ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် နဝမ ပုံမှန်အစည်းအဝေး (၁၄) ရက်မြောက်နေ့ ကျင်းပ 

နေပြည်တော်  ၂၈   ဩဂုတ်

 

ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် နဝမပုံမှန်အစည်းအဝေး (၁၄)ရက် မြောက်နေ့ကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ ပြည်ထောင်စုလွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပသည်။

 

ယနေ့အစည်းအဝေးတွင် ဥပဒေကြမ်းနှစ်ခုနှင့် စပ်လျဉ်းသည့် အစီရင်ခံစာများအား လွှတ်တော်သို့ ဖတ်ကြားတင်ပြခြင်းနှင့် မြန်မာနိုင်ငံ ရင်းနှီးမြှပ်နှံမှုကော်မရှင်၏ လုပ်ငန်းဆောင်ရွက်မှု အစီရင်ခံစာနှင့် စပ်လျဉ်း၍ လွှတ်တော်ကိုယ်စားလှယ်များက ဆွေးနွေးခြင်း တို့ ဆောင်ရွက်ကြသည်။

 

အစီရင်ခံစာ၌ ၂၀၁၈-၂၀၁၉ ခုနှစ်၊ အမျိုးသားစီမံကိန်းဥပဒေကြမ်းနှင့် စပ်လျဉ်း၍ လေ့လာ တွေ့ရှိချက်နှင့် သဘောထားမှတ်ချက် အစီရင်ခံစာကို ဥပဒေကြမ်း ပူးပေါင်း ကော်မတီ အတွင်းရေးမှူး ဦးကျော်စိုးလင်းက လွှတ်တော်သို့ ဖတ်ကြားတင်ပြသည်။

 

၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် အမျိုးသားစီမံကိန်း ဥပဒေကြမ်းတွင် နှစ်အလိုက် ဈေးနှုန်းအရ ကဏ္ဍကြီးများအလိုက် ပါဝင်မှုအချိုး၌ လယ်ယာကဏ္ဍကြီးတွင် ၂၁ ဒသမ ၉ ရာခိုင်နှုန်း၊ စက်မှုကဏ္ဍကြီးတွင် ၃၇ ဒသမ ၃ ရာခိုင်နှုန်းနှင့် ဝန်ဆောင်မှု ကဏ္ဍကြီးတွင် ၄၀ ဒသမ ၈ ရာခိုင်နှုန်း အသီသီးဖြစ်ပေါ်ရန် ရည်မှန်းထားကြောင်း ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် အမျိုးသား စီမံကိန်းတွင် နှစ်အလိုက် ဈေးနှုန်းများအရ စုစုပေါင်းထုတ်လုပ်မှု၊ ဝန်ဆောင်မှုနှင့် ကုန်သွယ်မှု တန်ဖိုး ပါဝင်မှုအချိုးကို ထုတ်လုပ်မှုတန်ဖိုးတွင် ၅၉ ဒသမ ၂ ရာခိုင်နှုန်း၊ ဝန်ဆောင်မှုတန်ဖိုးတွင် ၁၉ ဒသမ ၉ရာခိုင်နှုန်းနှင့် ကုန်သွယ်မှုတန်ဖိုးတွင် ၂၀ ဒသမ ၉ ရာခိုင်နှုန်း အသီးသီး ရည်မှန်း ထားကြောင်း ဖော်ပြပါရှိသည်။

 

အဆိုပါ ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်ရှိပါက အမည်စာရင်း တင်သွင်းနိုင်ကြောင်း ကြေညာသည်။

 

ထို့နောက် ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ် ပြည်ထောင်စု၏ ဘဏ္ဍာငွေ အရအသုံး ဆိုင်ရာ ဥပဒေကြမ်းနှင့်စပ်လျဉ်း၍ ဥပဒေဆိုင်ရာနှင့် ရငွေသုံးငွေဆိုင်ရာ လေ့လာတွေ့ရှိချက်နှင့် သဘောထားမှတ်ချက် အစီရင်ခံစာကို ဥပဒေကြမ်းပူးပေါင်း ကော်မတီဒုတိယဥက္ကဋ္ဌ ဦးခင်မောင်ဝင်းနှင့် ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီ ဒုတိယဥက္ကဋ္ဌ ဦးအောင်မင်းတို့က လွှတ်တော်သို့ ဖတ်ကြားတင်ပြကြသည်။

 

ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီ၏ သဘောထားမှတ်ချက်တွင် တင်ဒါလုပ်ငန်းစဉ် များနှင့် လုပ်ငန်းတန်ဖိုးပေးချေမှုတို့တွင် မလိုလားအပ်သော နှောင့်နှေးကြန့်ကြာမှုများ မဖြစ်ပေါ်စေရေးအတွက် ဗဟိုချုပ်ကိုင်မှုကို လျှော့ချပြီး မူဝါဒနှင့် လုပ်ရိုးလုပ်စဉ် Procedure လုပ်ငန်းစဉ်တို့ကို ပိုင်းခြားသတ်မှတ်၍ လုပ်ငန်းစဉ်အဆင့်လိုက်တွင် ပွင့်လင်းမြင်သာမှုရှိပြီး တာဝန်ယူ၊ တာဝန်ခံစနစ်ဖြင့် ဆောင်ရွက်ရန် တိုင်းဒေသကြီးနှင့် ပြည်နယ် အစိုးရအဖွဲ့တို့၏ စီမံခန့်ခွဲမှုဖြင့် ဆောင်ရွက်ရန် လွှဲအပ်ထားသည့် ပြည်ထောင်စု ဘဏ္ဍာရန်ပုံငွေ ခွင့်ပြုချက်ပါ လုပ်ငန်းများနှင့် စပ်လျဉ်း၍ လိုအပ်ပါက ပြည်ထောင်စုဝန်ကြီးဌာနများ၊ တိုင်းဒေသကြီး၊ ပြည်နယ် အစိုးရအဖွဲ့များအကြား ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ခြင်းနှင့် တာဝန်ခွဲခြားသတ်မှတ်ပြီး တာဝန်ယူ၊ တာဝန်ခံစနစ်ဖြင့် ဆောင်ရွက်ရန်။

 

အရှုံးဖြစ်ပေါ်နေသည့် အဖွဲ့အစည်းများကို ပထမအဆင့်အနေဖြင့် အရှုံးလျော့နည်း သက်သာစေနိုင်ရေးနှင့် လေလွင့်ဆုံးရှုံးမှုများ ထိန်းသိမ်းဆောင်ရွက်ရန်၊ ဒုတိယအဆင့်အနေဖြင့် အရှုံးလျော့နည်း သက်သာရာမှ မရှုံးမမြတ် အခြေအနေ ဖြစ်စေရန်၊ လုပ်ငန်းအောင်မြင် အမြတ် ရရှိစေပြီး မိမိကိုယ်ပိုင် ဘဏ္ဍာရန်ပုံငွေဖြင့် ရပ်တည်နိုင်သောအဖွဲ့အစည်း ဖြစ်စေရန်။

 

အမြတ်ရရှိနေသောအဖွဲ့အစည်းများကို မလိုလားအပ်သော လေလွင့်ဆုံးရှုံးမှုများ မဖြစ်ပေါ်စေရန် ထိန်းသိမ်းဆောင်ရွက်ရန်နှင့် ရရှိသော အကျိုးအမြတ်သည် အမှန်တကယ် ရရှိသင့်သော ထိုက်သင့်သည့် အမြတ်ဖြစ်စေရန် ဆောင်ရွက်သင့်ကြောင်း ဖော်ပြပါရှိသည်။ 

 

အဆိုပါ ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စား လှယ်ရှိပါက အမည်စာရင်းတင်သွင်းနိုင်ကြောင်း ကြေညာသည်။

 

ယင်းနောက် မြန်မာနိုင်ငံရင်းနှီးမြှပ်နှံမှုကော်မရှင်၏ ၂၀၁၇ ခုနှစ်၊ ဧပြီလ ၁ ရက်မှ ၂၀၁၈ ခုနှစ်၊ မတ်လ ၃၁ ရက်အထိ ဆောင်ရွက်ခဲ့သော လုပ်ငန်းဆောင်ရွက်မှု အစီရင်ခံစာနှင့် စပ်လျဉ်း၍ လွှတ်တော်ကိုယ်စားလှယ်များက ဆွေးနွေးကြသည်။

 

အုတ်တွင်းမဲဆန္ဒနယ်မှ ဒေါ်ချိုချိုက အစီရင်ခံစာတွင် ဖော်ပြပါရှိသည့် နိုင်ငံခြား ရင်းနှီးမြှပ်နှံမှု၊ မြန်မာနိုင်ငံသား ရင်းနှီးမြှပ်နှံမှုကဏ္ဍတို့တွင် ၂၀၁၆-၁၇ ဘဏ္ဍာရေးနှစ်နှင့် နှိုင်းယှဉ်ပါက နိုင်ငံခြားရင်းနှီးမြှပ်နှံမှု အနေဖြင့် ရင်းနှီးမြှပ်နှံမှု ကဏ္ဍနှင့် လုပ်ငန်းအရေအတွက် တိုးတက်လာသော်လည်း ရင်းနှီးမြှပ်နှံမှုပမာဏမှာ လျော့နည်းသွားပါကြောင်း၊ ပြည်တွင်း ရင်းနှီးမြှပ်နှံမှုတွင် ရင်းနှီးမြှပ်နှံမှု ပြုလုပ်ခဲ့သည့် ကဏ္ဍနှင့် လုပ်ငန်းအရေအတွက် တိုးတက်ရုံ သာမက ရင်းနှီးမြှပ်နှံမှု ပမာဏမှာလည်း သိသိသာသာ တိုးတက်လာသည်ကို တွေ့ရပါကြောင်း။

 

လယ်ယာကဏ္ဍမှ ထွက်ရှိလာသည့် ကုန်ကြမ်းများကို အသုံးပြုပြီး တန်ဖိုးမြှင့် ထုတ်ကုန် Value added ထုတ်လုပ်သည့် စက်ရုံများ၌ နိုင်ငံခြားရင်းနှီးမြှပ်နှံမှုများ စီးဝင်လာမည်ဆိုပါက တိုင်းပြည်စီးပွားရေး တိုးတက်မှုကို အထောက်အကူပြုမည်ဖြစ်ပြီး ကုန်သွယ်ရေး လိုငွေပြမှု လျော့နည်းလာခြင်းနှင့်အတူ နိုင်ငံခြားငွေများလည်း ပိုမိုရရှိလာမည်ဖြစ်ပါကြောင်း ဆွေးနွေးသည်။

 

လှိုင်းဘွဲ့မဲဆန္ဒနယ်မှ ဦးခင်ချိုက ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်တွင် ပြည်ပနှင့် နိုင်ငံသား ရင်းနှီးမြှပ်နှံမှု များအနေဖြင့် အိမ်ယာအဆောက်အဦနှင့်  ဝန်ဆောင်မှုများတွင်သာ ရင်းနှီးမြှပ်နှံကြ သည်ကို တွေ့ရပြီး စိုက်ပျိုးရေး၊ မွေးမြူရေး ကဏ္ဍများတွင် ရင်းနှီးမြှပ်နှံမှု အားနည်းသည်ကို တွေ့ရပါကြောင်း၊ အခြေခံလူတန်းစား အကျိုးစီးပွားများနှင့် တိုက်ရိုက်အကျိုးသက်ရောက်နေသည့် ကဏ္ဍနှစ်ခုတွင် ပိုမိုရင်းနှီးမြှုပ်နှံမှု ပြုလာကြစေရန် နည်းလမ်းရှာဖွေသင့်ပါကြောင်း။

 

နိုင်ငံအတွင်း နိုင်ငံခြားရင်းနှီးမြှပ်နှံမှုများ ဝင်လာရန်မှာ ကျပ်ငွေတန်ဖိုး တည်ငြိမ်ရေး၊ ကျွမ်းကျင်လုပ်သား လွယ်လွယ်ကူကူရရှိရေး၊ မြေနေရာရရှိရေး၊ ဈေးနှုန်းသင့်တင့်ရေး၊ လျှပ်စစ်ဓာတ်အား အပြည့်အဝရရှိရေး၊ အလုပ်ရှင် အလုပ်သမား ပြဿနာနှင့် ဆန္ဒပြမှုများ မကြာခဏ မဖြစ်ပေါ်စေရေး၊ အဂတိလိုက်စား မှုကင်းရှင်းရေး၊ လမ်းပန်းဆက်သွယ်မှု ကောင်းမွန်ရေး၊ နယ်မြေအေးချမ်းတည်ငြိမ်ရေးနှင့် ဒေသတွင်း ငြိမ်းချမ်းသာယာမှုနှင့် တရားဥပဒေ စိုးမိုးမှုရှိရေးတို့သည် ရင်းနှီးမြှပ်နှံ လိုသူများအတွက် အဓိကလိုအပ်ချက်များဖြစ်၍ နိုင်ငံ၏လက်ရှိ အားနည်းချက်များကို ပြုပြင်ဆောင်ရွက်ရန် လိုအပ်ပါကြောင်း ဆွေးနွေးသည်။

 

ကချင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၁)မှ ဒေါက်တာခွန်ဝင်းသောင်းက နိုင်ငံခြား ရင်းနှီးမြှပ်နှံသူများ ပြည်တွင်းဝင်ရောက်မှု နည်းပါးခြင်း၏ အကြောင်းအရင်းမှာ ရင်းနှီးမြှပ်နှံမှု ပြုပြီးနောက်ပိုင်း အကာအကွယ် ရသင့်သလောက်မရခြင်း၊ နေရာတော်တော်များများ ပညာပြမှုများကြောင့် ကြန့်ကြာနှောင့်နှေးမှုများနှင့် ကြုံနေရခြင်းတို့ ပါဝင်နေပါကြောင်း၊ တာဝန်ရှိဌာနများက လိုအပ်သည်ထက် ကြန့်ကြာနေခြင်းကြောင့် ရင်းနှီးမြှပ်နှံကြသူများအတွက် အချိန်နှင့်အမျှ အခက်အခဲများစွာ ကြုံတွေ့နေရသည့်အတွက် နိုင်ငံတော်နှင့် လုပ်ငန်းရှင်များ သာမက ဒေသခံတို့အတွက်ပါ ထိခိုက်နစ်နာမှုများစွာ ဖြစ်ပေါ်နေပါကြောင်း။

 

ရင်းနှီးမြှုပ်နှံမှုအသစ်များ ဝင်ရောက်စေလိုပါက ပြည်တွင်းက ရှိပြီးသားလုပ်ငန်းများကို ပြည့်ဝစွာ တရားမျှတမှုရှိသည့် ယှဉ်ပြိုင်ခွင့်နှင့် အကာအကွယ်များပေးရန် လိုအပ်မည်ဖြစ်ပါ ကြောင်း၊ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်အနေဖြင့် လုပ်ငန်းများ အကောင်အထည် ဖော်ဆောင်ခဲ့ရာတွင် ဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့် ညီညွတ်မှု ရှိ၊ မရှိ ရင်းနှီးမြှပ်နှံ သူများအနေဖြင့် လုပ်ငန်းစီမံချက်ပါ ကတိကဝတ်များကို လိုက်နာဆောင်ရွက်မှုရှိ၊ မရှိတို့ကို စဉ်ဆက်မပြတ် (၁၄၅)ကြိမ်မျှ ကွင်းဆင်းခဲ့သည့်တိုင် လုပ်ငန်းရှင်များ၏ အပြစ်များကို အမှန်တကယ် မတွေ့ရှိခဲ့သည်မှာ စဉ်းစားစရာဖြစ်စေပါကြောင်း၊ မြေပြင်အခြေအနေတွင် ဒေသခံများ၏ တင်ပြချက်၊ ကိုယ်စားလှယ်များကွင်းဆင်း တွေ့ရှိချက်များတွင် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ ဥပဒေကို ရှောင်တိမ်းပြီး လုပ်ဆောင်နေသည့် ရင်းနှီးမြှုပ်နှံမှုများစွာကို တွေ့ရှိခဲ့သည့်အတွက် လိုအပ်နေသည်များ ပြင်ဆင်သင့်သည်များကို MIC အနေဖြင့် ပြင်ဆင်ဖြည့်စွက် ဆက်လက်လုပ်ဆောင်သင့်ပါကြောင်း ဆွေးနွေးသည်။

 

အလားတူ ရခိုင်ပြည်နယ်မဲဆန္ဒနယ်အမှတ်(၁)မှ ဦးဝေစိန်အောင်၊ ဒဂုံမဲဆန္ဒနယ်မှ ဒေါက်တာသက်သက်ခိုင်၊ ဆားလင်းကြီးမဲဆန္ဒနယ်မှ ဦးဝင်းသိန်းဇော်၊ ရန်ကုန်တိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၄)မှ ဦးသန်းစိုး(ခေါ်) သန်းစိုး(ဘောဂဗေဒ)၊ သရက်မဲဆန္ဒနယ်မှ ဦးကံမြင့်၊ မွန်ပြည်နယ်မဲဆန္ဒနယ်အမှတ်(၈)မှ ဦးမျိုးဝင်း၊ ရေဖြူမဲဆန္ဒနယ်မှ ဦးသက်နိုင်ဦး၊ ပဲခူးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၁၁)မှ ဒေါက်တာဝင်းမြင့်၊ ဘူးသီးတောင်မဲဆန္ဒနယ်မှ ဦးအောင်သောင်းရွှေ၊ တနင်္သာရီ တိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၁၂)မှ ဦးခင်မျိုးဝင်း၊ ချောက်မဲဆန္ဒနယ်မှ ဦးဘိုကြီး၊ မကွေးတိုင်း ဒေသကြီးမဲဆန္ဒနယ်အမှတ်(၃)မှ ဦးချစ်ထွေးနှင့် မကွေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၁)မှ ဦးလှဆန်းတို့ကလည်း ဆွေးနွေးကြသည်။

 

ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် နဝမပုံမှန် အစည်းအဝေး (၁၅)ရက် မြောက်နေ့ ကို  ဩဂုတ် ၃၀ ရက်တွင် ဆက်လက်ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

 

မျိုးမြင့်၊ ဟန်လင်းနိုင်