ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် (၁၅)ကြိမ်မြောက် ပုံမှန်အစည်းအဝေး ဒုတိယနေ့ကျင်းပ

နေပြည်တော်  ၂၈  ဇန်နဝါရီ 

ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် (၁၅)ကြိမ်မြောက် ပုံမှန်အစည်းအဝေး ဒုတိယနေ့ကို ယနေ့ နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ ပြည်ထောင်စုလွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အစည်းအဝေးတွင် နိုင်ငံတော်သမ္မတထံမှ ပေးပို့ထားသော ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က မြို့တော်စည်ပင်သာယာရေး နယ်နိမိတ်အတွင်း စွန့်ပစ်အမှိုက်များ ပြုပြင်သန့်စင်သည့် စီမံကိန်းအကောင်အထည်ဖော် ဆောင်ရွက်ရန် ပိုလန်နိုင်ငံ အစိုးရထံမှ ODA ချေးငွေ ယူရိုသန်း ၅၀ ရယူရေးကိစ္စနှင့် စပ်လျဉ်း၍ လွှတ်တော်ကိုယ်စားလှယ်များက ဆွေးနွေးကြသည်။

ရန်ကုန်တိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၇)မှ ဦးရဲမြင့်စိုးက ယခုစီမံကိန်းသည် ရန်ကုန်မြို့တော်၏ နေ့စဉ်ထွက်နေသည့် အမှိုက်တန်ချိန် ၂၅၀ဝ တွင် တန်ချိန် ၁၀ဝဝ ကိုသာ ဖြေရှင်းနိုင်မည်ဖြစ်ပါကြောင်း၊ ထို့ကြောင့် စီမံကိန်းကို နမူနာအနေဖြင့် လျင်မြန်စွာ အကောင်အထည်ဖော်ပြီး ကျန်ရှိနေသေးသည့် အမှိုက်တန်ချိန် ၁၅၀ဝ ကို မလွဲမသွေထပ်တိုး၍ ဆက်လက် ဖြေရှင်းသွားရမည် ဖြစ်ပါကြောင်း၊ ထို့ပြင် ယခုစီမံကိန်းကို အကောင်အထည်ဖော် ဆောင်ရွက်ပါက တွေ့ရှိရမည့် အကျိုးတရားများကို စဉ်ဆက်မပြတ် အချိန်နှင့်တစ်ပြေးညီ ထုတ်ပြန်ကြေညာသွားခြင်းဖြင့်လည်း ပြည်သူကို အသိပေးစေလိုပါကြောင်း၊ ထို့ကြောင့် သန့်ရှင်းကျန်းမာစေရေးအတွက် ရန်ကုန်တိုင်းဒေသကြီး စည်ပင်သာယာနယ်နိမိတ်အတွင်း စွန့်ပစ်အမှိုက်ပုံများ ပြုပြင်သန့်စင်သည့် စီမံကိန်းအကောင်အထည်ဖော် ဆောင်ရွက်ရန်အတွက် ချေးငွေယူရိုသန်း ၅၀ ရယူရေးကိစ္စနှင့် စပ်လျဉ်း၍ ထောက်ခံပါကြောင်း ဆွေးနွေးသည်။

လှိုင်သာယာမဲဆန္ဒနယ်မှ ဦးဝင်းမင်းက စီမံကိန်းအတွက် တည်ဆောက်မည့် စက်ရုံသည် ဒေသ၏ သဘာဝပတ်ဝန်းကျင်နှင့် ကိုက်ညီပြီး စက်ရုံသက်တမ်းသည်လည်း ပြည့်မီရန် လိုအပ်ပါကြောင်း၊ သက်တမ်းပြည့်ခါနီး ဖျက်ဆီးရမည့် စက်ရုံများ လာရောက်တည်ဆောက်ပေးခြင်းမျိုး မဖြစ်စေရန် လိုအပ်ပါကြောင်း၊ ထို့ပြင် စီမံကိန်း သတ်မှတ်ကာလ အချိန်နှင့်တစ်ပြေးညီ ပြီးစီးအောင်မြင်စေရန်နှင့် စီမံကိန်းလုပ်ငန်းစဉ်များပါ ကုန်ကြမ်းများကိုမည်ကဲ့သို့ စီမံဆောင်ရွက်မည်ဆိုသည့် လေ့လာဆန်းစစ် ဆောင်ရွက်ထားမှုများကို ပြည်ထောင်စုလွှတ်တော်သို့ ရှင်းလင်းတင်ပြဆွေးနွေးပေးပါရန် အကြံပြုလိုပါကြောင်း ဆွေးနွေးသည်။

အင်းစိန်မဲဆန္ဒနယ်မှ ဦးမောင်မောင်ဦးက ယခုချေးငွေဖြင့် ပြုလုပ်မည့် သန့်စင်စက်သည် အမှိုက်တန်ချိန် ၁၀ဝဝ သာချေဖျက် နိုင်မည်ဖြစ်ပါကြောင်း၊ ကျန်ရှိသည့် တန်ချိန်များကို မည်သို့စီမံခန့်ခွဲမည်ကိုလည်း သိရှိလိုပါကြောင်း၊ ထို့ပြင် အကြံပြုလို သည်မှာ နိုင်ငံဖွံ့ဖြိုးတိုးတက်ရန် အဓိကလိုအပ်ချက်တစ်ခုဖြစ်သည့် လျှပ်စစ်လိုအပ်ချက်ကိုလည်း တစ်ဖက်တစ်လမ်းမှ ဖြေရှင်းဆောင်ရွက်ပေးနိုင်မည့်အပြင် နိုင်ငံတကာကလည်း လက်ခံအသုံးပြုနေပြီဖြစ်သည့် အမှိုက်က လျှပ်စစ်ဓာတ်ထုတ်လုပ်ခြင်းကိုလည်း ထည့်သွင်းစဉ်းစားသင့်ပါကြောင်း၊ ချေးငွေကိုအဆင့်ဆင့် မည်သည့်ပုံစံဖြင့် ပြန်လည်ပေးဆပ်သွားမည်ကိုလည်း ရှင်းလင်းစွာ သိရှိလိုပါကြောင်း ဆွေးနွေးသည်။

ယင်းကိစ္စနှင့်စပ်လျဉ်း၍ ရန်ကုန်တိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၄)မှ ဦးသန်းစိုး (ခေါ်)သန်းစိုး(ဘောဂဗေဒ)၊ ဧရာဝတီတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၅)မှ ဦးမောင်မောင်အုန်း၊ ဒဂုံမြို့သစ်(တောင်ပိုင်း) မဲဆန္ဒနယ်မှ ဦးအေးနိုင်၊ ရန်ကုန်တိုင်း ဒေသကြီး မဲဆန္ဒနယ်အမှတ်(၁၁)မှ ဦးအေးဗိုလ်၊ ရန်ကုန်တိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၁၂)မှ ဦးကျော်နိုင်၊ မွန်ပြည်နယ် မဲဆန္ဒနယ် အမှတ်(၈)မှ ဦးမျိုးဝင်း၊ ချောက်မဲဆန္ဒနယ်မှ ဦးဘိုကြီး၊ ပဲခူးတိုင်းဒေသကြီးမဲဆန္ဒနယ် အမှတ်(၁၁)မှ ဒေါက်တာ ဝင်းမြင့်နှင့် တောင်ဥက္ကလာပမဲဆန္ဒနယ်မှ ဒေါက်တာစောနိုင်တို့က ဆက်လက်ဆွေးနွေးကြသည်။

 

a

 

ထို့နောက် ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံးမှပေးပို့သော ၂၀၁၈ ခုနှစ်၊ ဧပြီလမှ စက်တင်ဘာလအထိ ၆ လအတွက် စစ်ဆေးတွေ့ရှိချက် အစီရင်ခံစာနှင့် စပ်လျဉ်း၍ ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီ၏ လေ့လာတွေ့ရှိချက်နှင့် သဘောထားမှတ်ချက် အစီရင်ခံစာ ပထမတွဲ(၁၆/၂၀၁၉) အပေါ် လွှတ်တော်ကိုယ်စားလှယ်များက ဆွေးနွေးကြသည်။

တပ်မတော်သား ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒုတိယဗိုလ်မှူးကြီးမိုးကျော်က ထိရောက်ကောင်းမွန်သည့် အရအသုံး မှန်းခြေငွေစာရင်းဖြစ်စေရန်အတွက် ရငွေများနှင့် အသုံးစရိတ်များကို အနီးစပ်ဆုံး ခန့်မှန်းတွက်ချက်တင်ပြရန် လိုအပ်ပြီး လက်တွေ့အကောင်အထည်ဖော် ဆောင်ရွက်ရာတွင်လည်း ပြည့်ပြည့်ဝဝ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန် လိုအပ်ပါကြောင်း၊ ထို့ပြင် ဘဏ္ဍာရေးဆိုင်ရာ အညွှန်းကိန်းများ မှန်ကန်စေရန်အတွက် GDP တန်ဖိုးများ မှန်ကန်စေရေးကိုလည်း ဂရုတစိုက်ဆောင်ရွက်ရန် လိုအပ်ပါကြောင်းနှင့် ပြည်တွင်း၊ ပြည်ပချေးငွေများကိုလည်း စနစ်တကျ စီမံခန့်ခွဲရန် လိုအပ်ပါကြောင်းအကြံပြု ဆွေးနွေးသည်။

ဒဂုံမဲဆန္ဒနယ်မှ ဒေါက်တာသက်သက်ခိုင်က အစိုးရဌာနများအနေဖြင့် ဘဏ္ဍာနှစ်အလိုက် ပြည်ထောင်စုစာရင်းစစ်ချုပ်၏ စစ်ဆေးတွေ့ရှိချက်အပေါ် ပြီးပြတ်အောင် အရေးယူဆောင်ရွက်ခြင်းဖြင့် ရေရှည်စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်စေရန် ဆောင်ရွက်ကြစေလိုပါကြောင်း၊ ထို့ပြင် လူတစ်ဦးချင်းစီ (သို့မဟုတ်) ဌာနတစ်ခုချင်းစီကိုလုပ်ပိုင်ခွင့် အတိအကျပေး၍ ၎င်းတို့ကို ပေးထားသည့် လုပ်ပိုင်ခွင့်များဖြင့် ဌာန၏ ရည်မှန်းချက်များကို ပြည့်မီအောင် အကောင်အထည်ဖော်နိုင်မည်လား ဆိုသည်ကို အဓိက စွမ်းဆောင်ရည်ညွှန်းကိန်းများဖြင့် တိုင်းတာစောင့်ကြည့် အကဲခတ်ပြီး စွမ်းဆောင်ရည်ရှိသည့်အလျောက် ဆုပေး၊ ဒဏ်ပေးစနစ် တည်ထောင်အကောင်အထည်ဖော် စေလိုပါကြောင်း၊ ယင်းသို့ ဆောင်ရွက်ခြင်းဖြင့်  အစိုးရဌာနများအနေဖြင့် အချုပ်အခြာအာဏာနှင့် ပြည်သူ့ဘဏ္ဍာတို့၏ မူလပိုင်ရှင်များဖြစ်သည့် ပြည်သူလူထု၏ အကျိုးစီးပွားကို အကောင်းဆုံး အကောင်အထည်ဖော်ပေးမည့် အစိုးရယန္တရားတစ်ရပ် တည်ဆောက်ရန် တိုက်တွန်းလိုပါကြောင်း ဆွေးနွေးသည်။

 

a

 

မန္တလေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၂)မှ ဦးထွန်းထွန်းဦးက နိုင်ငံဖွံ့ဖြိုးတိုးတက်မှုနှင့် လျှပ်စစ်ဓာတ်အား သုံးစွဲနိုင်မှုသည် တိုက်ရိုက်အချိုးကျပါကြောင်း၊ လျှပ်စစ်ဓာတ်အားသည် တည်ငြိမ်စိတ်ချရသည့် အရည်အသွေးရှိပြီး ပြည်သူများတတ်နိုင်သည့် ဈေးနှုန်းဖြစ်ရန် လိုအပ်ပါကြောင်း၊ အနာဂတ်နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်စေရန် လျှပ်စစ်ဓာတ်အားကို တိုးတက်ထုတ်လုပ် နိုင်စေရေးသည် များစွာအရေးကြီးပါကြောင်း၊ အထူးသဖြင့် ရေအားမှ လျှပ်စစ်ထုတ်ယူခြင်းသည် ဈေးနှုန်းသက်သာသကဲ့သို့ ဓာတ်အားစနစ်ကို တည်ငြိမ်အောင်ထိန်းပေးနိုင်ခြင်း၊ ရေအားလျှပ်စစ် ထုတ်လုပ်သည့်စက်များ၏ သဘာဝအရ ချက်ချင်းရပ်၍ ချက်ချင်းပြန်မောင်း၍ရပြီး လိုတိုးပိုလျော့လုပ်နိုင်ခြင်း စသည့် အားသာချက်များစွာရှိပါကြောင်း။

ထို့ပြင်တည်ဆောက်ဆဲ ရေအားလျှပ်စစ်စီမံကိန်းများ အချိန်မီမပြီးစီးဘဲ နှောင့်နှေးကြန့်ကြာနေပါက နိုင်ငံခြားငွေလဲလှယ်နှုန်း၊ စက်သုံးဆီဈေးနှုန်းနှင့် အခြားအရပ်ရပ်သော ကုန်ကျစရိတ်များမြင့်တက်လာပြီး စီမံကိန်းတန်ဖိုးသည် မူလခန့်မှန်းတန်ဖိုးထက် များစွာကြီးမားသွားမည် ဖြစ်ပါကြောင်း၊ ထို့ကြောင့် (၁၆/၂၀၁၉) အစီရင်ခံစာတွင် ပါဝင်သည့် နှောင့်နှေးကြန့်ကြာနေသည့် ရေအားလျှပ်စစ်စီမံကိန်းများကို အချိန်မီပြီးစီးအောင် ဝိုင်းဝန်းပြီး ကြိုးပမ်းဆောင်ရွက်ပေးကြရန် တိုက်တွန်းလိုပါကြောင်း ဆွေးနွေးသည်။

ယင်းအစီရင်ခံစာပထမတွဲ (၁၆/၂၀၁၉)အပေါ် ချောက်မဲဆန္ဒနယ်မှ ဦးဘိုကြီး၊ ပွင့်ဖြူမဲဆန္ဒနယ်မှ ဦးထွန်းထွန်း၊ တပ်မတော်သား ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှူးဇေဖြိုး၊ မကွေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၁)မှ ဦးလှဆန်း၊ မင်းဘူးမဲဆန္ဒနယ်မှ ဦးဝင်းဝင်း၊ တနင်္သာရီတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၁၂)မှ ဦးခင်မျိုးဝင်း၊ လွိုင်လင်မဲဆန္ဒနယ်မှ ဦးခင်မောင်သီ၊ ပုလဲမဲဆန္ဒနယ်မှ ဒေါ်ခင်စန်းလှိုင်၊ ချင်းပြည်နယ် မဲဆန္ဒနယ်အမှတ်(၆)မှ ဦးကျင့်ခန့်ပေါင်၊ အိမ်မဲမဲဆန္ဒနယ်မှ ဒေါ်သန္တာနှင့် ကရင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၇)မှ နော်ခရစ္စထွန်း(ခေါ်) ဒေါက်တာအားကာမိုးတို့က ဆက်လက်ဆွေးနွေးကြသည်။

ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် (၁၅)ကြိမ်မြောက် ပုံမှန်အစည်းအဝေး တတိယနေ့ကို ဇန်နဝါရီ ၂၉ ရက်တွင် ဆက်လက် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

အောင်ရဲသွင်၊ အေးအေးသန့်