ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် နဝမပုံမှန်အစည်းအဝေး (၁၂) ရက်မြောက်နေ့ကျင်းပ 

နေပြည်တော် ၂၄  သြဂုတ်

 

ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် နဝမပုံမှန်အစည်းအဝေး (၁၂)ရက် မြောက်နေ့ကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ ပြည်ထောင်စုလွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပသည်။

 

ယနေ့အစည်းအဝေးတွင် ဥပဒေကြမ်းတစ်ခု လွှတ်တော်ကမှတ်တမ်းတင်ခြင်း၊ အခွန်အကောက် ဥပဒေကြမ်းစပ်လျဉ်း၍ ပြည်ထောင်စုအဆင့်အဖွဲ့အစည်းဝင်က လွှတ်တော်သို့တင်သွင်းခြင်း၊ အစီရင်ခံစာတစ်ခု ဖတ်ကြားခြင်း၊ မြန်မာနိုင်ငံရင်းနှီးမြှပ် နှံမှုကော်မရှင်၏ လုပ်ငန်းဆောင်ရွက်မှု အစီရင်ခံစာကို လွှတ်တော်သို့ ရှင်းလင်းတင်ပြခြင်း၊ စုပေါင်းပိုင်အဆောက်အအုံဆိုင်ရာ နည်းဥပဒေများနှင့်စပ်လျဉ်း၍ ဆွေးနွေးခြင်းနှင့် အဆုံးအဖြတ်ရယူခြင်းတို့ကို ဆောင်ရွက်ကြသည်။

 

ရှေးဦးစွာ ပြည်ထောင်စုလွှတ်တော်က အတည်ပြုသည်ဟု မှတ်ယူရမည့် မြန်မာနိုင်ငံ ခရီးသွားလာရေးလုပ်ငန်း ဥပဒေကြမ်းကို လွှတ်တော်က မှတ်တမ်းတင်သည်။

 

ထို့နောက် ၂၀၁၈-၂၀၁၉ ခုနှစ်၊ ပြည်ထောင်စု၏ အခွန်အကောက် ဥပေဒေကြမ်းနှင့် စပ်လျဉ်း၍ ပြည်ထောင်စုအစိုးရအဖွဲ့ကိုယ်စား စီမံကိန်းနှင့်ဘဏ္ဍာရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက လွှတ်တော်သို့ ရှင်းလင်းတင်သွင်းသည်။

 

ဥပဒေကြမ်းနှင့်စပ်လျဉ်း၍ ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက ၂၀၁၈-၂၀၁၉ ခုနှစ်၊ ပြည်ထောင်စု၏ အခွန်အကောက်ဥပဒေသည် ဆဋ္ဌမမြောက် နှစ်စဉ်အခွန် အကောက် ဥပဒေဟုဆိုနိုင်ပါကြောင်း၊ အခွန်ဆိုင်ရာ ဥပဒေများသည် နိုင်ငံတော်အတွက် အခွန်ရရှိရေးတစ်ခုတည်းကို ရည်ရွယ်၍ ပြဋ္ဌာန်းခြင်းမဟုတ်ဘဲ နိုင်ငံတော်၏ မေခရိုစီးပွားရေး တည်ငြိမ်မှုနှင့် စဉ်ဆက်မပြတ် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုတို့အတွက် အခြားသောရည် ရွယ်ချက်များပါ ပေါင်းစပ်ပြီး ပြဋ္ဌာန်းဆောင်ရွက်ခြင်း ဖြစ်ပါကြောင်း။

 

၂၀၁၈ ခုနှစ်၊ ပြည်ထောင်စု၏ အခွန်အကောက်ဥပဒေသည် လက်ရှိကျင့်သုံးနေဆဲ ဥပဒေဖြစ်ပြီး ၂၀၁၈ ခုနှစ်၊ စက်တင်ဘာလ ၃၀ ရက်အထိအကျိုးသက် ရောက်မည့် ဥပဒေဖြစ်ပါကြောင်း၊ ယခုတင်ပြသည့် ဥပဒေကြမ်းမှာ ၂၀၁၈ ခုနှစ်၊ အောက်တိုဘာလ ၁ ရက်မှစ၍ အကျိုးသက်ရောက်မည်ဖြစ်ပါကြောင်း၊ ဥပဒေကြမ်း ပြုစုရာတွင် အခွန်ထမ်းပြည်သူများအပေါ် ကြီးမားသောသက်ရောက်မှုများ မဖြစ်စေရေးအတွက် ပြင်ဆင်ဖြည့်စွက်ချက်များ နည်းနိုင်သမျှနည်းစေရန်နှင့် လက်ရှိအခြေအနေနှင့် တတ်နိုင်သမျှ လိုက်လျောညီထွေဖြစ်စေရန် ပြင်ဆင်သင့် ပြင်ဆင်ထိုက်သည့် အခွန်နှုန်းများ၊ ကင်းလွတ်ခွင့်များ၊ သက်သာခွင့်ပြုခြင်းများ ပါဝင်နိုင်ရန် ဆောင်ရွက်ခဲ့ပါကြောင်း။

 

၂၀၁၈-၂၀၁၉ ခုနှစ်၊ ပြည်ထောင်စု၏ အခွန်အကောက်ဥပဒေကြမ်းကို အခွန်ထမ်းများ လိုက်နာမှုလွယ်ကူစေရန် ရည်ရွယ်၍ရေးဆွဲထားပါကြောင်း၊၂၀၁၇ ခုနှစ်၊ ပြည်ထောင်စုလွှတ်တော်က အထူးကုန်စည်ခွန်ကင်းလွတ်ခွင့်ပြုခဲ့သည့် စိန်နှင့်မြ၊ ကုန်သွယ်လုပ်ငန်းခွန်ကင်းလွတ်ခွင့်ပြုခဲ့သည့် ရွှေစင်ရွှေတုံးတို့အား ကင်းလွတ်ခွင့်ရကုန်စည်များစာရင်းတွင် ဆက်လက်ထည့်သွင်း ပြဋ္ဌာန်းထားပါ ကြောင်း။

 

၂၀၁၈-၂၀၁၉ ခုနှစ်၊ ပြည်ထောင်စု၏ အခွန်အကောက်ဥပဒေမူကြမ်းနှင့် စပ်လျဉ်း၍ ထူးခြားချက် (၂) ချက်ရှိပါကြောင်း၊ ပထမအချက်မှာ “အထူးကုန်စည် ခွန်နှုန်းထားများကို တိုးမြှင့်သတ်မှတ်ခြင်း” ဖြစ်ပြီး ဒုတိယအချက်မှာ “ယခင်ကဝင် ငွေခွန်ကင်းလွတ်ခွင့်ပြုပေးထားသော ဝင်ငွေပမာဏအား ပြောင်းလဲ သတ်မှတ်ခြင်း” ဖြစ်ပါကြောင်း၊ ပထမအချက်မှာ ပြည်ထောင်စုအစိုးရအဖွဲ့သည် နိုင်ငံတော်က ချမှတ်ထားသည့် စီးပွားရေးမူဝါဒနှင့် ဘဏ္ဍာရေးမူဝါဒများကို ပိုမိုထိရောက်စွာ ဖော်ဆောင်နိုင်စေရန် အလို့ငှာအချို့သော အထူးကုန်စည်ခွန်နှုန်းထားများကို လက်ရှိ ကောက်ခံလျက်ရှိသည့် နှုန်းထားများအစား ဂျီဒီပီတိုးတက်မှုနှင့် ငွေကြေးဖောင်းပွမှု တိုးနှုန်းတို့ကို အခြေခံ၍ နှုန်းထားအသစ်ဖြင့်အနည်းငယ်တိုးမြှင့်ပြီး ပြောင်းလဲသတ်မှတ်၍ ဆောင်ရွက်မည်ဖြစ်ပါကြောင်း၊ ယင်းသို့ တိုးမြှင့်ကောက်ခံခြင်းအားဖြင့် နိုင်ငံတော်အတွက် ဘဏ္ဍာငွေအထိုက်အလျောက် တိုးမြင့်ရရှိလာနိုင်မည် ဖြစ်ပါကြောင်း။

 

ဒုတိယထူးခြားချက်ယခုအခါ နိုင်ငံတော်က အားပေးဆောင်ရွက်လျက်ရှိသော မူယစ်ဆေးဝါး တိုက်ဖျက်ရေးအတွက် အထူးအကျိုးရှိစေမည့် ပြဋ္ဌာန်းချက် တစ်ခုထည့်သွင်းထားခြင်း ဖြစ်ပါကြောင်း၊ ပြည်သူများ၏ နိုင်ငံသားပီသစွာဆောင်ရွက် မှုကို ချီးမြှင့်သည့်အနေဖြင့် ပေးအပ်သည့် မူးယစ်ဆေးဝါး နှင့်စိတ်ကိုပြောင်းလဲ စေတတ်သောဆေးဝါးများဆိုင်ရာဥပဒေအရ ဖမ်းဆီးရမှုအပေါ် ဆုငွေချီးမြှင့်ခြင်း အစီအစဉ်အရ ယခင်က နှစ်တစ်နှစ်အတွင်း ဆုငွေကို တစ်ကြိမ်တည်း ရရှိခြင်း ဖြစ်စေ၊ အကြိမ်ကြိမ်ရရှိခြင်းဖြစ်စေ ရရှိသည့် စုစုပေါင်းဝင်ငွေအပေါ် အခွန်ကင်းလွတ်ခွင့်ကို ကျပ်သိန်းတစ်ရာတိတိ အထိခွင့်ပြုပေးထားပြီး ယခုအခါတွင် ဖမ်းဆီရမှုအပေါ် ဆုကြေးငွေများ ပိုမိုရရှိလာနိုင်မည်ဖြစ်သဖြင့်  ဝင်ငွေကျပ် သိန်းတစ်ရာ ကန့်သတ်ချက်အား ပယ်ဖျက်ခဲ့ခြင်း ဖြစ်ပါကြောင်း၊ ယခင်ကာလများက ဖမ်းဆီးရမှုအပေါ် ဆုငွေချီးမြှင့်ခြင်းမှရရှိသော ဝင်ငွေသည် ကျပ်သိန်း ၁၀ဝ ထက်ပို မိုရရှိပါက ဝင်ငွေခွန်ထမ်းဆောင်ရမည် ဖြစ်သော်လည်း  ကန့်သတ်ချက်အား ပယ်ဖျက်လိုက်ခြင်းကြောင့် ဆုကြေးမည်မျှပင် ရသည်ဖြစ်စေ ဝင်ငွေခွန် ကင်းလွတ် ခွင့်ရရှိနိုင်မည်ဖြစ်ပါကြောင်း၊ တိုင်ကြားဖမ်းဆီး ပေးသူပြည်သူများအနေဖြင့် လွတ်လပ်စွာ သတင်းပေးတိုင်ကြား နိုင်မည်ဖြစ်ပြီး နိုင်ငံတော်အနေဖြင့်လည်း လူသားမျိုးနွယ် အညွန့်တုံးစေမည့် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေတတ်သော ဆေးဝါးများဖမ်းဆီးမှုကို ပိုမိုဆောင်ရွက်နိုင်မည်ဟု မျှော်လင့်ပါကြောင်း၊ ထို့ပြင်မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေတတ်သော ဆေးဝါးများ ရောင်းဝယ်မှုမှ ရရှိသောငွေသည် တရားမဝင်သော နည်းလမ်းဖြင့်ရရှိ သောငွေကြေးများဖြစ်ပြီး ယင်းငွေကြေးများ စီးပွားရေးနယ်ပယ်အတွင်း ဝင်ရောက်လည်ပတ်လာပါက နိုင်ငံ၏ပုံရိပ်ကို ထိခိုက်နိုင်စေပြီး ဤသို့ပြင်ဆင်ပြဋ္ဌာန်းခြင်း အားဖြင့် နိုင်ငံတော်၏ ပုံရိပ်ကို ကောင်းမွန်စေပြီး စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကိုလည်း တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုနိုင်မည်ဖြစ်ပါကြောင်း လွှတ်တော်သို့ ရှင်းလင်းတင်သွင်းသည်။ 

 

ယင်းနောက် လွှတ်တော်နှစ်ရပ်သဘော ကွဲလွဲသော သစ်တောဥပဒေကြမ်း နှင့်စပ်လျဉ်း၍ ဥပဒေကြမ်းပူးပေါင်းကော်မတီ၏ လေ့လာတွေ့ရှိချက်နှင့် သဘောထားမှတ်ချက်အစီရင်ခံစာကို ဥပဒေကြမ်းပူးပေါင်းကော်မတီဝင် ဒေါ်ကျိန်ငိုက်မန်က ဖတ်ကြားတင်ပြသည်။

 

အဆိုပါဥပဒေကြမ်း၏ သဘောထားကွဲလွဲချက်များနှင့်စပ်လျဉ်း၍ ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်ရှိပါက အမည်စာရင်းတင်သွင်းနိုင်ကြောင်း ကြေညာသည်။

 

ဆက်လက်၍ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ ၂၀၁၇ ခုနှစ်၊ ဧပြီလ ၁ ရက်မှ ၂၀၁၈ ခုနှစ်၊ မတ် ၃၁ ရက်အထိ ဆောင်ရွက်ခဲ့သော လုပ်ငန်းဆောင်ရွက်မှု အစီရင်ခံစာကို မြန်မာနိုင်ငံရင်းနှီးမြှပ်နှံမှုကော်မရှင် ဥက္ကဋ္ဌ ပြည်ထောင်စုအစိုးရ အဖွဲ့ရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီ ဦးသောင်းထွန်းက လွှတ်တော်သို့ ရှင်းလင်း တင်ပြသည်။

 

မြန်မာနိုင်ငံရင်းနှီးမြှပ်နှံမှု ကော်မရှင်ဥက္ကဋ္ဌက မြန်မာနိုင်ငံရင်းနှီးမြှပ်နှံမှု ကော်မရှင်အနေဖြင့် ပြီးခဲ့သည့် ဘဏ္ဍာရေးနှစ်အတွင်း အစည်းအဝေး (၁၆) ကြိမ် ကျင်းပခဲ့ပြီး နိုင်ငံခြားရင်းနှီးမြှပ်နှံမှုလုပ်ငန်းပေါင်း (၂၂၂)ခုနှင့် မြန်မာနိုင်ငံသား ရင်းနှီးမြှပ်နှံမှုလုပ်ငန်း (၁၁၉) ခုကိုခွင့်ပြုခဲ့ပါကြောင်း၊ ရင်းနှီးမြှပ်နှံမှု လုပ်ငန်းများတွင် ခွင့်ပြုခဲ့သည့် ရင်းနှီးမြှပ်နှံမှု လုပ်ငန်းနှင့် ဆောင်ရွက်ဆဲရင်းနှီးမြှပ်နှံမှု လုပ်ငန်းဟူ၍ (၂) မျိုး ရှိပါကြောင်း။

 

၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်အတွင်း၌ နိုင်ငံခြား ရင်းနှီးမြှပ်နှံမှုကဏ္ဍ (၉) ခုတွင် ခွင့်ပြုမိန့်ထုတ်ပေးခဲ့သည့် လုပ်ငန်း (၂၂၂)ခု အတွက်  အမေရိကန်ဒေါ်လာ ၄ ဒသမ ၇၇၈ ဘီလီယံ ဖြစ်ပါကြောင်း၊ ဆောင်ရွက်ဆဲ ရင်းနှီးမြှပ်နှံမှုလုပ်ငန်း(၈၂)ခုက ရင်းနှီးမြှပ်နှံမှု ပမာဏ အမေရိကန်ဒေါ်လာ ဝ ဒသမ ၉၄ ဘီလီယံ တိုးမြှင့်မှုကိုလည်း ခွင့်ပြုခဲ့ပါကြောင်း၊ ခွင့်ပြုခဲ့သည့် လုပ်ငန်းများမှ ကော်မရှင်သို့ (၃) လ တစ်ကြိမ် တင်ပြသည့် အစီရင်ခံစာများအရ အမှန်ဝင်ရောက်သည့် နိုင်ငံခြားရင်းနှီးမြှပ်နှံမှုမှာ အမေရိကန်ဒေါ်လာ ၄ ဒသမ ၃၄၁ ဘီလီယံ ဖြစ်ပါကြောင်း။

 

ကော်မရှင်အနေဖြင့် ဦးစားပေးဆောင်ရွက်မည့် ရင်းနှီးမြှပ်နှံမှု လုပ်ငန်းများကို သတ်မှတ်ကြေငြာခဲ့ခြင်းကြောင့် စက်မှုကဏ္ဍ၊ အိမ်ရာအဆောက်အဦ တည်ဆောက် ဖွံ့ဖြိုးမှုကဏ္ဍနှင့် အခြားဝန်ဆောင်မှုကဏ္ဍများအပြင် လယ်ယာကဏ္ဍတွင်လည်း ရင်းနှီးမြှပ်နှံမှုများ တိုးတက်ခဲ့သည်ကို တွေ့ရှိရပါကြောင်း၊ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ် အတွင်း၌ နိုင်ငံပေါင်း (၂၈) နိုင်ငံမှ ရင်းနှီးမြှပ်နှံမှုများကို ခွင့်ပြုခဲ့ပြီး အများဆုံး ရင်းနှီးမြှပ်နှံကြသည့် နိုင်ငံများမှာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ နယ်သာလန်နိုင်ငံ၊ ဂျပန်နိုင်ငံ၊ ကိုးရီးယားသမ္မတနိုင်ငံ၊ ယူနိုက်တက်ကင်းဒန်းနိုင်ငံနှင့် အမေရိကန် ပြည်ထောင်စုတို့ ဖြစ်ကြပါကြောင်း၊ ၁၉၈၈-၁၉၈၉ ခုနှစ်မှ ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်အထိ မြန်မာနိုင်ငံအတွင်း အများဆုံး ရင်းနှီးမြှပ်နှံခဲ့သည့်နိုင်ငံများမှာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ စင်ကာပူနိုင်ငံနှင့် ထိုင်းနိုင်ငံတို့ ဖြစ်ကြပါကြောင်း။

 

မြန်မာနိုင်ငံသား ရင်းနှီးမြှပ်နှံမှု၌ ရင်းနှီးမြှပ်နှံမှုကဏ္ဍ (၁၁)ခုတွင် လုပ်ငန်းအသစ် (၁၁၉) ခုကို ရင်းနှီးမြှပ်နှံမှုပမာဏ ငွေကျပ် ၃၅၈၂ ဘီလီယံဖြင့် ဆောင်ရွက် ရန်ခွင့်ပြုခဲ့ပါကြောင်း၊ ဆောင်ရွက်ဆဲလုပ်ငန်း (၂၄) ခုက ရင်းနှီးမြှပ်နှံမှုတိုးမြှင့်ရန် ငွေကျပ် ၃၉၅ ဘီလီယံကို ခွင့်ပြုပေးခဲ့ပါကြောင်း၊ သို့ဖြစ်ပါ၍ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်အတွင်း မြန်မာနိုင်ငံသား ရင်းနှီးမြှပ်မှု ပမာဏမှာ စုစုပေါင်း ငွေကျပ် ၃၉၇၈ ဘီလီယံဖြစ်ပါကြောင်း၊ ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ်အတွင်း ရင်းနှီးမြှပ်နှံမှုလုပ်ငန်း ကဏ္ဍ(၁၀)ခု၌ လုပ်ငန်းပေါင်း (၅၁) ခုတွင် ရင်းနှီးမြှပ်နှံမှု ပမာဏမှာ ငွေကျပ် ၁၅၇၂ ဘီလီယံ ခွင့်ပြုခဲ့ပါကြောင်း၊ ထို့ကြောင့် ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်တွင် မြန်မာ နိုင်ငံသား ရင်းနှီးမြှပ်နှံမှု အခြေအနေကို ယခင်ဘဏ္ဍာနှစ်နှင့် နှိုင်းယှဉ်ပါက ရင်းနှီးမြှပ်နှံမှု ပြုလုပ်သည့်ကဏ္ဍနှင့် လုပ်ငန်းအရေအတွက် တိုးတက်ရုံ သာမက ရင်းနှီးမြှပ်နှံမှု ပမာဏမှာ သိသိသာသာ တိုးတက်ခဲ့ပါကြောင်း။

 

နိုင်ငံခြားရင်းနှီးမြှပ်နှံမှုလုပ်ငန်းများမှ အလုပ်အကိုင်နေရာပေါင်း ၉၅၇၀၆ ဦးနှင့် နိုင်ငံသားရင်းနှီးမြှပ်နှံမှု လုပ်ငန်းများမှ ၂၂၁၄၉ ဦးကို အလုပ်အကိုင် ဖန်တီးပေးနိုင်ခဲ့ပါကြောင်း၊ ရင်းနှီးမြှပ်နှံမှု လုပ်ငန်းများ တိုးတက်လာစေရေးအတွက် မြန်မာနိုင်ငံ ရင်းနှီးမြှပ်နှံမှု ကော်မရှင်အနေဖြင့် ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်အတွင်း ပြည်တွင်း၊ ပြည်ပမှအစိုးရနှင့် ပုဂ္ဂလိကအဖွဲ့အစည်းများ၊ စီးပွားရေးလုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေးခြင်း၊ ရင်းနှီးမြှပ်နှံမှုမြှင့်တင်ရေးအစီအစဉ်များ ဆောင်ရွက်ခြင်း၊ တစ်စု တစ်စည်းတည်း အလုံးစုံ ဝန်ဆောင်မှုပေးခြင်း၊ ဆောင်ရွက်သည့်အဖွဲ့ဖွဲ့စည်းခြင်းနှင့် ရင်းနှီးမြှပ်နှံမှု အကူအညီပေးရေး ကော်မတီဖွဲ့စည်းခြင်းတို့ကို ဆောင်ရွက်ခဲ့ပါ ကြောင်း ရှင်းလင်းတင်ပြသည်။

 

အဆိုပါ အစီရင် ခံစာနှင့်စပ်လျဉ်း၍ ဆွေးနွေးလိုသည့် လွှတ်တော် ကိုယ်စားလှယ်ရှိပါက အမည်စာရင်း တင်သွင်းနိုင်ကြောင်း ကြေညာသည်။ 

 

ထို့နောက် လွှတ်တော်နှစ်ရပ်သဘောထားကွဲလွဲသော မြန်မာနိုင်ငံသွားနှင့် ခံတွင်းဆိုင်ရာ ဆေးကောင်စီ  ဥပဒေကြမ်းနှင့်စပ်လျဉ်း၍ တစ်ပိုဒ်ချင်းစီအလိုက် လွှတ်တော်၏ အဆုံးအဖြတ်ရယူရာ လွှတ်တော်က အတည်ပြုကြောင်းဆုံးဖြတ်သည်။

 

ယင်းနောက် လွှတ်တော်နှစ်ရပ်သဘောထားကွဲလွဲသော စုပေါင်းပိုင် အဆောက်အအုံဆိုင်ရာ နည်းဥပဒေများနှင့်စပ်လျဉ်း၍ ဥပဒေကြမ်းပူးပေါင်း ကော်မတီ၏ ပြင်ဆင်ချက်အပေါ်အခြေခံပြီး ကျေးသီမဲဆန္ဒနယ်မှ ဦးစိုင်းအောင်ကျော်၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း) မဲဆန္ဒနယ်မှ ဦးနေကျော်၊ ဝေါမဲဆန္ဒနယ်မှ ဦးတင်ထွေး၊ ပြင်ဦးလွင် မဲဆန္ဒနယ်မှ ဒေါက်တာအောင်ခင်၊ ပေါက်တောမဲဆန္ဒနယ်မှ ဦးအောင်ကျော်ဇံ နှင့် ကော့မှူးမဲဆန္ဒနယ်မှ ဦးကျော်ဆွေဝင်း(ခေါ်)ဦးအာလူးတို့က နည်းဥပဒေ၏ စကားရပ်များအပေါ် ဆွေးနွေးကြပြီး တစ်ပိုဒ်ချင်းစီအလိုက် လွှတ်တော် ၏ အဆုံးအဖြတ်ရယူသည်။

 

ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် နဝမပုံမှန် အစည်းအဝေး (၁၃)ရက် မြောက်နေ့ ကို သြဂုတ် ၂၇ ရက်တွင် ဆက်လက်ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

 

မျိုးမြင့်၊ ဟန်လင်းနိုင်