ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် နဝမပုံမှန်အစည်းအဝေး ၁၃ ရက်မြောက်နေ့ ကျင်းပ 

နေပြည်တော်  ၂၇  သြဂုတ်

 

ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် နဝမပုံမှန်အစည်းအဝေး ၁၃ ရက် မြောက်နေ့ကို ယနေ့ နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ ပြည်ထောင်စုလွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပသည်။

 

အစည်းအဝေးတွင် ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၏ ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ် စစ်ဆေးတွေ့ရှိချက်အစီရင်ခံစာနှင့် စပ်လျဉ်းသည့် ပြည်သူ့ငွေစာရင်းပူးပေါင်းကော်မတီ၏ လေ့လာတွေ့ရှိချက်နှင့် သဘောထားမှတ်ချက် အစီရင်ခံစာအမှတ်စဉ် (၇/၂၀၁၈)ကို လွှတ်တော်ကိုယ်စားလှယ်များက ဆွေးနွေးကြသည်။

 

အုတ်တွင်း မဲဆန္ဒနယ်မှ ဒေါ်ချိုချိုက ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီ၏ လေ့လာတွေ့ရှိချက်နှင့် သဘောထားမှတ်ချက်တွင်ပါဝင်သည့် ဌာနများအနေဖြင့်  စီမံကိန်းများကို တိတိကျကျ အကောင်အထည်မဖော်ဘဲ၊ တင်းကြပ်မှုများလျော့နည်း သည့်အတွက် ပြည်သူ့ဘဏ္ဍာငွေများ လေလွင့်မှုဖြစ်နေရသည့်အကြောင်းများထဲမှ ဘက်ညီစွာ ဆောင်ရွက်နိုင်မှုမရှိခြင်း၊ ကုမ္ပဏီ၏ဆောင်ရွက်ချက်များအပေါ် ထိထိ ရောက်ရောက်စိစစ်ကြီးကြပ်နိုင်သော အဖွဲ့ဖွဲ့စည်းပြီး မူဝါဒနည်းလမ်းများ ချမှတ်ဆောင်ရွက်နိုင်ခြင်းမရှိခြင်းတို့ကြောင့် နိုင်ငံတော်၏ ရသင့်ရထိုက်သော အကျိုးအမြတ်များ ဆုံးရှုံးခဲ့ရသည့် မိမိ၏မဲဆန္ဒနယ်မှ မင်းရဲသီဟိုဠ်ခြံနှင့်စပ်လျဉ်း၍  ဆွေးနွေးလိုပါ ကြောင်း။

 

အုတ်တွင်းမြို့နယ် မင်းရဲသီဟိုဠ်ခြံ ဖက်စပ်ဆောင်ရွက်သည့် လုပ်ငန်းကို စိုက်ပျိုးရေးဦးစီးဌာနနှင့် မြန်မာပလန်တေးရှင်း စင်္ကာပူလီမိတက်တို့ ပူးပေါင်းဆောင် ရွက်ခဲ့ပါကြောင်း၊ စာချုပ်ပါလုပ်ငန်းများကို ဆောင်ရွက်နိုင်ခြင်းမရှိသဖြင့် ၂၀၁၆ -၂၀၁၇ ခုနှစ်တွင် ဧက ၄၅၀ဝ အား ပြန်လည်အပ်နှံခဲ့ပြီး ကျန်ဧက ၂၇၀ဝ အနက် ၁၇၉၄ ဒသမ ၅ ဧကကိုသာ စိုက်ပျိုးနိုင်ပြီး ၉၀၁ ဧကသာ  သီဟိုဠ်စေ့ကောက်ယူသည့်လုပ်ငန်း ဆောင်ရွက်နိုင်ခဲ့သည်ကို တွေ့ရှိရကြောင်းကို ဖော်ပြထားပါကြောင်း၊ စီမံကိန်းကို ၁၉၉၇ ခုနှစ်ကတည်းက စတင်ခဲ့ပြီး ၂၀ဝ၆-၂၀ဝ၇ ပြန်အပ်သည့်အချိန်အထိ မြေဧက ၇၂၀ဝ အပေါ် နိုင်ငံတော်အနေဖြင့်  ဝင်ငွေရမည်ဖြစ်သကဲ့သို့ ရင်းနှီးမြှုပ်နှံမှုအများအပြား လုပ်ထားသော်လည်း မည်သည့်အကျိုးအမြတ်မှမရခဲ့သည်ကို တွေ့ရှိရပြီး အရှုံးများသာ ဖြစ်စေခဲ့ပါကြောင်း။

 

ရင်းနှီးမှုများ အပြည့်အဝမထည့်သည့်လုပ်ငန်းများသည် အောင်မြင်မှုမရှိသကဲ့သို့၊ မအောင်မြင်သည့်လုပ်ငန်းအတွက်လည်း သက်ဆိုင်ရာဦးစီးဌာနမှ လုပ်ငန်းကို စိစစ်သုံးသပ်မှု မပြုလုပ်ခဲ့ကြောင်းကို သိသာစေပါကြောင်း၊ သက်ဆိုင်ရာကုမ္ပဏီနှင့် သက်ဆိုင်ရာဌာနက အပြည့်အဝမလုပ်နိုင်ခြင်းသည် လုပ်ငန်းစတင်ဆောင်ရွက်စဉ်က လျော့ရဲစွာ ဆောင်ရွက်ခဲ့သည်ဟု သုံးသပ်တွေ့ရှိရပါကြောင်း၊ စာချုပ်ပါ စည်းကမ်းအတိုင်းသာ ဆောင်ရွက်နိုင်ခဲ့မည်ဆိုလျှင် သီဟိုဠ်စေ့မျိုးကောင်းမျိုးသန့်များရရှိပြီး နိုင်ငံအတွက် ဝင်ငွေများစွာရရှိမည် ဖြစ်သကဲ့သို့ ဒေသခံပြည်သူများအတွက်လည်း အလုပ်အကိုင် အခွင့်အလမ်းများ များစွာရရှိမည်ဖြစ်ပါကြောင်း၊ ဌာနဝန်ထမ်းများအနေဖြင့်လည်း နည်းပညာများစွာ ရရှိမည်ဖြစ်ပါကြောင်း၊  စိုက်ပျိုးရေးဦးစီးဌာနအနေဖြင့်လည်း သေချာပြန်လည်သုံးသပ်ရန်လိုအပ်ပြီး နိုင်ငံတော်အတွက် ဝင်ငွေရရှိရန် မည်သို့ဆောင်ရွက်သွားမည်ကို အစိုးရသို့ပြန်လည်တင်ပြသင့်ပါကြောင်းအကြံပြု ဆွေးနွေးသည်။

 

ကရင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၇)မှ ဒေါ်နော်ခရစ္စထွန်း (ခေါ်) ဒေါက်တာ အားကာမိုးက စာရင်းစစ်ချုပ်၏ အစီရင်ခံစာတွင် MICA လွှဲပြောင်းရယူခဲ့သည့် လုပ်ငန်း ၆၅ ခု အနက် ၂၃ ခု သာဆောင်ရွက်ခဲ့ပါကြောင်း၊ ယင်း ၂၃ ခုထဲတွင် ၁၆ ခုသည် MICA အနေဖြင့်  စာချုပ်ချုပ်ပြီး ၇ ခုကို ဌာနအနေဖြင့် စာချုပ်ချုပ်ထားသည်ကို ကော်မတီ၏ စိစစ်တွေ့ရှိချက်တွင် ဖော်ပြထားပါကြောင်း၊ ယင်းအတွက် ဌာနနှင့် MICA၏ ရှုပ်ထွေးမှုကို တွေ့ရမည်ဖြစ်ပါကြောင်း၊  တာဝန်ရှိသူများက လှေနံ ၂ ဖက် နင်း နေသယောင် ဖြစ်ပါကြောင်း၊  တာဝန်ရှိသူနှင့် လုပ်ငန်းရှင်ပူးပေါင်းပြီး နိုင်ငံပိုင် စီးပွားရေးလုပ်ငန်းကို လုပ်နေသယောင်ဖြစ်ပါကြောင်း။

 

MICA ဖျက်သိမ်းရေးအစီအစဉ်သည် ယခုအချိန်တွင် တစ်နှစ်ခွဲကြာပြီဖြစ်သည့် အတွက်  နိုင်ငံတော်၏ အရင်းအမြစ်များက လေလွင့်ဆုံးရှုံးနေပါကြောင်း၊ အချိန် ကန့်သတ်မှုမရှိသည့်အတွက် ထိထိရောက်ရောက် အရေးမယူနိုင်ခြင်းဖြစ်နေပါကြောင်း၊ ဖျက်သိမ်းရှင်းလင်းရေးကော်မတီဖွဲ့စည်းသည်မှအစ ကြီးကြပ်မှုအားနည်းသည်ဟု ယူဆပါကြောင်း၊ ထို့ကြောင့် MICA ဖျက်သိမ်းရှင်းလင်းခြင်းနှင့် ရှေ့ဆက်လုပ်ဆောင် မည့်လုပ်ငန်းစဉ်များကို စာရင်းစစ်ချုပ်၏ အကြံပြုချက်အတိုင်း တည်ဆဲဥပဒေ၊ နည်းဥပဒေ၊ ဘဏ္ဍာရေးစည်းမျဉ်း၊ လုပ်ထုံးလုပ်နည်းများနှင့် စနစ်တကျဆက်လက် ဆောင်ရွက်ရန်နှင့် အဂတိတရားမကင်းသော လုပ်ဆောင်မှုများအပေါ် ထိထိရောက် ရောက်အရေးယူနိုင်ရန် ရှိ၊ မရှိနှင့် မည်သို့ အရေးယူဆောင်ရွက်မည်ကို သိလိုပါကြောင်း ဆွေးနွေးသည်။

 

လှိုင်းဘွဲ့ မဲဆန္ဒနယ်မှ ဦးခင်ချိုက  စီမံကိန်းအကောင်အထည်ဖော်မှုအပေါ် လေ့လာကြည့်သည့်အခါ လယ်ယာ၊ စက်မှု၊ ဝန်ဆာင်မှုကဏ္ဍကြီး ၃ ခုလုံး လျာထားချက် မပြည့်သည်ကိုတွေ့ရပါကြောင်း၊ ကဏ္ဍငယ် ၁၄ တွင်  လျှပ်စစ်၊ ငွေကြေး၊ ဝန်ဆောင်မှု၊ ကုန်သွယ်မှု ကဏ္ဍ ၄ ခုသာ လျာထားချက်ပြည့်သည်ကို တွေ့ရှိရ ပါကြောင်း၊ ၂၀၁၅-၂၀၁၆ တွင် ကဏ္ဍငယ် ၉ ခု လျာထားချက်ဖြင့် ဆောင်ရွက်ခဲ့သော ကြောင့် ကဏ္ဍငယ် ၅ ခု လျော့သွားသည်ကို တွေ့ရပါကြောင်း၊ ကဏ္ဍအလိုက် အားနည်းချက်များရှာ၍ ပြုပြင်သင့်ကြောင်းကို အကြံပြုလိုပါကြောင်း။

 

ပို့ကုန်နှင့် သွင်းကုန်ကို လေ့လာကြည့်မည်ဆိုပါက ၂၀၁၅-၂၀၁၆ တွင် ပို့ကုန်၊ သွင်းကုန် ပမာဏ ၂ မျိုးလုံး အနည်းငယ်တိုးလာပြီး ကုန်သွယ်မှုလိုငွေအနေဖြင့် ၂၀၁၅-၂၀၁၆ တွင် အမေရိကန်ဒေါ်လာ ၅၄၄၁ သန်းရှိပြီး ၂၀၁၆-၂၀၁၇ တွင် ၅၂၅၉ ဒသမ ၅ သန်းရှိ၍ အနည်းငယ်လျော့သွားသည်ကို တွေ့ရပြီး ပို့ကုန်မြှင့်တင်နိုင်မှုအနေဖြင့်  ပို့ကုန် ၆ မျိုးတွင် ၅ နှစ်တာကာလအတွင်း သိသိသာသာတိုး၍ မပို့နိုင်သည့်အပြင်  ရေနံထွက်ပစ္စည်းသည် သိသိသာသာကျသွားသည်ကို တွေ့ရပါကြောင်း၊ ပို့ကုန်ကဏ္ဍ သိသိသာသာတိုးလာမှသာ ကုန်သွယ်မှုလိုငွေလျော့ကျလာနိုင်မည်ဖြစ်သောကြောင့်  ဈေးကွက်ရှာဖွေရေး၊ ဈေးကွက်၏ လိုအပ်သည့်ပို့ကုန်ပြည့်ပြည့်ဝ၀ ထုတ်လုပ်တင်ပို့နိုင် ရေးသည် နိုင်ငံပိုင်နှင့် ပုဂ္ဂလိကပိုင် ကဏ္ဍ ၂ ခုလုံး ပူးပေါင်းပါဝင်ဆောင်ရန် လိုအပ်မည်ဟု ယူဆပါကြောင်း။

 

ပြည်နယ်နှင့် တိုင်းဒေသကြီးများကို ထောက်ပံ့ရာတွင် တစ်နှစ်ထက်တစ်နှစ် ပိုတိုးလာသောကြောင့် ၂၀၁၁-၂၀၁၂ ၏ ၁၀ ဆခန့် တိုးလာသည်ကိုတွေ့ရပါကြောင်း၊ ထောက်ပံ့ငွေများ ပြည်နယ်နှင့် တိုင်းဒေသကြီးအားလုံးတွင် ပိုငွေဖြစ်ပေါ်ရန် စုစုပေါင်း ပိုလျှံငွေ ၁၅၄ ဒသမ ၇၆ ဘီလီယံရှိသည်ကို တွေ့ရှိရပါကြောင်း၊ ဆင်းရဲပြီး ဝင်ငွေရှာဖွေရန် ခက်ခဲသည့် ပြည်နယ်များမှလွဲ၍ ကျန်ပြည်နယ်နှင့် တိုင်းဒေသကြီးများအနေဖြင့် မိမိခြေထောက်ပေါ် ရပ်တည်နိုင်အောင်  ကြိုးစားကြခြင်းအားဖြင့်  ပြည်ထောင်စု၏ ဝန်ထုပ်ဝန်ပိုးကို လျှော့ချနိုင်လာမည်ကို အကြံပြုလိုပါကြောင်း ဆွေးနွေးသည်။

 

ချောက် မဲဆန္ဒနယ်မှ ဦးဘိုကြီးက ဝန်ကြီးဌာနအလိုက် အဖွဲ့အစည်းများမှနေ၍  ပြည်ထောင်စုစာရင်းစစ်ချုပ်၏ တွေ့ရှိချက်၊ သုံးသပ်ချက်များအတွက် အားနည်းချက်များအပေါ် အရေးယူဆောင်ရွက်နေမှုနှင့် လိုအပ်ချက်များပြင်ဆင်ဆောင်ရွက်ပြီးစီးမှုများကို ပြည်သူများသိမြင်စေရန် ပြည်ထောင်စုလွှတ်တော်သို့ တင်ပြလိုပါကြောင်း၊ သို့မှသာ ဘဏ္ဍာငွေယိုဖိတ်မှုများ လျော့နည်းသွားမည်ဟု ထင်မြင်မိပါကြောင်း၊  အစီရင်ခံစာတွင် ဝန်ကြီးဌာနများ၏ အဖွဲ့အစည်းအားလုံးအတွက် စစ်ဆေးချက်များကို အပြည့်အစုံစိစစ်ပြီး တင်ပြသင့်ပါကြောင်း၊ ဝန်ကြီးဌာနအဖွဲ့အစည်းများ၏ ပြည်ထောင်စုစာရင်းစစ်ချုပ် နှစ်ချုပ်အစီရင်ခံစာကို ၁ နှစ်လျှင် ၁ ကြိမ်သာ စုပေါင်းအစီရင်ခံစာ အစား အဖွဲ့အစည်းဌာနငယ်များအတွက် ၁ ကြိမ်၊ ဌာနကြီးများကို စုစည်းပြီး ခွဲခြား၍ ၂ ကြိမ် စုစုပေါင်း ၃ ကြိမ် ပြည်ထောင်စုလွှတ်တော်သို့ အစီရင်ခံစာများ တင်ပြပေးရန် အကြံပြုတင်ပြလိုပါကြောင်း။

 

နိုင်ငံတော်ပိုင် စီးပွားရေးအဖွဲ့အစည်းများ၏ အခြားရန်ပုံငွေစာရင်းများ Other Account ဖွင့်လှစ်ဆောင်ရွက်မှုနှင့် ပတ်သက်၍  ပြည်ထောင်စုစာရင်းစစ်ချုပ်၏ အစီရင်ခံစာတွင်  ဘဏ္ဍာငွေစီမံခန့်ခွဲမှုအဆင့်ဆင့်ပြောင်းလဲကျင့်သုံးလာမှုကို စိစစ်ရာ၌ (၂၀၁၆-၂၀၁၇)အထိ အချို့သော သာမန်အသုံးစရိတ်နှင့် ငွေလုံးငွေရင်းအသုံးစရိတ်၊ ကြွေးမြီအသုံးစရိတ်များကို ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေမှ ကျခံနေဆဲဖြစ်သည့်အပြင် အမြတ်ရရှိသော လုပ်ငန်းများမှလည်း လုံးလုံးလျားလျား မိမိကိုယ်တိုင် ဘဏ္ဍာရန်ပုံငွေအဖြစ် ရပ်တည်နိုင်ခြင်းမရှိသေးကြောင်း သုံးသပ်တွေ့ရှိရသည်ဟု ဖော်ပြထားသည်ကို တွေ့ရှိရပါကြောင်း၊ ဝန်ကြီးဌာနအနေဖြင့် မိမိခြေထောက်အပေါ် ရပ်မည်ဆိုသည့် အနေအထားမှ ခိုင်မာကျစ်လစ်သည့် အစိုးရဖြစ်ပေါ်စေရန် Other Account စာရင်းများကို ဖွင့်လှစ်ထားခြင်းအတွက် စဉ်းစားပေးရန် ဆန္ဒရှိသည်ဟု သိရှိရပါကြောင်း၊ ပထမအကြိမ် လွှတ်တော်ကာလအတွင်း ဌာနအချို့မှ ဖျက်သိမ်းရန် ခက်ခဲသည် ဆိုသည့် အကြောင်းပြချက်များကို  ယခု ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် ကို အသေးစိတ်ပြန်လည်တင်ပြစေပြီး လွှတ်တော်ကိုယ်စားလှယ်များ၊ ပညာရှင်များ၊ ပြည်သူများ၏ အသံကိုနားထောင်ပြီး Other Account များကို ဆက်လက်ဖွင့်လှစ် သင့်၊ မသင့် ဆွေးနွေးရန် အကြံပြု ဆွေးနွေးသည်။

 

ကချင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၁)မှ ဒေါက်တာခွန်ဝင်းသောင်းက အစီရင် ခံစာပါ MICA  ဖျက်သိမ်းရေးကိစ္စများနှင့်စပ်လျဉ်း၍ မြန်မာနိုင်ငံတကာပူးပေါင်းဆက် သွယ်ရေးအေဂျင်စီ (MICA)၏ တာဝန်ရှိသူများသည် တင်ဒါအဖွဲ့ဆိုသည်ကို ဟန်ပြဖွဲ့စည်းပြီး ဒါရိုက်တာအဖွဲ့၏ဆုံးဖြတ်ချက်နှင့် လုပ်ငန်းတင်ဒါခေါ်ယူခဲ့ပါကြောင်း၊ MICA ဆောင်ရွက်သည့် လုပ်ငန်း ၁၂ ခု စာချုပ်ချုပ်ဆိုရာတွင် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ဥပဒေပုဒ်မ ၁၅(ဂ) ပုဒ်မ ၃၆၊ ၃၇ တို့ကို လိုက်နာမှုမရှိခြင်း၊ မြေငှားရမ်းနှုန်းထားများ နည်းပါးလွန်းနေခြင်း မြေငှားရမ်းခြင်းနှင့်ပတ်သက်၍ ဥပဒေနှင့်အညီ MICA ထံသို့ တင်ပြမထားခြင်း  စသည့် အားနည်းချက်များစွာနှင့် စပ်လျဉ်း၍  ပြည်ထောင်စုစာရင်း စစ်ချုပ်၏ အကြံပြုချက်များအပြင် ဥပဒေအရ အရေးယူထိုက်သည်ကို ထိရောက်စွာ အရေးယူသင့်ကြောင်း တိုက်တွန်းတင်ပြလိုပါကြောင်း။

 

First Golden Dragon Construction Coltd နှင့်  ပတ်သက်၍ ရန်ကုန်စည်ပင် (YCDC) ကော်မတီအနေဖြင့် ခွင့်ပြုမိန့်ကို လျင်မြန်စွာ ချပေးခြင်းဖြင့် လုပ်ငန်းပိုင်ရှင်၊ နိုင်ငံတော်နှင့် မှီခိုလုပ်သားများ အကျိုးပိုမိုရှိနိုင်ကြောင်း အကြံပြုတင်ပြလိုပါကြောင်း၊ ပြည်ထဲရေးလက်အောက် မြန်မာဘင်္ဂလားဒေ့ရှ် နယ်စပ်ခြံစည်းရိုးကာရံခြင်းလုပ်ငန်းနှင့် ပတ်သက်၍ ပြည်ထောင်စုစာရင်းချုပ်ရုံးမှ အကြံပြုသကဲ့သို့ နယ်စပ်ခြံစည်းရိုးကာရံခြင်း ကိစ္စသည် နိုင်ငံတော်လုံခြုံရေး၊ တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးတို့အတွက် အရေးတကြီးဂရုစိုက်သင့်ပါကြောင်း၊ မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ်သာမက မြန်မာ-တရုတ်၊ မြန်မာ-ထိုင်း တို့ကိုလည်း  အာရုံစိုက်အလေးပေးသင့်ပါကြောင်း၊ မောင်တောဂိတ်တဖက်မှ ထူးခြားဖြစ်စဉ်ကို တာဝန်ရှိဝန်ကြီးဌာနအနေဖြင့် စူးစမ်းလေ့လာမှု ပြုလုပ်သင့်ပါကြောင်း ဆွေးနွေးသည်။

 

အဆိုပါ အစီရင်ခံစာ အမှတ်စဉ်(၇/၂၀၁၈)နှင့်စပ်လျဉ်း၍ ရန်ကုန်တိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၁၂)မှ ဦးကျော်နိုင်၊ ကျောက်တံတား မဲဆန္ဒနယ်မှ နေမျိုးထက်၊ ပဲခူးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၃)မှ ဒေါ်ရွှေရွှေစိန်လတ်၊  ပြင်ဦးလွင် မဲဆန္ဒနယ် မှ ဒေါက်တာအောင်ခင်၊ မော်လိုက်မဲဆန္ဒနယ်မှ ဒေါ်ချိုချိုဝင်း၊ မကွေးတိုင်းဒေသကြီး မဲဆန္ဒနယ်အနမှတ်(၂)မှ ဦးခင်ဝင်း၊ ဒက္ခိဏသီရိ မဲဆန္ဒနယ်မှ ဦးသန့်ဇင်ထွန်း၊  ကျောက်ပန်းတောင်း မဲဆန္ဒနယ်မှ ဦးရွှေကို၊  တနင်္သာရီတိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ်(၇)မှ ဦးဇော်ဟိန်း၊ ဆော မဲဆန္ဒနယ်မှ ဦးကျော်တင်၊ မန္တလေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၂)မှ ဦးထွန်းထွန်းဦး၊ သရက်မဲဆန္ဒနယ်မှ ဦးကံမြင့်၊ မအူပင် မဲဆန္ဒနယ်မှ ဦးစိန်ဝင်း၊ မန္တလေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၇)မှ ဦးကျော်တုတ်၊  မံစီမဲဆန္ဒနယ်မှ ဦးချင်းဖေလင်း၊  မန္တလေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ် (၆)မှ ဒေါက်တာဦးကြွယ်ကြွယ်၊ မင်းဘူး မဲဆန္ဒနယ်မှ ဦးဝင်းဝင်း၊ ရန်ကုန်တိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၆)မှ ဒေါက်တာမောင်မောင်၊  ညောင်ဦးမဲဆန္ဒနယ်မှ ဦးစော၊ ရခိုင် ပြည်နယ် မဲဆန္ဒနယ်အမှတ်(၅)မှ ဦးမြင့်နိုင်၊ စဉ့်ကူးမဲဆန္ဒနယ်မှ ဒေါက်တာဇော်ဝင်းမြင့်၊ စေတုတ္ထရာ မဲဆန္ဒနယ်မှ ဦးကျော်အောင်လွင်၊ မန္တလေးတိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ်(၁၀)မှ ဦးကျော်မြင့်ဦး၊ ပွင့်ဖြူမဲဆန္ဒနယ်မှ ဦးထွန်းထွန်း၊  ပုဏ္ဏားကျွန်းမဲဆန္ဒနယ် မှ ဦးဦးထွန်းမောင်၊ ပုလဲမဲဆန္ဒနယ်မှ ဒေါ်ခင်စန်းလှိုင်၊ တနင်္သာရီတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၈)မှ ဦးဥက္ကာမင်း၊ ရန်ကုန်တိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၅)မှ ဦးဘမျိုးသိန်း၊ ဆင်ပေါင်ဝဲမဲဆန္ဒနယ်မှ ဦးနေထက်ဝင်းနှင့် သီပေါမဲဆန္ဒနယ်မှ ဦးစိုင်းသန့်ဇင်တို့က ဆက်လက်ဆွေးနွေးကြသည်။

 

ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် နဝမပုံမှန်အစည်းအဝေး ၁၄ ရက်မြောက်နေ့ကို သြဂုတ် ၂၈ ရက်တွင် ဆက်လက်ကျင်းပမည်ဖြစ်ကြောင်း သိရသည်။

 

အေးအေးသန့်(သတင်းစဉ်)