမ်မြောက် ပုံမှန်အစည်းအဝေး (၁၃)ရက်မြောက်နေ့ကို ဒီဇင်ဘာ ၁၁ ရက်တွင် ဆက်လက်ကျင်းပမည်ဖြစ်ကြောင်း သိရသည်။

 

အောင်ရဲသွင်၊ အေးအေးသန့်