ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် နဝမပုံမှန်အစည်းအဝေး (၁၆)ရက်မြောက်နေ့ကျင်းပ

နေပြည်တော် ၃ စက်တင်ဘာ

 

ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် နဝမပုံမှန်အစည်းအဝေး (၁၆)ရက်မြောက်နေ့ကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ ပြည်ထောင်စု လွှတ်တော်အစည်းအဝေးခန်းမ၌ ကျင်းပသည်။

 

ယနေ့အစည်းအဝေးတွင် အစီရင်ခံစာနှစ်ခု ဖတ်ကြားခြင်းနှင့် ၂၀၁၈-၂၀၁၉ ခုနှစ် အမျိုးသား စီမံကိန်းဥပဒေကြမ်းနှင့် ပြည်ထောင်စု၏ ဘဏ္ဍာငွေ အရအသုံးဆိုင်ရာ ဥပဒေကြမ်းတို့၏ မူနှင့်အခြေခံသဘောများ၊ စီမံကိန်းလုပ်ငန်းများ၊ ရငွေသုံးငွေများနှင့် စပ်လျဉ်း၍ ဆွေးနွေးခြင်းတို့ကို ဆောင်ရွက်ကြသည်။

 

ရှေးဦးစွာ နိုင်ငံတော်သမ္မတထံမှ သဘောထားမှတ်ချက်ဖြင့် ပြန်လည်ပေးပို့လာသော မြေလွတ်၊ မြေလပ်နှင့်မြေရိုင်းများ စီမံခန့်ခွဲရေးဥပဒေကို ပြင်ဆင်သည့်ဥပဒေကြမ်းနှင့်စပ်လျဉ်း၍ ဥပဒေကြမ်း ပူးပေါင်းကော်မတီ၏ လေ့လာတွေ့ရှိချက်နှင့် သဘောထားမှတ်ချက် အစီရင်ခံစာကို ကော်မတီဝင် ဦးနေမျိုးထွန်းက လွှတ်တော်သို့ ဖတ်ကြားတင်ပြသည်။

 

အစီရင်ခံစာတွင် မြေလွတ်၊ မြေလပ်နှင့်မြေရိုင်းများ စီမံခန့်ခွဲရေးဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းအား ပြည်ထောင်စု လွှတ်တော်က ၂၀၁၈ ခုနှစ် သြဂုတ် ၁၅ ရက်တွင် အတည်ပြုခဲ့ပြီး နိုင်ငံတော်သမ္မတထံသို့ ပေးပို့ခဲ့ပါကြောင်း၊ နိုင်ငံတော်သမ္မတက သဘောထားမှတ်ချက် ခုနစ်ချက်ဖြင့် ၂၀၁၈ ခုနှစ် သြဂုတ် ၂၈  ရက်တွင် ပြန်လည်ပေးပို့လာပါကြောင်း၊ ဥပဒေကြမ်းပူးပေါင်းကော်မတီအနေဖြင့် နိုင်ငံတော်သမ္မတ၏ သဘောထားမှတ်ချက်နှင့်အညီ ပြင်ဆင်ပြဋ္ဌာန်းသင့်သည်ကို လေ့လာတွေ့ရှိရပါကြောင်း ဖော်ပြပါရှိသည်။

 

ယင်းဥပဒေကြမ်းနှင့်စပ်လျဉ်း၍ ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များရှိပါက အမည်စာရင်းတင်သွင်းနိုင်ကြောင်း လွှတ်တော်ကြေညာသည်။

 

 

ယင်းနောက် ပြည်ထောင်စုအစိုးရအဖွဲ့ကပေးပို့သော ပြည်သူ့ကြွေးမြီစီမံခန့်ခွဲမှုဥပဒေကို ပြင်ဆင်သည့်ဥပဒေ(မူကြမ်း)နှင့် စပ်လျဉ်းပြီး ပြည်ထောင်စုအစိုးရအဖွဲ့ကိုယ်စား စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက လွတ်တော်သို့ တင်သွင်းသည်။

 

ဒုတိယဝန်ကြီးက လွှတ်တော်သို့တင်သွင်းရာတွင် ပြည်သူ့ကြွေးမြီစီမံခန့်ခွဲမှုဥပဒေကို ၂၀၁၆ ခုနှစ်တွင် အတည်ပြုပြဋ္ဌာန်းခဲ့ပါကြောင်း၊ မြန်မာနိုင်ငံ၏ ဘဏ္ဍာရေးနှစ်ကို ဧပြီလ ၁ ရက်မှ မတ်လ ၃၁ အထိ သတ်မှတ်ဆောင်ရွက်လျက်ရှိရာမှာ အောက်တိုဘာလ ၁ ရက်မှ စက်တင်ဘာလ ၃၀ ရက်အထိ ပြောင်းလဲသတ်မှတ်၍ ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်မှ စတင်ဆောင်ရွက်ရန် ပြည်ထောင်စုအစိုးရအဖွဲ့က အတည်ပြုခဲ့ပါကြောင်း။

 

ယင်းသို့ ဘဏ္ဍာရေးနှစ်ပြောင်းလဲခြင်းကြောင့် ၂၀၁၆ ခုနှစ် ပြည်ထောင်စုလွှတ်တော် ဥပဒေအမှတ် ၂ ဖြင့် ထုတ်ပြန်ပြဋ္ဌာန်းခဲ့သည့် ပြည်သူ့ကြွေးမြီစီမံခန့်ခွဲမှုဥပဒေပါ အခန်း(၁)၊ ပုဒ်မ ၂၊ ပုဒ်မခွဲ ဇ ကို “ဘဏ္ဍာရေးနှစ်ဆိုသည်မှာ နှစ်တစ်နှစ်၏ အောက်တိုဘာလ ၁ ရက်တွင်စ၍ နောက်နှစ် စက်တင်ဘာလ ၃၀ ရက်တွင် ပြီးဆုံးသော ကာလအပိုင်းအခြားကို ဆိုသည်”ဟု အစားထိုးရမည်ဖြစ်ပါကြောင်း၊ ပြည်သူ့ကြွေးမြီ စီမံခန့်ခွဲမှုဥပဒေတွင် ဖော်ပြထားသော “ဘဏ္ဍာရေးဝန်ကြီးဌာန” ဆိုသည့် စကားရပ်ကို “စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန” ဆိုသည့် စကားရပ်ဖြင့် အစားထိုးပြင်ဆင်မည်ဖြစ်ပါကြောင်း တင်ပြသည်။

 

ယင်းဥပဒေကြမ်းနှင့်စပ်လျဉ်းပြီး ဥပဒေကြမ်းပူးပေါင်းကော်မတီ၏ လေ့လာတွေ့ရှိချက်နှင့် သဘောထားမှတ်ချက် အစီရင်ခံစာကို ကော်မတီဝင် ဦးစတီဖန်က ဖတ်ကြားတင်ပြသည်။

 

ယင်းဥပဒေကြမ်းနှင့်စပ်လျဉ်း၍ ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များရှိပါက အမည်စာရင်းတင်သွင်းနိုင်ကြောင်း ကြေညာသည်။

 

 

ထို့နောက် ၂၀၁၈-၂၀၁၉ ခုနှစ် အမျိုးသားစီမံကိန်းဥပဒေကြမ်းနှင့် ပြည်ထောင်စု၏ ဘဏ္ဍာငွေ အရအသုံးဆိုင်ရာ ဥပဒေကြမ်းတို့၏ မူနှင့်အခြေခံသဘောများ၊ စီမံကိန်းလုပ်ငန်းများ၊ ရငွေသုံးငွေများနှင့်စပ်လျဉ်း၍ လွှတ်တော်ကိုယ်စားလှယ်များက ဆွေးနွေးကြသည်။

 

ဂန့်ဂေါမဲဆန္ဒနယ်မှဒေါ်ယဉ်မင်းလှိုင်က မြစ်သာရေလှောင်တမံ စီမံကိန်းသည် ၂၀ဝ၂ ခုနှစ်တွင် စီမံကိန်း ကုန်ကျစရိတ် ခန့်မှန်းခြေတန်ဖိုး ၅၅ ဒသမ ၁၈၂ ဘီလီယံနှင့် လုပ်ငန်းစတင်ခဲ့ခြင်း ဖြစ်ပါကြောင်း၊ ၂၀ဝ၉-၂၀၁၀ တွင် စီမံကိန်းတန်ဖိုးကို နှစ်ဆကျော်တိုးပြီး ၁၂၂ ဒသမ ၈၅၁ ဘီလီယံအထိ တိုးမြှင့်ပြင်ဆင်ခဲ့ပါကြောင်း၊ ၂၀၁၂-၂၀၁၃ တွင် နှစ်ဆကျော်ထပ်တိုးပြီး ၂၇၁ ဒသမ ၂၅၅ ဘီလီယံသို့ ပြင်ဆင်ခဲ့ပါကြောင်း၊ ၂၀၁၇-၂၀၁၈ တွင် ၃၀၄ ဘီလီယံသို့ ထပ်မံပြင်ဆင်ခဲ့ပါကြောင်း၊ ၂၀ဝ၂ ခုနှစ်နှင့် ၂၀ဝ၉ ခုနှစ်အကြား ၇ နှစ်ကြာမြင့်ခဲ့သည်အတွက် ခန့်မှန်းကုန်ကျစရိတ် ၂ ဆကျော်တိုးသည်ကို လက်ခံနိုင်ဖွယ်ရာ ရှိပါကြောင်း၊ သို့သော်လည်း ၂၀ဝ၉ နှင့် ၂၀၁၂ နှင့် ၂၀၁၇ အကြား နှစ်ဆကျော် တိုးမြှင့်ပြင်ဆင်ခြင်းသည် အလွန်မသင့်လျော်သည့် ကိစ္စများဖြစ်ပါကြောင်း၊ ၂၀၁၆-၂၀၁၇ တွင် နောက်ဆုံးကျန်ရှိငွေ ၂၃ ဘီလီယံ  ကိုလည်း ခွင့်ပြုပေးခဲ့ပြီး ဖြစ်ပါကြောင်း။

 

မြစ်သာတမံတွင် ၂၀၁၆-၂၀၁၇ အထိ ခန့်မှန်းငွေကျပ် ၂၇၁ ဒသမ ၂ ဘီလီယံတွင် မမျှော်မှန်းနိုင်သည့် ကုန်ကျစရိတ်မှာ ကျပ်သန်းပေါင်း ၂၉၂၀ ကျော်(၃ဘီလီယံ)နီးပါး တွက်ချက်ထားသည်ကို တွေ့ရှိရပါကြောင်း၊ အဆိုပါငွေမှာ မြစ်ကူးတံတားတစ်စင်း တည်ဆောက်၍ရပါကြောင်း၊ ယခုကဲ့သို့ ခန့်မှန်းတွက်ချက်စရိတ်ကို အကြိမ်ကြိမ်တိုးမြှင့် ပြင်ဆင်ခဲ့သည့် ဆည်မြောင်းတာတမံ တည်ဆောက်သည့် လုပ်ငန်းများမှာ ဌာန၏ အင်ဂျင်နီယာများက ကိုယ်တိုင်တွက်ချက်၊ ကိုယ်တိုင်ပုံစံထုတ်၊ ကိုယ်တိုင်ပစ္စည်းဝယ်ယူ၊ ကိုယ်တိုင် လုပ်ငန်းဆောင်ရွက်ကြသည် ဖြစ်သည့်အတွက် အနီးစပ်ဆုံးမှန်ကန်သည့် ကုန်ကျစရိတ်ကို ခန့်မှန်းတွက်ချက်နိုင်ရမည် ဖြစ်ပါကြောင်း၊ စာရင်းမကြာခဏ ပြောင်းလဲနေခြင်းသည် သင့်လျော်မှု ရှိ၊ မရှိ ဝေဖန်ဆန်းစစ်ကြစေလိုပါကြောင်း ဆွေးနွေးသည်။

 

ဆိပ်ကြီး/ခနောင်တိုမဲဆန္ဒနယ်မှ ဦးတင်ထွန်းနိုင်က စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန တစ်ခုလုံး၏ နှစ်စဉ်ဘတ်ဂျက် ၅၀ ရာခိုင်နှုန်းကျော်သည် ဆည်မြောင်းဦးစီးဌာန၏ အသုံးစရိတ်ဖြစ်နေပြီး ဆည်အသစ်များ ဆောက်ခြင်း၊ ဆည်မြောင်း အခြေခံ ပင်မအဆောက်အဦ တည်ဆောက်ရေးများတွင် အဓိကထားသုံးစွဲနေပါကြောင်း၊ ဖြူးချောင်းရေလှောင်တမံနှင့် စပ်လျဉ်း၍ စီမံကိန်းစီစစ်ရေးနှင့် တိုးတက်မှု အစီရင်ခံရေးဦးစီးဌာန၏ စိစစ်သုံးသပ်မှုများကို လေ့လာကြည့်ပါက မျှော်မှန်းစိုက်ဧက တိုးတက်မှုနှင့် လုပ်ငန်းပြီးစီးမှု ဆီလျော်ဆက်စပ်မှု အားနည်းခြင်း၊ စုစုပေါင်းသီးနှံထွက်ကုန် တန်းဖိုးများကို ကာလပေါက်ဈေးထက်များစွာ ကျော်လွန်တွက်ချက်ထားခြင်း၊ အကျိုးအမြတ် ပြန်ရနှုန်း တွက်ချက်မှုတွင်လည်း လက်တွေ့နှင့် ကွာဟချက်ကြီးမားနေတာ၊ မလိုအပ်သည့် အသုံးစရိတ် များကို ထပ်ခါထပ်ခါ တောင်းခံထားခြင်း စသည့် အချက်များစွာရှိနေသည်ကို ဖော်ပြထားပါကြောင်း၊ တွေ့ရှိချက်များသည် ကမ္ဘာ့ဘဏ် အစီရင်ခံစာတွင် ပါရှိသည့် ငွေကုန်ပြီး ထင်သလောက် အကျိုးမရှိသည့် သုံးစွဲမှုများ ဖြစ်နေသည်ဆိုသည်ကို ဝန်ကြီးဌာနအနေဖြင့် ပြန်လည်သုံးသပ်ဆန်းစစ်ရန်  လိုအပ်နေပြီဖြစ်ပါကြောင်း ဆွေးနွေးသည်။

 

အုတ်တွင်းမဲဆန္ဒနယ်မှ ဒေါ်ချိုချိုက ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင် စုပေါင်းရင်းနှီးမြှုပ်နှံမှု၏ ၂၅ ရာခိုင်နှုန်းကျော်ကို နိုင်ငံပိုင်အခန်းကဏ္ဍမှ ရင်းနှီးမြှုပ်နှံရန်နှင့် ၇၄ ဒသမ ၅၇ ရာခိုင်နှုန်းကို ပုဂ္ဂလိကပိုင် အခန်းကဏ္ဍမှ ရင်းနှီးမြှုပ်နှံရန် လျာထားသည်ကို တွေ့ရပါကြောင်း၊ ပုဂ္ဂလိကပိုင်အခန်းမှ ရင်းနှီးမြှုပ်နှံရန် လျာထားသည့် ၇၄ ဒသမ ၅၇ ရာခိုင်နှုန်းအတွက် စီမံကိန်းရည်မှန်းချက်အတိုင်း ရင်းနှီးမြှုပ်နှံလာစေရန် အစိုးရက အစီအစဉ်များချမှတ်ကာ ဘဏ္ဍာရေးမူဝါဒ၊ ငွေကြေးမူဝါဒ၊ နိုင်ငံခြားငွေလဲနှုန်းမူဝါဒ၊ ကုန်သွယ်ရေးမူဝါဒ၊ ရင်းနှီးမြှုပ်နှံမှု မူဝါဒများဖြင့် ဆောင်ရွက်မည့် အစီအစဉ်များကို တိကျစွာ ချမှတ်ရန်လိုအပ်ပါကြောင်း။

 

လယ်ယာကဏ္ဍတွင် ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်၏ နှစ်ကုန်ခန့်မှန်းခြေထက် စုစုပေါင်း စိုက်ဧက ၈၁၈၄၈၄ (စုစုပေါင်းစိုက်ဧက၏ ၁ ဒသမ ၆ ရာခိုင်နှုန်း) လျှော့ချစိုက်ပျိုးရန် ရည်မှန်းထားသည်ဟု ဖော်ပြထားသော်လည်း လျှော့ချစိုက်ပျိုးမည့်သီးနှံနှင့် လျော့ချရန် ရည်မှန်းရခြင်း၏ အကြောင်းအား ဖော်ပြထားသည် မတွေ့ရပါကြောင်း ဆွေးနွေး သည်။

 

ထို့အတူ မင်းလှမဲဆန္ဒနယ်မှ ဒေါက်တာသန်းအောင်စိုး၊ ပုလဲမဲဆန္ဒနယ်မှ ဒေါ်ခင်စန်းလှိုင်၊ ကျိုက်လတ်မဲဆန္ဒနယ်မှ ဦးရန်လင်း၊ သီပေါမဲဆန္ဒနယ်မှ ဦးစိုင်းသန့်ဇင်၊ ကျုံပျော်မဲဆန္ဒနယ်မှ ဦးစိုးအောင်နိုင်၊ ဧရာဝတီတိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ်(၇)မှ ဒေါက်တာပြည့်ဖြိုး၊ ဘုတလင်မဲဆန္ဒနယ်မှ ဦးမြင့်ဟန်ထွန်း၊ သိန္နီမဲဆန္ဒနယ်မှ ဦးစိုင်းဦးခမ်း၊ မွန်ပြည်နယ်မဲဆန္ဒနယ် အမှတ်(၈)မှ ဦးမျိုးဝင်း၊ လေးမျက်နှာမဲဆန္ဒနယ်မှ ဦးဇော်မင်းသိန်း၊ ရန်ကုန်တိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၆)မှ ဒေါက်တာမောင်မောင်၊ မြို့သစ်မဲဆန္ဒနယ်မှ ဦးသာအောင်၊ လှိုင်မဲဆန္ဒနယ်မှ ဦးအောင်ကျော်ကျော်ဦး၊ ပြင်ဦးလွင်မဲဆန္ဒနယ်မှ ဒေါက်တာအောင်ခင်၊ မိုင်းပျဉ်းမဲဆန္ဒနယ်မှ ဦးစိုင်းထွန်းစိန်၊ ရှမ်းပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၁)မှ ဦးကျော်နီနိုင်၊ လွိုင်လင်မဲဆန္ဒနယ်မှ ဦးခင်မောင်သီ၊ ကျောက်ပန်းတောင်းမဲဆန္ဒနယ်မှ ဦးရွှေကို၊ ရန်ကုန်တိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၄)မှ ဦးသန်းစိုးနှင့် မိုးညိုမဲဆန္ဒနယ်မှ ဦးကျော်မျိုးမင်းတို့က ဆွေးနွေးကြသည်။

 

ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် နဝမပုံမှန် အစည်းအဝေး (၁၇)ရက် မြောက်နေ့ကို စက်တင်ဘာ ၄ ရက်တွင် ဆက်လက်ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

 

မျိုးမြင့်၊ ဟန်လင်းနိုင်(သတင်းစဉ်)